>Translated by May Ka on "Twilight over Burma by Inge Sargent " # 7

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၇
မေခ
ဧပြီ  ၂၁၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
ထိုနေ့သည် မတ်လ၂၂နေ့ ဖြစ်သည်။ တပေါင်းလပြည့် မတိုင်မှီတရက်အလိုလည်းဖြစ်လေသည်။ စ၀်နှင့် သုစန္ဒာသည် မိန်းတိုင်းနယ်၏ အကြီးဆုံးပွဲတော်သို့ သွားနေကြသည်။ ထိုပွဲသည် မူထွီ စေတီအနီးတွင်ရှိပြီး နမ့်ပန်းအနောက်ဘက် ၆မိုင်အကွာ   မန္တလေးသို့သွားသော ကားလမ်းပေါ်တွင်ရှိလေသည်။ဗမာလမ်းမကြီးကို ချဲ့ထားသော တလမ်းသွား လမ်းမပေါ်တွင် မာစီဒီးကားကို ဇင်န ကမောင်းနေသည်။ ကျဉ်းမြောင်းသေးသွယ်သောလမ်းပေါ်တွင် ယာဉ်များကို အလွယ်တကူမောင်းနှင်၍ မရချေ။ အခုမတော့ ယာဉ်ပေါင်းစုံနှင့် လူစီးကြောင်းထောင်သောင်းသည် အကြီးကျယ်ဆုံးပွဲဆီသို့ ဦးတည်လျက် အိပ်မက်မက်နေသလို သွားနေကြလေသည်။
မူထွီပွဲ …
သုစန္ဒာမှာ စိတ်တွေလှုပ်ရှား ပျော်ရွှင်နေမိတော့သည်။သူမဘေးတွင်နေကြသော လူတိုင်းသည် ဤပွဲတော်ကို လပေါင်းများစွာကပင် မျှော်တွေး စောင့်စားနေခဲ့ကြလေသည်။ သူမ၏အထိန်းတော် မွိုင်းသည်သူမအတွက် ရွှေရောင်ဘရိုကိတ်လုံချည် ၊ အဖြူရောင်ပိုးအင်္ကျီံ ၊ နှင့် ရွှေကွပ်ထားသော ပတ္တမြားကြယ်သီး၅လုံး ၊ လက်စွပ် လက်ကောက် တို့ကို ၀တ်ဆင်ဖို့ ပြင်ဆင်ပေးထားသည်။ သူမ၏ဒူးထိနေသော ကေသာရွှေဖယောင်းကို တိုင်းယိုင်ကြိုးဖြင့် ပျော့အောင်စည်းသည်။ ထိုဆံစပုံ့ပုံ့ပေါ်တွင် စံပယ်တထွေးပန်ဆင်လေသည်။မွိုင်းသည် သူမကိုပြင်ဆင်ပေးပြီး နောက်ဆုံးသေချာကြည့်သည်။
ထို့နောက် ‘ မဟာဒေ၀ီမဘုရား ကလေ ကြာလေကြာလေ မိန်းတိုင်းမှာမွေးတဲ့ တိုင်းယိုင်မနဲ့တူတူလာလေပဲ ‘ ဟု သဘောကျစွာဝမ်းသာအားရပြောလေသည်။ ပြီးနောက် သူမထပ်ကြည့်လိုက်ပြီး ‘ မဟာဒေ၀ီမဘုရား   အရပ်က လက်မနည်းနည်း ပို နိမ့်နေရင်ပေါ့ ‘ ဟု ဆက်ဆိုလေသည်။
            မောင်ကကျမတ၀က်လောက် ဒီပွဲကိုစောင့်မျှော်နေတာမျိုး ကျမ မောင့်ကိုဖြစ်စေချင်တာ ‘သုစန္ဒာက စ၀်ကိုပြောလိုက်သည်။
သူက သူမကို ပြုံးပြီး သူမလက်ကို သာသာလေးညှစ်လိုက်သည်။ ပြီးမှ ပြောသည် ။
   မောင် ဒီပွဲကိုဘယ်လောက်တောင် ခံစားရလဲ သိလား မောင်ကလေ အားလုံးနဲ့ ခပ်ဝေးဝေးမှာနေလိုက်ချင်တာ ။ ဒါပေမဲ့ မောင့်လူထုကို စိတ်ပျက် စိတ်ညစ်အောင် မလုပ်နိုင်ဖူးလေ ‘
သည်ကိစ္စကိုသူဘယ်လောက်ခံစားရလဲဆိုတာ သူမကောင်းကောင်းသိပါသည်။ သူက လူတွေ စုဝေးပြီး ပွဲလမ်းကျင်းပ အခန်းအနားများလုပ် တိုင်းယိုင်ဝတ်စုံများဝတ် လုပ်တာမျိုးကို မနှစ်သက်ချေ။ သူသည် ကာကီအင်္ကျီံကိုဝတ် သတ္တုရိုင်းများကိုစူးစမ်း ကြည့်ရှု သူ့အလုပ်ရှိရာကျေးရွာတွေသွား စိုက်ပျိုးထားသော စီမံကိန်းများကိုသွားစစ်ဆေး စတာတွေလုပ်နေရလျှင် သူအပျော်ဆုံးဖြစ်နေတာကို သူမသိပါသည်။

လမ်းပေါ်တွင် ဘတ်စကားများ ၊နွားလှည်းများ ၊လမ်းလျှောက်လာကြသော လူအုပ်လိုက်များသည် ပို၍ ပို၍ များပြားပြည့်နက်လာသည်။ ဖြတ်သွားကြသော ဘတ်စကားတိုင်းသည်ထူးထူးခြားခြား  ကိုယ်ထည် ပုံစံ အရောင်တွေနှင့်ဖြစ်သည်။
ကားဘော်ဒီများကို တရုတ်လက်သမားများက လက်ဖြစ်ပြုလုပ်ထားသည်။  ဒီဇိုင်းပုံစံအမျိုးမျိုးကို ဆေးသားထူထူပိန်းပိန်း ရေးခြယ်ထားသည်။နှစ်ပေါင်းများစွာ သက်တမ်းရှိနေပြီဖြစ်သော ကားအိုကားဟောင်းများကို မက္ကင်းနစ်များက မောင်းရအောင်ပြုပြင်ထားကြသောကြောင့်  လမ်းပေါ်တွင်သတ္တ၀ါကြီးများ သွားနေသလိုရှိလေ၏။
ဘီးကိုတီထွင်လာပြီးကတည်းက ပေါ်ပေါက်လာသော နွားလှည်းများသည် သူတို့အတွက် ထူးထူးခြားခြား မရှိချေ။ နွားနှစ်ကောင်ဆွဲလှည်းပေါ်တွင် သက်ကယ်ပေါင်းမိုးဆင်ထားသဖြင့် လှည်းပေါ်တွင် အေးအေးလူလူ သက်တောင့်သက်သာဖြင့် မိသားစု လွတ်လွတ်လပ်လပ် စီးနိုင်သည်။ လှည်းအတော်များများသည် လမ်းပေါ်တွင် ရက်ပေါင်းများစွာ အပတ်ပေါင်းများစွာတောင်ရှိနေကြပြီး ပွဲအတွင်း လှည်း ချွတ်ဖို့ နေရာကို ပြုလုပ်ထားသည်။
အခိျု့ကလေးများသည် လှည်းဘေးတလျှောက်မှ လမ်းလျှောက်လိုက်လာကြသည်။ သူတို့သည်နွားတွေနှင့် အတူ ကပ်လျှောက်နေတာမို့  လမ်းလွဲသွားမှာကို မစိုးရိမ်ရချေ။
 အကောင်းဆုံးအ၀တ်အစားကို ၀တ်စားပြီး အနီးနားရွာများမှ လမ်းလျှောက်လာကြသော တိုင်းယိုင်များကို သုစန္ဒာ အထူးစိတ်ဝင်စားမိလေသည်။ တိုင်းယိုင်းမများသည် တောက်တောက်ပြောင်ပြောင် ပိုးလုံချည် လှိုင်းတွန့် အင်္ကျီံ”အဖြူတို့ ကိုဝတ်ထားကြပြီး ပူပြင်းသော နေရောင်ကို ကာကွယ်ရန် ကြီးမားသော ကောက်ရိုးခမောက်များကို ဆောင်းထားကြသည်။
လူအများစုသည် ဈေးတွင်ရောင်းချရန် ပစ္စည်းများကို သယ်ဆောင်လာကြလေသည်။ ပစ္စည်းများကိုခြင်းထဲထည့်ထားပြီး ပုခုံးပေါ်ရှိ ၀ါးအထမ်း၏တဘက်တချက်တွင် ချိတ်ထမ်းထားရာ လမ်းလျှောက်နေသောအခါ အိပဲ့အိပဲ့ဖြင့် ဟန်ချက်ညီ စွာလေ့ကျင့်ခန်းလုပ်နေသလို ကြည့်ကောင်းလှသည်။ လမ်းလျှောက်မိန်းမများရှေ့က ခေါင်းပေါင်းပေါင်းထားသော တိုင်းယိုင်အမျိုးသားများကမူ ရောင်းစရာပစ္စည်းများ သယ်ဆောင်ခြင်းမရှိချေ။ ထိုအစား  ကြီးမားသောအညိုရောင် တိုက်ပုံ တိုင်းယိုင်ဘောင်းဘီပွကြီးများကိုဝတ်ဆင်ပြီး ကြီးမားသော တိုင်းယိုင်ဓါးကြီးများကို လွယ်ထားကြလေသည်။လက်ဖြစ်ရက်လုပ်ထားသော တိုင်းယိုင် လွယ်အိတ်ကြီးများကို သူတို့ ပုခုံးမှာ လွယ်ထားကြသည်။ ထိုလွယ်အိတ်ကြီးထဲတွင် ပွဲကျရင် လောင်းကစားလုပ်ဖို့ စုထားသောငွေများကိုထည့်ထားလေသည်။
စ၀်တို့ကားဖြတ်သွားသည်ကို သိကြသော မိန်းမယောကျာ်းများသည် လမ်းဘေးတဘက်တချက်စီတွင် ဒူးတုပ်ထိုင်ချလိုက်ပြီး မျက်နှာရှေ့တွင် လက်အုပ်ချီလျက် ရိုးရာဓလေ့အတိုင်း ခွန်မိန်းကို အရိုအသေပေးကြလေသည်။
စ၀်နှင့် သုစန္ဒာတို့ကားသည် ပွဲခင်းအနီးကွင်းနားသို့ရောက်လာသည်။ ပွဲခင်းက ဘောလုံးကွင်း ဆယ်ကွင်းစာမျှကျယ်ဝန်းပြီး ထိုကွင်းပြင်သည် မိုးရာသီဆိုလျှင်စပါးစိုက်ခင်း လယ်ကွင်းများဖြစ်သည်။ ဘယ်ဘက်တွင်မူ မူထွီ ဘုရားကြီးက ဘုရားဖူးများကို ရပ်ပြီး ဆုတောင်းကြဖို့ လက်ယပ်ခေါ်နေသလိုရှိလေ၏။   ထုံးသင်္ကန်းကပ်ထားသော ခေါင်းလောင်းပုံ စေတီတော်ထိပ်တွင် ရွှေနှင့်ကျောက်သံပတ္တမြားများဖြင့် ပူဇော်ထားသော ထီးတော်ကို  တွေ့ရသည်။ ထိုထီးတော်ကိုတနှစ်တခါတင်ပွဲလုပ်ရသဖြင့် ပွဲကျင်းပရခြင်းဖြစ်လေသည်။  ရှေး ဒဏ္ဍာရီအရ ရှေးတိုင်းယိုင် မိုင်းမောဝ် အင်ပါယာ  (မြို့တော်သည် နမ့်ခမ်းမြို့ တရုတ်နယ်စပ်အနီးတွင်ရှိသည်) တွင်တိုင်းယိုင်ခွန်မိန်း စ၀်ဆေခန်ဖသည် စယ်လန့်မြို့ ကို အေဒီ ၁၀၁၃ တွင်တည်ထောင်ခဲ့သည်။
ခမည်းတော် စ၀်ဆေခန်ဖ ကွယ်လွန်အနိစ္စရောက်သော် သားတော် စ၀်ဆေဟုန်ဖ ကအရိုက်အရာကို ဆက်ခံသည်။
စ၀်ဆေဟုန်ဖ၏ သမီးတော် စ၀်မွန်းလာ့ကို အေဒီ ၁၀၄၄ (မြန်မာ သက္ကရာဇ် ၄၀၂) နတ်တော်လဆန်း ၃ရက်နေ့ တွင် ဖွားမြင်ခဲ့သည်။  စ၀်ဆေဟုန်ဖ သည် သားတော် စ၀်ဆေပင်ဖ ၊ သမီးတော်ကြီး စ၀်နန်းစံ ၊ သမီးတော်လတ် စ၀် နန်းထွမ်း ၊ နှင့် သမီးတော် ငယ် စ၀်မွန်းလာ့ တို့ ထွန်းကားခဲ့သည်။ စ၀်မွန်းလာ့သည် အထွေးဆုံးသမီးဟု အဓိပ္ပါယ်ရလေသည်။
အေဒီ ၁၀၅၇ (မြန်မာ သက္ကရာဇ် ၄၁၈) တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် တရုတ်ပြည်က စွယ်တော်ပင့်ရန် ရွှေလီမြစ်ကြောင်း အတိုင်းဆန်တက်လာရာ စယ်လန့်မြို့အနီး ၃မိုင် ခန့်အကွာတွင် ယာယီတဲနန်းစခန်းချလေသည်။
ထိုနေရာကို   ပင်မန် ၊ ပင်ဝမ်း မှ ဟိုလောင်းဟုခေါ်လေသည်။ အနော်ရထာမင်းစောထံ စ၀်ဆေဟုန်ဖနှင့် သမီးတော် စ၀်မွန်းလာ့တို့က လက်ဆောင်ပဏ္ဍာတော်များဆက်လေသည်။ အနော်ရထာမင်းစောက ချောမောလှပသော စ၀်မွန်းလာ့ကိုတွေ့မြင်သွားသောအခါ  ချစ်ခင်တော်မူ၍ မိဖုရားအဖြစ်ကောက်လေသည်။
စ၀်မွန်းလာ့သည် ပုဂံပြည်သို့လိုက်ပါသွားရသည်။ စ၀်မွန်းလာ့၏ခမည်းတော်က တိုင်းယိုင်တို့စားလေ့ရှိသော မြေတွင်းအောင်းပိုးလောင်းကောင် မုန့်ဆိုင့် ၊ မိန်းဆိုင် ကိုဆားနှယ် အခြောက်ခံနေလှန်းကာ ၀ါးကပ်ဖြင့် ထုပ်ပြီး ပုဂံသို့ပို့ပေးလေသည်။  စ၀်မွန်းလာ့က ထိုအောင်းကောင်များကို မကြာခဏစားလေ့ရှိရာ အခြားမိဖုရားများက မိဖုရား စ၀်မွန်းလာ့အားမင်းကြီးအနော်ရထာက နှစ်သက်တော်မူသည်ကို မနာလိုနေကြရာမှ  စ၀်မွန်းလာ့ကို စုန်းမအဖြစ်စွပ်စွဲပြောဆိုကြလေသည်။
နောင်အခါ အနော်ရထာမင်းကြီးလည်း စ၀်မွန်းလာ့ကိုမယုံကြည်တော့ပဲ မိန်းတိုင်းသို့ အပြန်ခိုင်းလိုက်လေတော့သည်။ ဆင်မြင်းနောက်လိုက်နောက်ပါများနှင့်အတူ စ၀်မွန်းလာ့သည် ပုဂံမှ အပြန်လမ်းခရီးတွင် ဒုတ္ထ၀တီမြစ်လက်တက်နေရာတွင် ရွှေစာရံစေတီကိုတည်ခဲ့လေသည်။အပြန်တွင် နောင်ချိုအနီး သိမ်းမြစ်အရှေ့ဘက်နေရာတွင် စေတီတဆူတည်ခဲ့သည်။
ထိုစေတီကို မူထွီ ဟုယူဆရလေသည်။ တကယ် မူထွီဆိုသည်မှာ ၀က်လူးအိုင်ဟု အဓိပ္ပါယ်ရပြီး ဂေါတမဘုရား နုစဉ် အခါဝက်မင်း ဘ၀ စံပျော်ရာ ရေကန်သာ (၀က်လူးအိုင်) နေရာ ဖြစ်ခဲ့သည် ။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၃၅-၂၄၇ ဘီစီ တွင် ပါဋိပုတ်ပြည်ကြီးနှင့် ဇမ္ဗူဒီပတကျွန်းလုံးကို အစိုးရသော သီရိဓမ္မာသောကမင်းကြီး ၏ကုသိုလ်တော် တခုအဖြစ် မူထွီစေတီ လည်းပါလေသည်။
          လူအုပ်က အလွန်ပင် ထူထပ်လာသည်။ ဒါဇင်ကျော်မျှသော ကွဲပြားခြားနားသော ဘာသာစကားမျိုးစုံတွေကို သုစန္ဒာ ကြားနေရသည်။ ညပိုင်းတွင်ကပြမည့် မြန်မာဇာတ်ရုံက ဆိုင်းစမ်းနေသံတွေကြားနေသည်။ ဆာလောင်နေကြသော လူအုပ်အတွက် ပွဲဈေးတန်းမှ မွှေးပံျ့သင်းသော အကင်နံ့များ နှင့် ရေခိုးငွေ့နံ့တွေကို သူမရနေသည်။ တောင်ပေါ်သားအမျိုးမျိုးကလည်း ထူးထူးခြားခြား အ၀တ်အစားများဝတ်ဆင်ထားကြသည်။ ကချင်အမျိုးသမီးများသည် အမည်းနှင့် အနီ ၀တ်စုံ နှင့်ရက်လုပ်ထားသောလွယ်အိတ်ပေါ်တွင် လေးလံသောငွေ ဆိုင်းငွေ သီးများကိုတပ်ဆင်ထားသည်။ သိုးမွှေးဖြင့်လုပ်ထားသော အနီရောင်ခြေပတ် မှာတော့ငွေတွေတပ်ဆင်မထားချေ။ တောင်ပေါ်က လက်ဖက်စိုက်သော ပလောင်တွေက အနက်ရောင်အင်္ကျီံဝတ်ထားပြီးခေါင်းတွင် ငွေ လက်ဝတ်ရတနာများတပ်ထားသော ဦးပေါင်းဝိုင်းကြီးဆောင်းထားသည်။
လီဆူးအမျိုးသမီး ၀တ်သောကျောက်စီအ၀တ်အစား တောင့်တောင့်များနှင့် တောင်သူတွေဝတ်စားတာကလုံးလုံးခြားနားလေသည်။
တောင်သူတွေကတော့ ရိုးရိုး အနက်ရောင်သာဝတ်လေသည်။ မြန်မာအမျိုးသမီးတွေက တိုင်းယိုင်အမျိုးသမီးတွေနှင့်ခြားနား သိသာစွာ ၀တ်ဆင်တတ်ကြသည်။သူတို့ယောက်ကျားတွေက ပုဆိုးဝတ်ကြသည်။ အရောင်အသွေး အဆင်ကတော့ မိန်းမတွေနှင့်ကွာသည်။
နီပေါ (ဂေါ်ရခါး ) ၊ဘင်ဂါလီ ၊ မူဆလင် နှင့် တရုတ်တွေကလည်း စိတ်လှုပ်ရှားတက်ြွကစွာ ရောနှောပါဝင်နေသေးသည်။ သူတို့အထဲမှာ ပိုလို့ ထူးကဲစွာ ထိုးဖောက်ဝင်ရောက်လာသူကတော့ ကော့ကေးဆပ် လူမျိုး ခရီးသွားပဲဖြစ်လေသည်။ လူပေါင်းသုံးသိန်းကျော်သည် ဤ လူနေကြဲပါးသော နေရာလေးတွင် နှစ်တိုင်း ပွဲကိုလာကြလေသည်။
လူအုပ်ထဲ လက်မအနည်းငယ် တိုးဝင်သွားပြီးနောက် ကားက ရပ်လိုက်သည်။ ပွဲအတွင်းအထူးတည်ဆောက်ထားသော မဏ္ဍပ်ဆီသို့ စ၀်နှင့် သုစန္ဒာတို့နှစ်ယောက် လမ်းလျှောက်သွားသည်။ ရှေ့မှာတော့ ဒါဇင်များစွာသော လှပသည့် တိုင်းယိုင်မလေးတွေက ကြိုဆိုရေးကော်မတီ၏ ရှေ့တော်ပြေး အနေဖြင့် ရပ်စောင့်နေကြလေသည်။  သက်တန့်ရောင် ပိုးလုံချည်များ ၀တ်ဆင်ထားကြပြီး ရှက်သွေးဖြာ ကျက်သရေရှိသော တိုင်းယိုင်ပျိုဖြူလေးများသည် လှပသိမ်မွေ့ယဉ်ကျေးစွာဖြင့် ပန်းစည်းများကို ကိုင်ထားကြလေသည်။သူတို့၏ နုနုနယ်နယ်မျက်နှာလေးတွေ ၊ ပြုံးနေသော မျက်ဝန်းနက်နက်လေးတွေ ၊  လှပအိထွေးသော ဆံစပိတုန်းသွေးတွေ ၊ နှင့် သူတို့သည် အစွမ်းကုန် ပွင့်အာနေသော ထူးထူးဆန်းဆန်း ပန်းလေးတွေနှင့် တူလေသည်။
မဏ္ဍပ်ကို ပွဲတွေမှာ အခြား ယာယီ အဆောက်အဦးတွေလိုပင် ၀ါးဖြင့် ဆောက်လုပ်ထားသည်။ အလွန်ကြီးမားသော ရွက်ထည်တဲကြီးနှင့် ဆင်တူနေလေသည်။ ၀ါးကြမ်းခင်းကို ကောဇောခင်းထားသည်။ အနည်းငယ်မြင့်သောစင်လေးကိုတည်ဆောက်ထားပြီး အနီရောင်ကတ္တီပါကို ချဲ့ထွင်၍ ရွှေချည်တွေထိုးထားပြီး ဖုံးအုပ်ထားသည်။
ထိုစင်ပေါ်တွင် ပရိဘောက အနည်းငယ်သာတင်ထားသည်။ စ၀်နှင့် သုစန္ဒာကို ကြိုဆိုပြီး နေရာထိုင်ခင်းပေးသည်။ ကောဇောအောက်ဘက်မှာတော့ ရာပေါင်းများစွာသော လူများတိတ်ဆိတ် ငြိမ်သက်စွာ ထိုင်ရင်း ခွန်မိန်းကိုအရိုအသေပေး  ကန်တော့သော အခန်းအနားကို စောင့်စားနေကြလေသည်။ 
အသက်ကြီးသော ခရိုင်လူကြီးဘူဟန်းသည် ခွန်မိန်းအနီး ဒူးထောက်ပြီးခစားသည်။ တိုင်းယိုင်ရိုးရာထုံးစံအရ အနီရောင်ယွန်းလင်ဗန်းပေါ်တွင်တင်ထားသော ငှက်ပျောသီး တိုင်းယိုင်လက်ဖက်ရွက်တို့ကို ခွန်မိန်းအား ကပ်ပြီး ခွန်မိန်းကို ကန်တော့ အခန်းအနားစဖို့ ခွင့်ပန်လေသည်။စ၀်ကဗန်းကိုထိလိုက်၍  ခွင့်ပြုကြောင်းသင်္ကေတ ပြလိုက်ပြီး သူ့တောင်းဆိုချက်ကို လက်ခံလိုက်သည်။ ရာပေါင်းများစွာသော လူတွေအားလုံးသည် ရုတ်တရက်ချက်ခြင်းပင်လက်အုပ်ချီလိုက်ကြသည်။ ဘူဟန်းက တိုင်းယိုင်ဘာသာဖြင့် ဂါထာတိုတိုရွတ်ဖတ်သည်။စ၀်က ဤအခန်းအနားကို ကောင်းချီးပေး ခြင်းဖြင့် ပြန်လည် တုန့်ပြန်လေသည်။ 
အခန်းနားတိုတိုလေးပြီးဆုံးသွားသောအခါ အားလုံးသည် စိတ်လျော့လိုက်ကြသည်။
ပြီးနောက် လူတွေသည် သူတို့၏ ခွန်မိန်းနှင့် မဟာဒေ၀ီကို အလွတ်သဘော အနီးကပ် စကားပြောဆိုဖို့အတွက် ချည်းကပ်တိုးလာကြလေသည်။ ခန်းမတခုလုံးသည် ရယ်မောသံ ပျော်ရွှင်သော စိတ်ခံစားမှုတို့ဖြင့် ညံစီ ဟိန်းထနေတာ သုစန္ဒာသိလိုက်ရသည်။
များစွာသော အရွေးခြယ်ခံ ကျေးရွာလူကြီး ဘူမောင်းများသည် ရှေ့တိုးလာသည်နှင့် အတူ တောင်းဆိုကြတော့လေ၏။ အခိျု့က သူတို့ သားသမီးများကို အရှေ့စံအိမ်တော်တွင် ခိုင်းဖို့ခေါ်ထားရန် ၊ အခိျု့က ပုဂ္ဂိုလ်ရေး လူအများအရေးကိစ္စတွေအတွက် အကြံဥာဏ်များတောင်းရန် ၊ အခိျု့က သူတို့ မြို့ ရွာများသို့ အထူးအခွင့်အရေးအနေဖြင့် ဖိတ်ခေါ်ရန် တို့ဖြစ်လေသည်။
ကွတ်ရွမ် ရွာလူကြီးက ပြဿနာများဖြင့်လာသည်။သူ့ရွာသည် စန္ဒကူးမြစ်ကမ်းနံဘေးတွင်ရှိပြီး ရွာနားကစပါးစိုက်သော မြေ၊လယ်ကွက်များကို အရှေ့စံအိမ်တော်က ပိုင်ဆိုင်လေသည်။လယ်ငှား လုပ်ကြသော လယ်သမားများသည် နှစ်နှစ်ဆက်တိုက် စိုက်ပျိုးရေးမအောင်မြင်သဖြင့် သီးစားခများကို မပေးနိုင်ပဲဖြစ်နေရာအြွေကးများကို  ခွန်မိန်းက ခွင့်လွှတ်ပေးဖို့ တောင်းပန်လေသည်။
ဘုမောင်းက သူ့ပြဿနာကိုတင်ပြနေစဉ်တွင် စ၀်နှင့်သုစန္ဒာတို့နှစ်ယောက်သား အကြည့်ခြင်း ဖလှယ်လိုက်မိကြလေသည်။ သူတို့နှစ်ယောက်သား  သူရင်းငှားနှင့် ခွဲဝေယူရသော လယ်ပိုင်ရှင်၏ စိတ်နေကိုယ်ကျင့်တရားတို့ကို အချိန်အတော်ကြီးကြာအောင် ဆွေးနွေးဖူးခဲ့တာကို သွားအမှတ်ရလိုက်လေသည်။  စ၀်က သူ့အမွေအဖြစ်ရသော ပြည်နယ်တွင်းက လယ်မြေတွေကို တကွက်မျှ မလိုချင်ပေ။
နမ့်ပန်းခွန်မိန်းပိုင်ဆိုင်သော စပါးစိုက်သောလယ်မြေ ဧက တသောင်းကို ခွဲဝေပေး ပစ်လိုက်ချင်လေသည်။ ထိုလယ်မြေကိုသားစဉ်မြေးဆက် ထွက်ယက်စိုက်ပျိုးလာကြသော သူတွေသာ  လယ်မြေ မှ ထွက်ကုန်ကို ပိုင်ဆိုင်သင့်သည်ဟု သူယူဆလေသည်။ သူ့စိတ်ကူးသဘောထားကို ပတ်ဝန်းကျင်တ၀ိုက်က ပြည်နယ်လယ်ပိုင်ရှင်တွေနှင့် အခြားပြည်နယ်က လယ်ပိုင်ရှင်တွေ က သဘောမကျ လှချေ။ 
ဒီအချိန်က သူမအတွက် အပြင်ထွက်ပြီး ပွဲခင်းထဲ လျှောက်လည်နေတာအကောင်းဆုံးဟု ဆုံးဖြတ်မိလေသည်။ စ၀်ဘေးပတ်ပတ်လည်တွင် ခရိုင်နှင့်ကျေးရွာလူကြီးတွေရှိနေကြပြီး သူတို့ပြဿနာ အ၀၀ကို နာရီအတော်ကြာဆွေးနွေး တင်ပြနေကြလေဦးမည်။
 သုစန္ဒာသည် ၀မ်းကွဲညီမနှစ်ယောက် ၊ အတွင်းရေးမှူး၊ နှင့် သက်တော်စောင့်နှစ်ယောက်တို့ကိုခေါ်ပြီး ပွဲခင်းဈေးတန်းဘက်ရှိ ၀ါးတဲများဖြင့်ဆောက်လုပ်ထားသော ဈေးသည်တွေဆီသွားလေသည်။ တိုင်းယိုင်နှင့် တောင်ပေါ်တိုင်းရင်းသားများသည် ဈေးဝယ်ကို တိတ်ဆိတ်စွာပြုံးပြရောင်းကြသော်လည်း ကုလားနှင့် မြန်မာဈေးသည်တွေကတော့ ကျယ်လောင်စွာ အော်ဟစ်ရောင်းချသောနည်းကိုသုံး နေကြလေ၏။
အမယ်စုံ ပစ္စည်းမှန် မူရင်းစစ်စစ်များကို သွားဝယ်ရတာကို သုစန္ဒာပျော်လေသည်။ သူမတွင် ပေးစရာ ပိုက်ဆံမပါ ပါ။ သူမလိုချင်သော ပစ္စည်းကို ရွေးချယ်၍ လက်ညှိုးညွှန်လိုက်လျှင် အတွင်းရေးမှူးက ငွေပေးချေပြီး စံအိမ်တော်အရောက်ပို့ပေးပေလိမ့်မည်။ သူမက သိမ်မွေ့နုလှသော လက်ဖြစ် တိုင်းယိုင် ဦးထုပ်များကို ရွေးသည်။ အများကြီးပါပဲ ၊ ဗူးသီးခြောက်ဖြင့်ပြုလုပ်ထားသော ရေဗူး၊ လက်ရက် ပိုးလုံချည် ၊ ပုံစံနှင့် အရွယ်အစားအမျိုမျိုးသော တံမြက်စည်းများ ၊ ၀ါးဖြင့်ပြုလုပ်ထားသော ကစားစရာ အရုပ်များ ၊ ယွန်းခွက်များ၊ ဖျာချောများ ၊ နှင့် ရေပုံးများ ။
သုစန္ဒာက အထိန်းအကွပ်မရှိတော့ပဲ မရပ်တန်း တရစပ် လက်ညှိုးထိုးဝယ်နေရာ နောက်က ပိုက်ဆံလိုက်ချေရသော အတွင်းရေးမှူးမှာ ထိတ်လန့်လာတော့လေသည်။ တနည်းအားဖြင့်ဆိုသော် ပွဲလမ်းအခမ်းအနား ပကာသန များဝန်းရံနေသော ဒီပွဲနေရာသည် သူမကို အသိပညာအသစ် အခြေအနေနှင့် ချမ်းသြွာကယ်ဝခြင်းတွေကို ပေးလေသည်။   သည်အရာများသည်သူမ စ၀်ကို လက်ထပ်လိုက်ခြင်းဖြင့် အားလုံးကိုရရှိလိုက်ခြင်းပင်ဖြစ်သည်။ သူမဘ၀တွင် ပထမဆုံးအနေဖြင့် လိုချင်တာကို စိတ်ကြိုက်လွတ်လွတ်လပ်လပ် ၀ယ်ပြီး ပိုက်ဆံ သုံးနိုင်တာကို သဘောကျ ကျေနပ်နေမိသည်။ ထို ခဏလေးအတွင်းမှာ စိတ်အားတက်ြွကလာသော ခံစားမှုကို သူမ အကြိုက်ကြီးကြိုက်နေမိသည်။
ထို့နောက် သုစန္ဒာ သူ့ဟာသူဆုံးဖြတ်လိုက်သည်။ သူမ ဒီနေရာက ထွက်ခွာဖို့ အချိန်ကျလေပြီ။ အထူးမွှေးပံျ့လျက် သူမကို ဆွဲဆောင်လျက်ရှိသော အသီးနှံဆိုင်တန်းဘက်သို့ ယွန်းတော့သည်။
ထိုနေရာတွင် အစားအစာအမယ်မျိုးစုံကို ချိတ်ဆွဲထားပြီး စိတ်ကူးတည့်ရာ အဆာပြေ စားနိုင်သောအစာမျိုးစုံလည်း တွေ့ရလေသည်။ ဆန်စေ့ ပုံစံအမျိုးမျိုးနှင့် ပဲ ရောင်စုံမျိုးမျိုးကို သူမ တခါမှ မမြင်ဖူးခဲ့ချေ။ ဟင်းခတ်အမွှေးအကြိုင်တန်းတွင် မာဆလာမှသည် မုန်ညှင်းစေ့ ၊ နံနံစေ့ ၊ သစ်ကြံ့ပိုး၊ ငရုတ်သီးခြောက်၊ ထန်းလျက် ၊  တိုင်းယိုင်ပဲပုပ် ( သိုနူး )  နှင့် ဗမာ ငပိ ကအစရှိလေသည်။  သစ်သီးတန်းတွင် ကြီးမားအချိန်စီးသော လိမ္မော်သီးများ ၊ အရည်ရွှမ်းသော ကျွဲကော်သီးများ ၊ မွှေးပံျ့သော သြဇာသီးများ၊ လိုင်ချီး များ ၊ လတ်ဆတ်သော စတောဘဲရီးများ ၊နှင့် အနည်းဆုံးအမျိုးပေါင်း ၁၂မျိုးလောက်ရှိသော ငှက်ပျောသီးများ စသည်ဖြင့် စုံစီ နေတော့၏။
သုစန္ဒာအတွက် သည် ဆွဲဆောင်ဖြားယောင်းမှုတွေကို ငြင်းပယ်လို့ အလွန်ခက်ခဲနေတော့သည်။ သို့သော် သူမ၏ မောင်တော် ပြောထားသော စကားကို သူမ လိုက်နာရပေတော့မည်။ မောင်တော်က လမ်းဘေးဈေးမှာရောင်းတဲ့  စားစရာဆို ဘယ်တော့မှ မ၀ယ်နဲ့ ဟုဆိုသတည်း ။
နောက်အတန်းမှာ စားသောက်ဆိုင်တန်းများဖြစ်ပြီး လူမျိုးစုံက ပွဲအတွက် အစားအစာမျိုးစုံကိုလတ်ဆတ် စွာ ပြင်ဆင် ထားကြသည်။ အငွေ့တထောင်းထောင်းထနေသော အိုးထဲက တရုတ်ခေါက်ဆွဲသည်  ပန်းသေးခေါက်ဆွဲ၊ ကြက်သားနှင့် တိုင်းယိုင်ဆန်ခေါက်ဆွဲ ၊အုန်းနို့အချဉ်ရည် တို့နှင့် ပြိုင်နေသည်။ မွှေးကြိုင်လတ်ဆတ်သောတိုဟူးကြော် ၊ နို့နှင့်ရောနယ်ကြော်ထားသော မုန့်ကြိုးလိမ် ၊တိုင်းယိုင် ခေါက်လန် ကောက်ညှင်းကျည်တောက်  ။ကောက်ညှင်းကျည်တောက်က ၀ါးလုံးကို ငှက်ပျောသီးအခွံနွှာသလို ခွာစားရလေသည်။  ထို့ပြင် အခြားရွေးစရာအများအပြားမှာ မြန်မာဟင်း၊ ကုလားဟင်း၊ သက်သတ်လွတ်ဟင်း ၊ ပေါင်မုန့် ၊ ပန်းကိတ် ၊ နှင့် တရုတ် ဒိုးနတ်မုန့်တွေတောင်ရလေသည်။
       သရေယိုစရာ ဖြားယောင်းနေမှုများကို ထားခဲ့ပြီးသုစန္ဒာနှင့် သူမ၏မောပန်းနေကြသော နောက်လိုက်နောက်ပါအခြွေရံများသည် ဖျော်ဖြေရေးနေရာသို့ရောက်သွားကြလေသည်။ ထိုနေရာတွင် တရုတ်ဆပ်ကပ် ၊ ကုလားမျက်လှည့်၊ တိရစ္ဆာန်များရုံသွင်းပြပွဲ ၊  ရုပ်ရှင်ရုံ နှစ်ရုံ ၊ ညအခါကပြမည့် တိုင်းယိုင်နှင့် မြန်မာ ဇာတ်ပွဲ နှစ်ရုံ တို့ရှိနေသည်။
ဒေါင့်တနေရာတွင် ဆေးရုံအသေးလေးကိုထိုးထည့်ထားသည်။ ဆရာဝန်တယောက်နှင့် သူနာပြုနှစ်ယောက်ကိုတွေ့ရသည်။ သူတို့ ဆီအခုထိ လူနာတယောက်မှ လာသေးပုံမပေါ်ချေ။
ဘယ်သူမှ ဒီအချိန်မှာ ဖျားချင်ကြမည် မထင်ပါ။ ဆေးရုံလေးနောက်မှာတော့ လျှပ်စစ်မီးစက် ကြီးရှိလေသည်။ ပွဲအတွက် အထူးစီစဉ်ထားသည်။ မီးစက်သည် တနှစ်ပတ်လုံးလာကြသော ဧည့်သည်တွေအတွက် စိတ်ချမ်းသာရအောင် ထောက်ပံ့ပေးလေသည်။ ပွဲထဲရှိ သုစန္ဒာ အထူးစိတ်ဝင်စားဆုံးဖြစ်သော နေရာတခုကိုမသွားရသေးချေ။ ထိုနေရာသည် လောင်းကစားဝိုင်းများရှိသောနေရာတည်း။ ပွဲတခုလုံး၏ အဆွဲဆောင်ဆုံးသော နေရာလည်းဖြစ်နိုင်လေသည်။
လောင်းကစားဝိုင်းများကို တိုင်းယိုင်ပွဲတွေတိုင်းမှာပါဝင် လုပ်ခွင့်ပေးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးဖြစ်သည်။များစွာသာလူတွေသည် နေရာပေါင်းစုံမှ လာကြပြီး သူတို့ ကံကိုစမ်းကြသည်။ ပွဲတခုလုံးကိုကန်ထရိုက်ဆွဲထားသူမှာ တရုတ်အဖတ်ဖြစ်သည်။ နမ့်ပန်းခွန်မိန်း က ထိုနှစ်အတွက် ပွဲကန်ထရိုက်ကိုလေလံပစ်သောအခါ အဖတ်က အမြင့်ဆုံးဈေးပေး၍ ဆွဲနိုင်ခဲ့သည်။ကန်ထရိုက်သည် ပွဲခင်းထဲက လောင်းကစားဝိုင်းမှ ၀င်ငွေအားလုံးနှင့် အခွင့်ထူးများကိုခံစားရသည်။  ထို့အတွက် သူသည် ပွဲခင်းအတွင်းလိုအပ်ချက်များနှင့် ပျော်ပွဲရွှင်ပွဲတွေအတွက် အခမဲ့ ထောက်ပံ့ပေးသည်။ ပြည်နယ်အစိုးရက ပွဲတခုလုံးကိုခြုံပြီး ကြီးကြပ်ပေးသည်။ ပိုသေချာစေရန် တင်းကြပ်သော စည်းကမ်းများလည်း ချမှတ်ပေးပြီး လိုက်နာစေသည်။
‘ လောင်းကစားလုပ်တာနဲ့ဒုက္ခ ဆိုးကျိုးတွေရဲ့ ဥပမာ အဖြစ် အချစ်ကို မဖြစ်စေချင်ဖူး ‘
စ၀်က သူ့ မဟာဒေ၀ီကို အရင်ကတည်းက ပြောပြခဲ့ဖူးပါသည်။ စ၀်က လောင်းကစားကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူဖြစ်သည်။ သုစန္ဒာတယောက် လောင်းကစားဝိုင်းတွေ ရှိတဲ့နေရာ မသွားလျှင် စ၀်က ပို သဘောကျမည်ဖြစ်လေသည်။ သို့သော် သုစန္ဒာကတော့  ဘာလို့များ ဒီလောင်းကစားဝိုင်းတွေက သူတို့ အစေခံတွေ သူတို့ ဆွေမျိုးတွေ သူတို့ ဧည့်သည်တွေ နှင့် သူတို့ ဆင်းရဲသားလူထုကို ဘယ်လို ညှို့ငင် ဆွဲဆောင်သလဲဆိုတာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကိုယ်တိုင်သွားကြည့်ချင်မိလေသည်။
         ပထမဆုံးသွားခဲ့သော စားပွဲပေါ်တွင်  အ၀တ်စကြီးဖြင့်ဖုံးအုပ်ထားပြီး  အ၀တ်ပေါ်တွင် ကြက် ၊၀က်၊ ဖား၊ ငါးရှဥ့် လေးကောင်ပုံရေးဆွဲထားသည်။ြွေကအန်စာတုံးအဖြူ၏ လေးဘက်လေးတန် မျက်နှာပြင်တွေပေါ်တွင် အကောင်လေးကောင်၏ပုံတကောင်စီရေးထွင်းထားပြီး အန်စာလှည့်သူက အပေါ်အောက်ထိုးထည့်ထားသော တုတ်ချောင်းကိုလှည့်ရသည်။အန်စာတုံးလည်နေစဉ်တွင် သူ့ကို အပေါ်က အုပ်ဆောင်းဖြင့် အုပ်ထားလိုက်သည်။ လူတွေထိုးသားတွေက သူတို့နှစ်သက်သော အကောင်ရှိသည့် အကွက်ပေါ်သို့ ငွေများပစ်ချပြီးလောင်းကြရသည်။ ထို့နောက် အန်စာတုံးအလည်ရပ်သွားသောအခါ အုပ်ဆောင်းကိုဖွင့်ပေးလိုက်သည်။ ထိုအခါ အပေါ်ဆုံးတွင် မြင်နေသော အကောင်သည် ပေါက်ကောင်ဖြစ်ပြီး တကျပ်ထိုးလျှင် ၃ကျပ်လျော်လေသည်။ ယောကျာ်း မိန်းမတို့သည် တကောင် မပေါက်လျှင် နောက်တကောင်ကိုပြောင်းထိုးကံစမ်းကြပြန်သည်။
ထိုလေးကောင်ဂျင်သည် လူတွေအကြားရေပန်းအစားဆုံးဖြစ်သည်။ သုစန္ဒာက မိန်းမအားလုံးနှင့်  ယောက်ကျားအများစုထက် ပိုအရပ်မြင့်နေတာကြောင့် လေးကောင်ဂျင်ဝိုင်းစားပွဲကို လူအုပ်အပေါ်ကနေ ထင်းထင်းမြင်နေရသည်။  စားပွဲ တဘက်စီတွင် လူတွေ ဒါဇင်ကျော်ရှိနေသည်။ လူငယ် လူကြီး အားလုံးပါသော်လည်း ကလေးတွေတော့ မတွေ့ရချေ။ယောကျာ်းတွေက အများဆုံးဖြစ်သော်လည်း မိန်းမတခိျု့လည်း လေးကောင်ဂျင်ကို သည်းကြီးမည်းကြီး ထိုးနေကြလေသည်။ လောင်းကစားသမားအများစုမှာ တိုင်းယိုင်နှင့် တောင်ပေါ်က တိုင်းရင်းသားများဖြစ်ကြပြီး သူတို့ယူဆောင်လာကြသည့် ပိုင်ဆိုင်သောငွေလေးတွေအားလုံး အြွေကပါမကျန်အောင် စွန့်စားပြီး ကံစမ်းဖို့ရာ စားပွဲပေါ်သို့ ပစ်ချနေကြလေသည်။ သုစန္ဒာကတော့ သူတို့ကိုကြည့်ပြီး သနားနေမိတော့သည်။ သူတို့ရှုံးသွားလို့ အိမ်အပြန်မိသားစုအတွက် ဘာမှ မရှိတော့မှာကို သူမ စိုးရိမ်နေမိလေသည်။
  လောင်းကစားဒိုင်များသည် မန္တလေးဘက်မှ လာကြသည်။ တခိျု့လည်း အခြားနေရာမှ လာကြသည်။ ။သို့မဟုတ် ဒေသခံ တရုတ်စီးပွားရေးသမား အဖွဲ့တွေက စုလုပ်ကြတာမျိုးလည်း ရှိသည်။ သို့သော်  ချမ်းသာ ဆင်းရဲ ၊ ယောကျာ်းမိန်းမ ၊ သူတို့အားလုံးသည် လေးကောင်ဂျင်ဝိုင်းမှာတော့ အားလုံးကို မေ့သွားကြလေသည်။ ထိုးသားတွေ၏ မျက်ကြည့်တွေကအန်စာတုံးပေါ်မှာ စူးနစ်ထိုးစိုက်၊အပြုံးတို့ မျက်နှာပြင်မှ ဝေးကွာထွက်ပြေး ၊နေသားမကျဖြစ်နေတာကတော့ သုစန္ဒာပဲဖြစ်လေသည်။ သူမသည် စ၀်၏ ပြောစကားကို နားထောင်ခဲ့ပြီး ဒီပွဲခင်းနေရာမှ အဝေးသို့ပြေးထွက်လိုက်ချင်မိလေသည်။
         သူမသည် ထိုနေရာမှ ထွက်လာခဲ့ပြီးနောက် တနေ့လယ်လုံးက ကြီးမားသောအဖြစ်အပျက်တွေကို ပြန်သုံးသပ်တွေးနေမိသည်။၃၆ကောင်ထီ ဖွင့်ပွဲကို ထိုည ၁၁နာရီတွင် ပြုလုပ်မည်ဖြစ်သည်။ ဒိုင်က ၃၆ကောင်ထဲမှ ပေါက်ကောင်တကောင်အမည်ကို သေတ္တာလေးထဲတွင်ထည့်ထားပြီး ထိုသေတ္တာလေးကို ပေ၂၀ အမြင့်ရှိတိုင်ပေါ်သို့ ကြိုးဖြင့် မြှင့်တင်ထားတာကို သုစန္ဒာမြင်ရသည်။ ဟိုးအရင်ကတော့ ပေါက်ကောင်ကို ခွန်မိန်းက စိတ်ကြိုက်ရွေးပေးသည်။ သို့သော် စ၀်က ဒီအလုပ်ကို မလုပ်တော့ချေ။ဒိုင်ကပဲ သစ္စာဆိုပြီး လှိျု့ဝှက်စွာဖြင့် ပေါက်ကောင်ကိုရွေးသည်။
         ပေါက်ကောင်ကိုထည့်ပြီး သေတ္တာလေးကိုတိုင်ပေါ်တင်ထားလိုက်သည့်အခါ အစောင့်တွေမျက်လုံးက ထိုကြိုးလေးပေါ်က မရွေ့တော့ချေ။ ထိုးချင်သောလူတွေက ၅နာရီမှ ၁၁နာရီအတွင်း ကိုယ်ကြိုက်သည့်အကောင်ကို ထိုးနိုင်သည်။ ထိုးသူတွေက ပေါက်ကောင်၏ သဲလွန်စကိုရှာကြသည်။ ပေးထားသော အတိတ်၏ အဓိပ္ပါယ်ကိုရှာကြသည်။ အိပ်မက်ကို အဓိပ္ပါယ်ဖွင့်ကြသည်။
မနေ့ကပေါက်သွားပြီးသားတကောင်နှင့် သူတို့ အတွဲမိတ်ဘက်အကောင်တွေကို ဖယ်လိုက်ပြီး ကျန် ၃၂ ကောင်..ဖြစ်သောြွကက် ဆင် ကျား ဒေါင်း ….စသဖြင့် ထဲက  တကောင်ကောင်ကို ရွေးရမည်။ အကယ်၍ပေါက်ခဲ့လျှင် ထိုစွန့်စားမှုအတွက် ၂၇ဆ  အလျော်ပေးလေသည်။ ၃၆ကောင်ထီကို အဝေးရှိ ဘွတ်ကီဒိုင်များမှ တဆင့်လည်း ထိုးလို့ရသည်။ မန္တလေး မေမြို့ လားရှိုး စသဖြင့် အရပ်တွေမှ လည်း ထိုးကြလေသည်။ ၃၆ကောင်၏ညှို့ငင် ဖမ်းစားမှုကြောင့် သုစန္ဒာသည် သူ့ခွန်မိန်းကို မရိုမသေလုပ်ဖို့ အတွေးမျိုး ရလာလေသည်။ 
 သူမ၏ ပွဲခင်းထဲလျှောက်လည်ပတ်ရေးသည် ပြီးဆုံးသွားခဲ့ပြီ။ သို့သော် မပြီးဆုံးခင်မှာပင် စူးရှကျယ်လောင်သော  ဥသြဆွဲသံကြီးနှင့်အတူ ၀ီစီသံရှည်ကြီးကိုကြားလိုက်ရပြီးနောက် လားရှိုး မန္တလေး မီးရထား ကြီးသည် ကွေ့ပတ်၍ ပွဲခင်းအလယ်က ဘူတာဆီ ထိုးဆိုက်လာလေသည်။
သည်ရထားသည် မူထွီပွဲတော်အတွက် အထူးရထားအဖြစ် ပွဲတော်နေရာတွင် ခဏသာ ရပ်ပေးခြင်းဖြစ်ပြီး ပွဲတော်လာခရီးသည် ဧည့်သည်များ ရထားပေါ်မှ ထိုးဆင်းလာကြတော့သည်။ ရထားပေါ်ကခရီးသည်တွေကုန်သွားသောအခါ ရထားကြီးသည်ဒေါသတကြီး ရှူးရှူးရှဲရှဲ အော်နေစဉ် ရထားပေါ်ကအခုနက ခရီးသည်များသည် ပွဲတော်အတွင်း က လူအုပ်အတွင်း ၀င်ရောက်ပျောက်ကွယ်သွားကြတော့၏။နောက်ထပ် ၀ီစီသံရှည်ကိုကြားလိုက်ရပြီးနောက် ရထားအင်ဂျင်နီယာ ဂါတ်ဗိုလ်သည် ပွဲတော်အတွင်းမှ ရထားထွက်ခွာပြီး ခရီးဆက်ဖို့  ဆုံးဖြတ်လိုက်လေသည်။
    စ၀်နှင့်သုစန္ဒာသည် မိုးလင်းထိကပြကြသော တိုင်းယိုင်မြန်မာ နှစ်ဘာသာ တေးဂီတ ဇာတ်သဘင်ပွဲကိုမကြည့်နိုင်ကြတော့ချေ။ ထိုအစား သူတို့နှစ်ယောက်သား စံအိမ်တော်ရှေ့က ၀ရံတာလေးတွင်ထွက်ထိုင်လိုက်ကြပြီး  စန္ဒကူးမြစ် စိမ်းလဲ့လဲ့မြပေါ်ထိုးကျနေသော လှပ ၀ိုင်းစက်သော လပြည့်ဝန်းကြီး၏ငွေခြည် လင်းလက် ကိုငေးကြလေသည်။ 
‘ ကျမ ဒီနေ့တနေ့လုံး ပွဲမှာ တွေ့ရတာတွေက ကျမအတွေးတွေကို အကြာကြီး ဆွဲခေါ်သွားလိုက်သလိုပဲ 
သုစန္ဒာက စ၀်ကို ပြောလိုက်သည်။
သူကဘာမှ ပြန်မပြောပါ။ သူမသည် အဝေးက လင်းလိုက်မှိန်လိုက်ဖြစ်နေသော မြစ်ပြင်ဆီမှ သူ့ မျက်နှာပြင်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းမှာ  ၀မ်းနည်းနေတာမြင်ရသည်။ 
   သူတို့ ဘ၀တွေကို မောင်ကပြောင်းပစ်လိုက်နိုင်မယ်လို့ ထင်လား ‘ 
သူ့ကို အားပေးရင်းက လိုလိုချင်ချင်ပင် သူမပြောသည်။
  မောင်လုပ်နိုင်မယ်ထင်တယ် … တယောက်ယောက်ကလုပ်နိုင်မယ် ထင်တယ် … မောင်အခု မသိသေးဖူး ‘
(ဆက်လက်ဖော်ပြပါမည်)
(ဓာတ်ပုံ – အနော်ရထာမင်းကြီး၏ မိဖုရား စောမွန်လှတည်ခဲ့သော ဘုရားကို တွေ့ရစဉ်၊ အင်တာနက်မှ ရပါတယ်။ တရုတ်ပြည်တွင်းမှာလည်း ထိုပုံသဏ္ဍန်အတိုင်း ဘုရားတည်ထားတာ ရှိတယ်လို့ ဆိုပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts