>Questions for Aung San Suu Kyi – RFA Program – April 15th 2011

>

လူထုနဲ့  ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေ
ဧပြီ ၁၅၊ ၂၀၁၁ RFA အစီအစဉ်
မေးသူ။ ။ ကိုလင်းအောင်(အမေရိကန်ပြည်ထောင်စု)
မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား။ ကျွန်တော့်နာမည်လင်းအောင်လို့ခေါ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူတဦးပါ။ ခုလောလောဆယ် အမေရိကန်အစိုးရကနေပြီးတော့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်အပ်ဖို့ဆိုတာကို၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုသဘောရပါသလဲခင်ဗျာ။ ကျွန်တော်တို့ ဗမာပြည်ဒီမိုကရေ စီအရေးအတွက် ဘယ်လောက်ထိကို အကျိုးပြုနိုင်မလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ် ခင်ဗျာ။
ဖြေ။ ။ အမေရိကန်အစိုးရက အထူးကိုယ်စားလှယ်ခန့်တာကို ကျွန်မတို့ကတော့ သဘောကျပါတယ်။ ရွေးချယ်ထားတဲ့ မစ္စတာ ဒဲရစ်မစ်ချယ်ဟာ မြန်မာနိုင်ငံရေးကို နှစ်ပေါင်းများစွာလေ့လာခဲ့သူ၊ အာရှရေးရာတွေကိုလည်း ကျွမ်းကျင်သူတဦး ဖြစ်တယ်လို့ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ မိမိရဲ့တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အမေရိကန်နိုင်ငံမူဝါဒတွေနဲ့ ပတ်သတ်ပြီး အကြံဥာဏ်ကောင်းတွေပေးနိုင်မယ်ဆိုရင် အထောက် အကူပြုနိုင်မယ်လို့ ထင်ပါတယ်။

မေးသူ။ ။ ကိုအောင်မြတ်ဝင်း(ဂျပန်)
မေးခွန်း။ ။ အန်တီစုခင်ဗျား။ မင်္ဂလာပါခင်ဗျား။ ကျွန်တော်အောင်မြတ်ဝင်းပါခင်ဗျား။ ဂျပန်နိုင်ငံ —– တက္ကသိုလ် ဥပဒေဌာနက ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့အနေနဲ့ ဂျာမနီနိုင်ငံကိုဟောပြောပွဲတခုနဲ့ သွားပြီးတော့ဟောပြောပါတယ်။ အဲဒီမှာ ဂျာမနီကကျောင်းသားတွေကို ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားကို ဘယ်သူ့ကို ပိုသိပါသလဲဆိုပြီး တော့ မေးကြည့်တဲ့အခါမှာ ဘုန်းတော်ကြီးဒလိုင်းလားမားကို သိတယ်ဆိုပြီး ဖြေတဲ့ကျောင်းသားက အရမ်းများပါတယ်။ အဲတော့သူတို့ ဘာ့ ကြောင့်သိလဲလို့ မေးတဲ့အခါမှာ ဒီဘုန်းတော်ကြီးဒလိုင်းလားမားက ဂျာမနီအပါအ၀င်ပေါ့လေ နိုင်ငံတကာကို အခေါက်ပေါင်းများစွာလာပြီး တော့ စည်းရုံးရေးတွေဆင်းတယ်။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တွေ့တယ်။ စာအုပ်တွေလည်း အများကြီးထုတ်တယ်ဆိုပြီးတော့ သူတို့တွေ ပြောကြပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပေါ့လေ.. မြန်မာပြည်အရေးကိုပေါ့လေ နိုင်ငံတကာကိုလှည့်ပြီးတော့ လူ့အ ခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိပါသလားဆိုတာကို တဆိတ်လောက်ဖြေကြားပေးစေချင်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျွန်မအနေနဲ့ လောလောဆယ်တော့ နိုင်ငံခြားကို ခရီးထွက်ဖို့ အစီအစဉ်မရှိပါဘူး။ မြန်မာနိုင်ငံတွင်းမှာ လုပ်ရမယ့်ကိစ္စတွေက အင်မတန်များနေသေးလို့ပါ။ ကျွန်မကို သိတာ မသိတာထက် မြန်မာနိုင်ငံဒီမိုကရေစီရုန်းကန်ရေးကို ကမ္ဘာကသိဖို့ ပိုပြီးအရေးကြီးတာကြောင့် ကိုအောင်မြတ်ဝင်းတို့လို ပြည်ပရောက်နေတဲ့မြန်မာပြည်သားများက ကူညီပြီးတော့လုပ်ဆောင် ပေးစေချင်ပါတယ်။

မေးသူ။ ။ ကိုဇော်မင်း
မေးခွန်း။ ။ ကျွန်တော့နာမည်ဇော်မင်းပါ။ ကျွန်တော်မြောက်ဥက္ကလာ NLD Youth က လူငယ်တယောက်ပါခင်ဗျာ။ ကျွန်တော်တို့ အစိုးရရဲ့ဖိနှိပ်မှုတွေနဲ့ နိုင်ငံရဲ့ချွတ်ခြုံကျမှုတွေကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရှောင်တိမ်းလာရတဲ့ မြန်မာပြည်သူ ပြည်သားတွေဟာ အခုမလေးရှားမှာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်နေရပါတယ်။ အဲဒီအခါမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ဖို့ ဒီ UNHCR ရဲ့ အကူအညီတွေ ရတဲ့သူရသလို မရသေးတဲ့သူလည်း မရပါဘူးခင်ဗျာ။ အဲဒီတော့ ကျွန်တော်တို့ဟာ တကိုယ်ရေလုံခြုံမှုနဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စောင့်ရှောက်မှုတွေကို ကျွန်တော်တို့ မလွဲမသွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့ အဲဒီအခက်အခဲတွေ ဖြစ်နေပါတယ်ခင်ဗျာ။ အဲဒီအပေါ်မှာ အန်တီစုအနေနဲ့ အကူအညီပေးနိုင်မလား။ တစုံတရာများ အကြံဥာဏ်ပေးနိုင်မလားဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်ခင်ဗျာ။ အန်တီစုကျန်းမာပါစေ။

ဖြေ။ ။ အန်တီ့အနေနဲ့ UNHCR ကို ဒီကိစ္စတွေနဲ့ပတ်သတ်လို့ မေးပါ့မယ်။ ဒီ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာတွေအချင်းချင်း၊ ကူညီမစနိုင်မယ့် ကွန်ယက်ဖွဲ့ဖို့လည်း လုပ်နေပါတယ်။ ကိုဇော်မင်းတို့ ချက်ချင်းလက်ငင်းလုပ်နိုင်တဲ့ ကိစ္စက တော့၊ ဒုက္ခသည်အချင်းချင်း စာနာနားလည်ပြီး ညီညီညွတ်ညွတ် ရှိဖို့ဖြစ်ပါတယ်။ ဒီလိုသာ နေနိုင်မယ်ဆိုရင် ပြဿနာတွေကို အတူဖြေရှင်း နိုင်မယ့်နည်းအချို့ကိုလည်း စဉ်းစားလို့ရလာမှာပါ။

မေးသူ။ ။ ဦးစောစ (နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ)
မေးခွန်း။ ။ ဒေါ်စုနဲ့လူချင်းမတွေ့ရပေမယ့်၊ ကျွန်တော်တို့ ဒေါ်စုကို ရုပ်မြင်သံကြားကဖြစ်စေ၊ အသံကဖြစ်စေ၊ အမြဲကြားနေရတယ်။ မြင်နေရတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် ရပ်တည်တာကိုလည်းပဲ ကျွန်တော်တို့ အများကြီးလေးစားဂုဏ်ယူ ပါတယ်။ ဒေါ်စုကို ကျွန်တော် သိပြီးသားတခု ကျွန်တော်တင်ပြချင်ပါတယ်။
ဒါကတော့ ကျွန်တော်တို့နာဂတွေကလည်း ဗမာပြည်မှာတိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ ရပ်တည်ထားပါတယ်။ ကျွန်တော်တို့ လူမျိုးတွေကို အစိုးရက နားပိတ်မျက်စိပိတ်လုပ်ပြီးတော့ ယနေ့အထိ လည်းပဲ ပါးစပ်တွေ မဟရဲအောင် နည်းမျိုးစုံနဲ့လုပ်ထားလို့ ကျွန်တော်တို့ အောက်ကျနောက်ကျဖြစ်နေတယ်။ တနေ့ကျရင် ကျွန်တော်တို့ စစ်မှန်တဲ့ ဒီမိုကရေစီဟာ ကျွန်တော်တို့ တိုင်းပြည်မှာထွန်းကားမှာ သေချာပါတယ်။
ဒီလိုဖြစ်လာရင်တော့ နာဂအမျိုးသားတွေကလည်း ကျန်တဲ့တိုင်းရင်းသားတွေလို နိုင်ငံရေးအရ၊ လူမှုရေးအရ၊ ပညာရေးအရ အစစအရာရာ အစမှအဆုံး အခြားတိုင်းရင်းသားတွေနဲ့ တန်းတူ ရည်တူဖြစ်နိုင်တဲ့ အခြေအနေ ဒေါ်စုအနေဲ့ လုပ်ပေးဖို့ အစီအစဉ်အကြံအစည်များ ရှိပါသလားလို့ ကျွန်တော့်အနေနဲ့ လေးလေးစားစား အဲဒါ ကို ဆွေးနွေးတင်ပြချင်ပါတယ်။ ကျွန်တော်ကတော့ နာဂအမျိုးသားဖြစ်တယ်။ ကျွန်တော့နာမည် စောစလို့ခေါ်ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။ ဒေါ်စုအသက်ရာကျော်ရှည်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။
ဖြေ။ ။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သတ်တဲ့ အခြေခံသဘောတရားက ရိုးရိုးလေးပါပဲ။ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာဝပြောဖို့ဆိုရင် တိုင်းရင်းသားတွေအားလုံးကြားမှာ ညီညွတ်မှုရှိရပါလိမ့်မယ်။ ဒီလို ညီညွတ်မှုကို ဖြစ်စေမယ့် ပြည်ထောင်စုစိတ်ဓာတ်ရဲ့ အခြေခံကတော့ တရားမျှတမှုနဲ့ စိတ်ရင်းစေတနာသန့်စင်မှု ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်စေတနာသန့်သန့်စင်စင်နဲ့ တိုင်းရင်းသားအားလုံးကို ကျောသားရင်သားမခွဲ၊ တူညီတဲ့ အခွင့်အရေးတွေ ပေးရမှာပါ။ ဒါကို အဓိက ပန်းတိုင် အဖြစ် ဦးတည်ပြီး လုပ်ဆောင်သွားမှာပါ။ ဦးစောစတို့လို တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို အားကိုးပြီး ပြည်ထောင်စု ခိုင်မာအောင် တည်ဆောက်ရမှာ ဖြစ်တာကြောင့်၊ မှန်မှန်ကန်ကန်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ တနေ့တော့ ဦးစောစနဲ့ လူချင်းတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေးသူ။ ။ မအားနန် (ကချင်လူမှုဖွံဖြိုးရေးကွန်ယက်အဖွဲ့)
မေးခွန်း။ ။ ကျွန်မနာမည် အားနန်ပါ။ ကချင်လူမျိုးပါ။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့အစည်းကပါ။ အခုမေးချင်တဲ့ မေးခွန်းက အခုလောလောဆယ်၊ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့၊ ဒီမြစ်ဆုံရေကာတာက ဆိုးကျိုးအများကြီးရှိတယ်။ ပြည်သူလူထု အကျိုးမရှိဘူးဆိုတဲ့ဟာကိုလည်း မြင်တွေ့ရတယ်။ နောက်တခုက အခုလောလောဆယ် ကြည့်မယ်ဆိုရင် ဖြစ်ဆုံရေကာတာကြောင့်မို့ ကချင်ပြည်သူလူထုတွေ ဒုက္ခတွေခံစားနေရတာ မှန်ပေမယ့် ဧရာဝတီမြစ်ဝကျွန်းပေါ် မြစ်အောက်ပိုင်းတလျှောက်လုံးလည်း ဆိုးကျိုး အများကြီး ထိခိုက်နိုင်တယ်။ အဲဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ ကချင်ပြည်သူလုထူတွေက ဒီစိုးရိမ်မှုကြားမှာ သူတို့တတ်နိုင်တဲ့ဘက်က ဒီရေကာ တာ အလိုမရှိတဲ့အကြောင်းကို သူတို့ထုတ်ဖေါ်ပြီးတော့ ဆန့်ကျင်နေတဲ့အကြောင်းကို တွေ့ရှိရတယ်။
ဒီမြစ်ဆုံရေကာတာနဲ့ ပတ်သတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အနေနဲ့ပေါ့နော်၊ ဘယ်လောက်ထိ ကန့်ကွက်ဖို့အစီအစဉ်ရှိလား။ ဘယ်လောက်ထိ ထုတ်ဖေါ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာကို သိချင်ပါတယ်ရှင့်။ နောက်တခုက ဒီဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ဒီဒေသခံပြည်သူလူထုတွေကိုလည်း တကယ်တမ်း မြစ်ဆုံ ရေကာတာဆောက်လိုက်ရင် ဆိုးကျိုးဖြစ်လာမယ့်ဟာတွေကို အသိပညာပေးဖို့ အစီအစဉ်တွေရှိလားဆိုတာ သိချင် ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ဖြေ။ ။ မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးတင်မက၊ မြေပြန့်သစ်တောပြုန်းတီးခြင်း စသဖြင့် ဧရာဝတီမြစ်ရဲ့ အခြေအနေကို ဆိုးရွားစေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သတ်လို့ အဖွဲ့ချုပ်ရဲ့သုတေသန တာဝန်ခံတွေက စာတမ်းပြုစုနေပါတယ်။ ဧရာဝတီမြစ်ကို ထိပါးသမျှဟာ ဟိုးမြောက်ပိုင်းကနေပြီး မြစ်ဝကျွန်းပေါ်အထိ ဘယ်လိုအကျိုးဆက်တွေ ရှိနိုင်တယ်ဆိုတာကို လေ့လာဖေါ် ပြသွားမှာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ဧရာဝတီမြစ်ထိန်းသိမ်းရေး၊ စည်းရုံးလှုပ်ရှားမှုလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီအစီစဉ်ကို အခြေခံတဲ့ အချက်အလက်တွေထဲမှာ ကချင်ပြည်နယ်က အဖွဲ့ချုပ်ဝင်တွေနဲ့ မိတ်ဆွေတွေဆီက ကြားသိရတာတွေလည်း အများအပြားပါဝင်ပါတယ်။
မေးသူ။ ။ ကိုသိန်းဝင်း
မေးခွန်း။ ။ မင်္ဂလာပါ အမေစုခင်ဗျား။ ကျွန်တော့နာမည်က မောင်သိန်းဝင်းပါ။ ကျွန်တော်ပဲခူးက ဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ ကျွန်တော်ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ရှိနေပါတယ်။ ကျွန်တော်အမေစုကို စကားတခွန်းမေးချင်ပါ တယ်ခင်ဗျာ။ နအဖ စစ်အစိုးရကနေပြီးတော့ ပြန်လည်ပြီးတော့ ပုံစံတခုပြောင်းတဲ့ အခုမြန်မာပြည်အစိုးရဆိုတာကို အမေစုအနေနဲ့လက် ခံပါသလား။ အသိအမှတ်ပြုပါသလား။ ဘယ်လိုသဘောထားရှိပါသလဲဆိုတာကို သိချင်ပါတယ်ခင်ဗျာ။ အမေစုကျေးဇူးပြုပြီးတော့ ပြော ပြပေးပါလားခင်ဗျာ။
ဖြေ။ ။ အခု အစိုးရအသစ်တခု ရှိနေတယ်ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး၊ ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ်ဆိုတာကိုတော့ နဲနဲတော့ စောင့်ကြည့်ရဦးမှာပါ။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)
ဧပြီ (၁၅) ရက်နေ့ အစီအစဉ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts