>Good and Clean Government run by Thugs of Burma

>

ဂွဒ်ထနဲ့ ကလီးယားန (ကွက်စိတ်တော်ကြီး)
မိုးနတ်သား
မိုးမခ၊ ဧပြီ ၂၁၊ ၂၀၁၁
(သံနေ သံထားနဲ့ တဦးတည်း အသံထွက်ဖတ်ရန်)
တိုင်းသူပြည်သား လူအများတို့ခင်များ  ဒူ ဟူ ဟူ ဟူ…………….
အဟွတ်အဟွတ် အဖြီးအဖြန်းလဲ မဟုတ်ပါဘူး၊ ဒရွတ် ဒရွတ်နဲ့ ခရီးမလှမ်းကြရအောင်၊ ဂွဒ် ဂွဒ်နဲ့ ကလီးယန်း တော့မှာပါဗျဆိုပြီး မြန်မာ့နည်းမြန်မာ့ဟန် သမ္မတကြီးက အမိန့်ကြီးဟလိုက်ပြီ။
ဒူ ဟူ ဟူ ဟူ…………..
ပြည်မြန်မာသာစေ့သာစေကြောင်း အကောင်းအစင်တွေနဲ့ မောင်းနှင်တော့မယ်။
ဒူ ဟူ ဟူ ဟူ………….
အကောင်းအစင်တွေ အဟုတ်တန်းပေါ်အောင် လုပ်ငန်းတာဝန်များ ဖေါ်ဆောင်ရာမှာ တော်အောင်ရော်အောင် ရည်ရွယ်တော်မမူဘဲ ပြည်သူများရဲ့ သဘောထားနဲ့ ပြောစကားတွေကို တောစကားတောင်စကားရယ်လို့ ဂျောင်ကြားမသွင်းပါဘူးတဲ့လေ။
ဒူ ဟူ ဟူ ဟူ……….
အရုပ်ရတဲ့ကလေး အရုပ်တပြပြနဲ့ ပြေးလွှားနေသလို  ဒီမိုကရေစီအစိုးရဟုတ်သကွဆိုပြီး စတုတ္ထမဏ္ဍိုင်တောင် တုပ်ကွရမဲ့အလံတိုင်လို့  သံပြိုင်လဲ ဟစ်ပေါ့။
ဒူ ဟူ ဟူ ဟူ……….
ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ဖေါ်ကျူးတဲ့အခါ ချစ်ရပါသောပြည်သူများရဲ့ မူလအခွင့်အရေးများကို အငေါ်တူးသလိုလဲ မဖြစ်စေနဲ့တဲ့။
ဒူ ဟူ ဟူ ဟူ……….  
ပြည်သူတွေအပေါ်စေတနာထားကြောင်း ကြေညာမောင်းအထပ်ထပ် အရပ်ရပ်နေပြည်တော်၊ လှည်းနေ လှေဆိပ် ထော်လာဂျီဂိတ်မကျန် တီဗီ သတင်းစာ ဂျာနယ်တကာတို့ကနေ သမ္မတကြီးအသစ်က  ဟစ်ဟစ်ပြီး အော်ချေပြီ။
ဥက္ကဌတုန်းကလို မဟုတ်သမျှ မလုပ်ကြတော့ဘဲ သမ္မတမို့ သမတော့မယ် မျှတော့မယ်ပေါ့။
အင်း ယုံကောင်ငုံပြီး ဒီမိန့်ခွန်းကိုပြောပေမဲ့ ယုံရခက်ခက်။ တော်ကြာနေ ယုံသူ့တာဝန်သာဖြစ်ကြောင်းဆို ကိုယ်ဘဲ အ- ရာကျတော့မယ်။

ဦးသန့်ရဲ့မြေးကလေးပြောသလို လာဘ်မစားတဲ့ တမတ်သား အရပ်သားအစိုးရကြီးလို့တောင် နာမည်ကြီးနေတာပဲလေ လို့ တွေးပြီး ယုံမယ်ပြင်လိုက်ပြန်တော့ ရွေးကောက်ပွဲဝင် အမတ်ကလေးများရဲ့ အရပ်လေးကို အားနာနေရတဲ့ လတ်တလော ဖြစ်စဉ်တွေကို မြင်ယောင်မိပ။
အမတ်အမတ်ကလေးများခမျာ
“ငါလာပြီ ဗမာပြည်ရေ၊ မင်းရဲ့အနာမျိုး ၉၆-ပါးထဲက ကျန်းမာရေးနဲ့ ပညာရေးလောက်တော့ အခုချက်ချင်း ငါကုပေးလို့ရမယ်၊ ကျန်တာတွေတော့ ၅-နှစ်ကြီးများတောင်၊ အချိန်တွေမှ အားကြီး၊ လုပ်ပါလေ့”
ဆိုပြီး  စိတ်ကူးတလှေကြီးနဲ့ ရွေးကောက်ပွဲချောင်းလေးကို ဖြတ်ကြ။
ရွေးကောက်ပွဲကမ်းတဖက်က လွှတ်တော်ကြီးထဲရောက်လို့ ခေါင်းပေါင်းစတလွင့်လွင့် တောင်ရှည်ပုဆိုး တပင့်ပင့်နဲ့ တိုင်းကျိုးပြည်ပြုအဆိုတွေ ဆင့်လိုက်မဟဲ့ဆိုပြီး နှုတ်ခမ်းတော်ဖွင့်လိုက်တော့မှ ဒါဖြင့် ဟဝှာဖြင့် အရင့်အရင်က လုပ်ပီးသား၊ အဲဒီတုန်းက မင်းဘယ်နား သွားအိပ်နေလဲ၊ အဲဒါတွေ တောပြန်ပြောလို့ ဝန်မင်းများက ကောလိုက်တော့ ခေါင်းပေါင်းစမဝင့်၊ တောင်ရှည်မပင့်သာ၊ မဆိုသင့်ရာ၊ ဆိုမိပါသည်၊ ဆိုရာစကား၊ ဒီအမှားကို၊ မြောင်းကြားထဲမှာ ပစ်လိုက်ပါမည်  အဟင့် အဟင့် ဆိုပြီး ပြန်ထိုင်သွားရတာတွေက တလှေကြီး။
ကြားရကြားရ နားဝမသက်သာတွေလေ။
တနေကုန်လဲ စာတွေကြည့်၊ တနှစ်လုံးလဲ စာတွေကြည့်၊ စာမသိ စာမသိ။
တဘွဲ့ရလဲ တမျိုးလို၊ နှစ်ဘွဲ့ရလဲ တမျိုးလို၊ သင်တန်းကို သင်တန်းကို။
စစ်တပ်ဖက်လဲ တမျိုးသင်၊ အရပ်ဖက်လဲ တမျိုးသင်၊ နှစ်ဖက်ချဉ် နှစ်ဖက်ချဉ်
ဆိုတဲ့ပညာရေးကြီးကို သုံးသပ်အကဲဖြတ်ပြီး ပြင်သင့်တာပြင် ဆင်သင့်တာဆင်ရအောင်လို့ ဇလပ်မြေ အမတ်ဆွေက တင်ပြတော့ သူရဿတီကိုယ်စား မြန်မာ့ပညာရေးကိုစောင့်ရှောက်သူ ဒေါက်တာချမ်းငြိမ်းက လက်ရှိမြန်မာ့ပညာရေးသည် အောက်စဖို့ကပင် အောက်ကြို့ရမည့် ပညာရေးဖြစ်ကြောင်း၊ မြန်မာပြည်က ပီအိပ်ခ်ျဒီများသည် ဟားဗတ်ကိုပင် မအားလပ်လို့သာ သွားရောက် မသင်ပေးခြင်းဖြစ်ကြောင်း မှင်နှင့်မောင်းနှင့် ရှင်းလင်းကာ တင်သွင်းတဲ့အဆိုကို ပြန်ရုပ်ခိုင်းတော့ အရင့်အရင် အမတ်မင်းများလို ချင်းကိုယ်တော်ကြီးက ကျွန်တော်မျိုး သေသင့်ပါတယ်ဆိုပြီး ပြန်ရုပ်မပေးတဲ့အတွက် မဲခွဲကြရော။
အဲသလိုမဲခွဲကြတော့မှဘဲ ပညာရေးမှာတော့ ကန့်ကွက်သူမရှိနိုင်ပါဘူးလို့ ထင်ခဲ့တဲ့ လွတ်တော်နိုင်ငံရေးကြီးဟာ ဝမ်းနည်းစရာကောင်းလွန်းလှစွာ မြန်မာ့ပညာရေးတိုးတက်ဖွံ့ဖြိုးမှုကြီးကို တက်ညီလက်ညီ မီးလောင်တိုက် သွင်းခဲ့ကြ။
အော် မြင်ရမြင်ရ ရင်ဝမသက်သာဆိုတာမျိုး။
တကျပ်တပြားမရှိတဲ့ ဆင်းရဲသား၊ တနေ့လုပ် တနပ်မဟားဒယားစားများမပြောနဲ့၊ လက်မှတ်တခါထိုး ဆယ်မိုးဆယ်နွေစားမကုန်သူဌေးတွေ၊ နိုင်ငံတော်ပိုင်မြေတွေ၊ အဆောက်အဦတွေကို သန်းပေါင်း သောင်းချီ ပေးဝယ်နေကြတဲ့သူဌေးတွေ၊ ဥယျာဉ်ခြံမြေ အပန်းဖြေစခန်းတွေအပါအဝင် ကိုယ့်ဖာသာကိုယ်တောင် ဘာတွေ ပိုင်တယ်လို့ ပြောရမှန်းမသိနိုင်အောင်ပင် ပိုင်ဆိုင်မှုတွေ ဟူးဟူးထနေတဲ့ ထူးတေဇတို့လိုသူဌေးတွေ၊ ငွေကြေးတွေ ဘယ်လောက်ရှိပါတယ်လို့ အဘယ်စာရင်းအင်းပညာရှင်မှ တွက်ချက်ဖို့ စိန်မခေါ်ရဲတဲ့ ကိုချုပ်မှူးကြီးသန်းရွှေမိသားစုလို ချုပ်မိသားစုတွေ၊ (စစ်သားစစ်စစ်ဟုလဲ မပြောသာ၊ အရပ်သားဟုလဲ ပြောရခက်၊ အာဏာစက်ရှိသေးလားလဲ မသိ၊ မရှိသေးလားလဲ မသိ၊ နောက်ဖြစ်လာသည့် စစ်ဦးစီးချုပ်ကလဲ ဗိုလ်ချုပ်မှူးကြီးမဟုတ်သည်ကတချက်၊ အဖက်ဖက်က တွက်လုပ်တော့ ဗိုလ်ချုပ်မှူးကြီးဒင်ပြည့်ကျပ်ပြည့်တော့ မဟုတ်တန်ရာ၊ လူနဲ့စစ်သားပေါင်းစပ်တဲ့ ကိုချုပ်မှူးကြီးတော့ ဟုတ်တန်ရာသေးသည်ဆိုပြီး ကိုချုပ်မှူးကြီး လုပ်လိုက်ပါကြောင်း)   ခေတ်အစုတ်မှာ သစ်ခုတ်ရင်း သူဌေးဖြစ်နေတဲ့ အလုံတင်ဝင်းတို့လိုဟာတွေအတွက် တောင် ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးထားတယ်၊ ဘာမှ ထပ်လုပ်ပေးစရာ၊ ဖြည့်စရာ၊ စွက်စရာ မလိုတဲ့ စကြာဝဠာ့အကောင်းဆုံးကျန်းမာရေးစနစ် ကျင့်သုံးနေပါတယ်ဆိုပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့အဆိုကိုပယ်ချသူ ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာကျော်မြင့်ရဲ့ ဖုန်းနံပတ်များ၊ တိုက်လိပ်စာ များ၊ ကုမ္မဏီလိပ်စာများ၊ ခြံလိပ်စာများ၊ ဆိုင်လိပ်စာများသိရင် ဖေါ်ပြပေးကြပါခင်ဗျား။
ဆေးဖိုး၊ ဆေးရုံဖိုးမတတ်နိုင်လို့ ဆေးရုံမတက်နိုင်ဘဲ (တိုင်းပြည်အတွက်) (ကျန်းမာရေးဝန်ကြီးအတွက်) အသေခံသွားသူတွေ၊ ဆေးဖိုး၊ ဆေးရုံဖိုးမတတ်နိုင်လို့ ဆက်မကုတော့ဘဲ ဆေးရုံကဆင်းပြီး (တိုင်းပြည် အတွက်) (ကျန်းမာရေးဝန်ကြီးအတွက်) အသေခံနေရသူတွေရဲ့ ဆွေမျိုးမိတ်ဆွေတွေ၊ နိုင်ငံခြားက တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံရတာကို အားကျရင်း၊ တချို့လဲ နိုင်ငံခြားက တိရစ္ဆာန်ဖြစ်ချင်ရင်း သေသွားသူတွေရဲ့ ဝိညာဉ်တွေ ကျေးဇူးတင်စကားပြောကြရအောင် နတ်လမ်းညွန်မလို့ပါခင်ဗျား။
(တချို့ စစ်သည်တော်များသည် သူတို့သာ တိုင်းပြည်အတွက် အသက်စွန့်နေရသည်၊ အခြားစွန့်သူမရှိဟု ထင်ကြသည့်အတွက် (တိုင်းပြည်အတွက်) ဆိုသောစကားရပ်ကို ထည့်သွင်းလိုက်ပါသည်၊ သေချိန်တန်လို့ မဟုတ်ဘဲ တိုင်းပြည်၏ လမ်းမကောင်းလို့ တိုင်းပြည်အတွက် အခွန်ငွေရှာရင်း သေသွားရသူတွေ ဒုနဲ့ဒေး ရှိသေးသည်၊ သဘာဝဘေးဒဏ်ကျရောက်စဉ် တိုင်းပြည်၏ အသဘာဝအတွေးစံကြောင့် အသက်စွန့် သွားကြသူများလဲ မရေမတွက်နိုင်၊ တိုင်းပြည်ဘဏ္ဍာငွေအတွက် သဘာဝဘေးဒဏ်အကျခံပြီး သစ်ခုတ်ခွင့် တောပြုန်းခွင့် ရေကြီးခွင့် မိုးခေါင်ခွင့်ပေးရင်း အသက်စွန့်သွားသူတွေ၊ စွန့်နေအုံးမယ့်သူတွေ၊ သက်တမ်းလျှော့ ပြီးနေသွားသူတွေဆိုတာက မရေမတွက်နိုင်) (အခွန်ထမ်းပြည်သူတွေ အခွန်ထမ်းနိုင်ဖို့ လိုရာပို့ဆောင်မြန်း ပေးနေရတဲ့ လိုင်းကားမောင်းသူများဆိုလျှင် ရဲပဒေါင်းနီဘွဲ့များပင် ချီးမြှင့်ထိုက်ပေ၏)
ကြိုတင်မဲအစိုးရပီပီ အဆိုတွေကို ကြိုတင်သွင်းခိုင်းပြီး ရှင်းချင်တဲ့အတိုင်းရှင်း၊ ဗျင်းချင်တဲ့အတိုင်းဗျင်းနေတဲ့ လွတ်တော်ကြီးရဲ့ဂုတ်စီး သမ္မတကြီးက ပြောတာဆိုတော့လဲ ယုံဖို့ခက်သား။
တော်သေးတယ်။ မယုံမိလို့၊ ယုံတဲ့အကြောင်း မပြောမိလို့သာ လက်ဖက်ရည်ဆိုင်မှာ စကားဖေါင်ဖွဲ့ ရဲတော့တယ်။ ယုံမိတဲ့ကောင်တွေခမျာ မသက်သာလှ။
ဒီမိုကရေရယ်လို့၊ စီမိသည့်ဝန်၊ ကျွံမိသည့်နှုတ်မို့ မရုပ်လောက်ဘူးထင်သူတွေ ဟက်တက်ကွဲသွားကြတယ်။
ညာတာပါတေး ရွှေပြည်အေးမိန့်ခွန်းလေးနဲ့ ရွှေနားတော်သွင်းလိုက်လို့ တချို့တချို့တွေက မခို့တရို့လေး ကြိုဆိုလိုက်ကြရော
ဟော …
သံချပ်မထိုးရတဲ့။
သမ္မတကြီးစကားကို ယဉ်ကျေးမှုဝန်မင်းက သင်းကွပ်လိုက်သလား။
သမ္မတကြီးကိုယ်စားဘဲ ယဉ်ကျေးမှုဝန်မင်းက ဗျင်းလွတ်လိုက်သလား။
ဒီမိုကရေစီများတို့ရယ် …
ဒီမိုကရေစီခေတ်မှာ သမ္မတမဖြစ်ရဲရင်လဲ စစ်တပ်ကိုသာပြန်အပ်လိုက်ပါ။
စစ်အစိုးရပဲလေဆိုပြီး ကျေနပ်ကြမှာပါ။
ဟိုဟာ မလုပ်ရ၊ ဒီဟာ မလုပ်ရ၊ ဟိုဟာ မပြောရ၊ ဒီဟာ မရေးရဆိုတဲ့ တက်ခေတ်နဲ့မညီတဲ့ နဂ္ဂတစ်စကားတွေ မိဖပြည်သူများခမျာ မကြားလိုတော့ပါ။ နားခါးလှပါပြီ။
( ပြည်သူက မိဘပြန်ဖြစ်ခွင့်ရပြီထင်ပါသည် )
( မည်သူသည်အမိ၊ မည်သူသည်အဖ၊ မည်သူကသား၊ မည်သူကသမီးဆိုသည့်ကိစ္စကိုလည်း လွတ်တော် ထဲတွင် တပ်ရော အရပ်ရောဆုံတုန်း ရှင်းသင့်သည်ထင်သည်။ ခုဟာက အဖေကို သားက သားခေါ်နေသလား၊ သားကို အဖေက အဖေခေါ်နေသလား၊ ကွဲကွဲပြားပြားမသိချေ။ အကယ်၍သာ အဖေသား မှားမိကြမည်ဆိုလျှင် ဤအကုသိုလ်ကြီးသည် အဖေသားနှစ်ဦးလုံး၏ အမိမြန်မာပြည်ကြီး မှောင်ကြီးကျကိန်းဆိုက်စေနိုင်သည်။ ထို့ကြောင့် လင်းအောင် ရှင်းသင့်သည်ထင်ပါသည် )
          ဒီလို တားတာ မြစ်တာ နှစ်တွေကြာလာတော့ ကိုယ့်ဘဝကို စိတ်နာကြလွန်းလို့ နိုင်ငံခြားသားဖြစ်ချင်တယ်ဆိုတဲ့ မြန်မာတွေလဲ မနဲတော့ပါဘူး။
သားသားကြီးရင်ဘာလုပ်မယ်လို့ ကလေးကိုမေးတော့ ဆရာဝန်ကြီးလုပ်မယ်လဲ မပြောတော့ဘူး၊ အင်ဂျင်နီယာ ကြီးလုပ်မယ်လဲ မပြောတော့ဘူး၊  စစ်ဗိုလ်ကြီးလုပ်မယ်လဲ မပြောတော့ဘူး၊ နိုင်ငံခြားသားလုပ်မယ်ဆိုတဲ့ ကလေးတွေတောင် အတော်များနေပါပြီ။
အော် သူတို့လဲ တီဗီ ဗီဒီယိုတွေကတဆင့် ကိုယ့်တိုင်းပြည်ကဘာ၊ သူ့တိုင်းပြည်ကဘာဆိုတာ သိသွားကြပြီပေါ့။
သံချပ်ဆိုတာ အနုပညာပုံသဏ္ဍာန်တခု။
စာပေပုံသဏ္ဍာန်တခု။
သံချပ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုလက္ခဏာ။
ကဗျာဖွဲ့ထုံးတမျိုး။
သံချပ်ဆိုတာ စတုတ္ထမဏ္ဍိုင်ရဲ့ ဦးဆောက်ပန်း။
သံချပ်ဆိုတာ ဒီမိုကရေစီကျင့်စဉ်ရဲ့ ရှေ့တော်ပြေး။
သံချပ်ဆိုတာသမ္မတကြီး အလေးထားရမယ်ပြောတဲ့ ပြည်သူတွေရဲ့သဘောထား၊ ပြည်သူတွေရဲ့ တုံ့ပြန်မှုဆိုတာကို အသိတော်ခေါက်ခက်နေကြပါစ။
သမ္မတဟာ အစိုးရတရပ်ဟာ သူ့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတခုလုံးကို ကိုယ်စားပြုသလား။
ယဉ်ကျေးမှုဝန်ကြီးဆိုသူရဲ့ ယဉ်ကျေးမှုကရော ဘာလဲ။ ဘယ်နှစ်ဆယ်သားလဲ။
ဧည့်ခန်းထဲ စောင်းကောက်ထည့်ထားရုံနဲ့ ယဉ်ကျေးမှုရှိသွားရောလား။
တိုင်းပြည်တပြည်မှာ ၅-နှစ်လောက်သမ္မတဖြစ်ခွင့်ရရုံကလေးနဲ့  လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအနုပညာပုံသဏ္ဍာန် တခု၊ စာပေဖွဲ့ထုံးတရပ်ကို ကန့်သတ်ခွင့်ရှိသလား။
ယဉ်ကျေးမှုတရပ်ကို နိဂုံးချုပ်ခွင့်ရှိသလား။
တိုင်းပြည်တပြည်၊ လူမျိုးတမျိုးကို ကိုယ်စားပြုတဲ့ယဉ်ကျေးမှုအနုပညာရှင်တယောက်ဟာ သူဖွဲ့ဆိုမဲ့ အနုပညာ ပုံသဏ္ဍာန်တရပ်ကို သမ္မတကြီးနဲ့ တိုင်ပင်ဖွဲ့ဆိုရမှာလား။
ဟောဒါ ယဉ်ကျေးမှုတွေကို သင်းကွပ်ပစ်တဲ့သူတွေ ယဉ်ကျေးမှုဝန်ကြီးဖြစ်တဲ့တိုင်းပြည်ပေါ့။
အနုပညာဟာ သက်တမ်းမဲ့တယ်။
သမ္မတက ဝန်ကြီးက အချိန်ကျ သူ့ဘာသာပြုတ်သွားမယ်၊ သေသွားမယ်။
ယဉ်ကျေးမှုအနုပညာက ရှိနေမှာလေ။
တိုင်းပြည်ကြီးက ရှိနေမှာလေ။
လူမျိုးတွေက ရှိနေမှာလေ။
စာပေတွေက ရှိနေရမှာလေ။
ကမ္ဘာတည်သရွေ့ မြန်မာက ရှိနေရမှာလေ။
မြန်မာဆိုတာကို မြန်မာ့ယဉ်ကျေးမှု မြန်မာ့အနုပညာ မြန်မာ့ထုံးတမ်းစဉ်လာတွေကလွဲရင် ဘာကများ မီးမောင်းထိုး ပြနိုင်မှာမို့လဲ။
ရပ်ထဲရွာထဲ ဒေသထဲက အရွဲအဆွေး အကြေးအညစ်တွေကို ဆေးပစ်ရေးသံချပ်တွေ မရေး မဆို မပြိုင်ရတော့ တနွယ်ငင်တစင်ပါ တေးသစ်ဖွဲ့ဆိုမှုတွေပါ တဖြည်းဖြည်းကျဆင်းလာပြီး သင်္ကြန်အနှစ်သာရ အညစ်အကြေး ဆေးကျောရေးပျောက်ကာ သင်္ကြန်ဆိုတာ အရက်နဲ့ရေရောထားတဲ့ သောက်သောက်လဲ ကွဲကွဲကျေ အသေပြိုင်ပွဲတော်ကြီးဖြစ်သွားပြီ။
သင်္ကြန်ဆိုတာ မြန်မာတွေ တေးသစ်သီရာလ။
သင်္ကြန်ဆိုတာ တောရောမြို့ပါ၊ ဆိုက္ကားသမားရော ကားပိုင်ပါ၊ စာမတတ်သူရော ပါမောက္ခပါ တေးဖွဲ့ကြတဲ့လ။
သင်္ကြန်ဆိုတာ ကလေးလူကြီး အလွှာပေါင်းစုံ စိတ်ကူးကွန့်မြူး ပျော်ရွှင်တဲ့လ။
သင်္ကြန်ဆိုတာ တပြည်လုံး အနုပညာတွေ နိုးတဲ့လ။
သင်္ကြန်ဆိုတာ မြန်မာပြည်မှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတဲ့လ။
ခုတော့ သင်္ကြန်ဆိုတာ အရက်ဖိုးစုတဲ့လ။
အရက်သောက်ပြိုင်တဲ့လ။
အရက်ကုမ္မဏီတွေ ဂုဏ်ပြုခံတဲ့လ။
မိဖတွေ စိတ်ပူရတဲ့လ။
နာရေးကူညီမှုယဉ်တွေ စက်နိုးထားရတဲ့လ။
ယဉ်ကျေးမှုတွေ ဖြဲဆုပ်ခံရတဲ့လ။
သမ္မတကြီးခင်ဗျား …
 ကဗျာဖွဲ့နည်းတရပ်ကို ကုမ္မဏီလိုင်စင်ချပေးသလို ချပေးလို့ရော ရပါသလား။
ပိတ်ပင်လို့ကော ရပါသလား။
အဲဒီ သံချပ်မထိုးရဥပဒေကို လွတ်တော်ကရော အတည်ပြုပေးလိုက်ပါသလား။
အော် တိုင်းပြည်ကတော့ မရှိရေ ရှိရေနဲ့ လစာတွေပုံပေး၊ လွတ်တော်ကြီးတွေ ဆောက်ပေး၊ အစိုးရဖွဲ့ပေးနဲ့ လုပ်လိုက်ရတာ။ လာ လာချည်သေး၊ သံချပ်တောင်မထိုးနဲ့တဲ့။ တတိုင်းပြည်လုံးများ ခင်များတို့ဗိုက်ထဲက ထွက်လာတယ်များ ထင်နေကြလား။
ရပ်သင့်ပြီ။
စစ်အစိုးရတုန်းကလိုမျိုး အနုပညာတွေကို ယဉ်ကျေးမှုတွေကို သွေးလှန့် သွေးပျက်ပြီး ချိုးဖျက်နှိပ်ကွပ် ဖြတ်တောက် ပိတ်ဆို့တားဆီးခဲ့တာတွေ ရပ်သင့်ပြီ။
ဟိုပိတ် ဒီဆို့နဲ့ နောက်ဆုံးတော့ တိုင်းပြည်နဲ့ လူမျိုး ကြက်သရေတုံးသွားတာဘဲ အဖတ်တင်တယ်။ ဒီတိုင်း ဆက်သွားရင် နိုင်ငံကြီးကလဲ တစပြင်လိုဖြစ်တော့မှာ မကြာတော့ဘူး။ ဧရာဝတီကြီးတောင် ခြောက်ခန်းသွား အောင် လုပ်ပစ်လိုက်ကြပြီ။ ဘယ်သူက ဘာနဲ့ကုစားပေးမှာလဲ။ ဘယ်သူ့အိတ်ထဲရောက်သွားတဲ့ စိန်တွေ ရွှေတွေ ငွေတွေက ဘာနဲ့ ဘယ်လို ပြန်လုပ်ပေးနိုင်မှာလဲ။ ကိုယ့်နိုင်ငံကထွက်တဲ့လျှပ်စစ် ကိုယ်မသုံးရတဲ့ တိုင်းပြည် ကမ္ဘာမှာ ဘယ်ပြည်များ ရှိသလဲ။ ကိုယ်တိုင်းပြည်မီးတပွင့်တောင် မသုံးရတဲ့လျှပ်စစ်အတွက် ကိုယ့်အသက်သွေးကြောဖြစ်တဲ့ မြစ်တွေအပျက်ခံတာ ဘယ်တိုင်းပြည်များရှိသလဲ။
ဂက်စ်ထွက်တယ်။ လျှပ်စစ်ထွက်တယ်။ ဒါပေမဲ့ တောရောမြို့ပါ ထင်းခွေရတုန်း။ ဖယောင်းတိုင်ထွန်းရတုန်း။ တတိုင်းပြည်လုံး ကျိန်စာတိုက်ခံနေရပြီ။ ကိုယ်ချင်းစာတရား အမှောင်ကျနေပြီ။ အဆင်ခြင်မဲ့မှုတွေနဲ့ တောလဲမြေပြိုတော့မယ်။
 တိုင်းပြည်ကို ရင်ကွဲပက်လက်ချစ်ကြသူတွေ ကိုယ်စီ ကိုယ်စီ ငွေထုတ်ပိုက်ဆင်းသွားကြတယ်။ ဂရံတွေကိုင် ဆင်းသွားကြတယ်။ တိုင်းပြည်ကြီးကို ခြစ်လိုက်ကြတာ။ သစ်တွေလဲခြစ်၊ တောတွေလဲခြစ်၊ မြေတွေလဲခြစ်၊ ရေတွေလဲခြစ်၊ ကျောက်တွေလဲခြစ်၊ ဂက်စ်တွေလဲခြစ်၊ တဗိုလ်ပြီးတဗိုလ်၊ တယောက်ပြီးတယောက် ခခွေးရရစ်ပြီး ဝိုင်းခြစ်လိုက်ကြတာ။ တိုင်းပြည်ကြီးကတော့ ပူလောင်ကျွတ်ရွနေပြီ။
ဧရာဝတီကို ဝကွက်အပ်ခွင့် ဘယ်သူ့မှာ ရှိသလဲ။
ဧရာဝတီနဲ့ အလဲအထပ်လုပ်ရလောက်အောင် ဘာတွေများရခဲ့လဲ။
ဧရာဝတီဆိုတာ မြန်မာပြည်ဘဲ။ မြန်မာပြည်နဲ့ အလဲအထပ်လုပ်လောက်တဲ့အရာတွေ၊ အကြောင်းတရားတွေက ဘာတွေလဲ။ မြန်မာပြည်က တဦးတယောက်ပိုင်ပစ္စည်းလား။
ဒီကိစ္စတွေ ရှင်းရှင်းလင်းလင်းပြောကြဆိုကြဖို့တော့ လိုလာပြီ။ လွတ်တော်မှာ ကြားနာကြဖို့တော့ လိုလာပြီ။
ဥပဒေတွေကို ဝန်ကြီးတွေက ထုတ်ချင်ရာထုတ်မှာဆိုရင် လွတ်တော်ဆိုတာကြီးက ဘာလုပ်ဖို့လဲ။
လွတ်တော်မှန်သမျှအတွက် တလ တလ တိုင်းပြည်က ပေးထားရတဲ့ငွေတွေက နဲနဲနောနောမဟုတ်။
တကယ်တမ်း တိုင်းပြည်မှာက ဘာအလုပ်မှ ဟုတ်တိပတ်တိ မရှိ။
မြေပေါ်ရှိတဲ့အပင်တွေလဲကုန်၊ မြေအောက်ရှိသမျှလဲ နှိုက်ထုတ်ရောင်းနေရလို့ ဘယ်နေ့တိုင်းပြည်ကြီးက မြေအောက်ကျွံဝင်သွားမယ်မှန်းတောင် မသိ။
လူငယ်လူရွယ်မှန်သမျှ အိုးပစ် အိမ်ပစ် မိပစ် ဖပစ် သားပစ် မယားပစ် လယ်ပစ် ယာပစ် နိုင်ငံခြားထွက် ကျွန်ခံပြီး ငွေရှာနေရတာ။
အဲဒါတွေကို ထိုင်သုံးနေသူတွေက …..
ခင်ဗျားတို့ အစိုးရဆိုသူတွေက တချိန်လုံး သတင်းစာတွေ တီဗီတွေ ဂျာနယ်တွေကနေ ပြောချင်ရာကို ပြောချင်တဲ့အချိန်မှာ ပြောချင်သလိုပြောလာခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပတုန်း။
အဲဒီလို ပြောနေသူတွေက…..
ကျုပ်တို့ ပြည်သူတွေမှာ ဒီသင်္ကြန်လေးဘဲ ပျော်စရာရှိတာပျော်၊ ဒီသံချပ်လေးတွေနဲ့ဘဲ ပြောစရာရှိတာ ပြောရတာ။
အော် သံချပ်သံလေးတောင် မကြားရဲသူတွေက……….
 ပြည်သူ့စကား နားထောင်အုံးမတဲ့။
အရပ်ကတို့ရေ ကောင်းကြသေးရဲ့လား ………။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts