>Kyaw Home – Welcome back our heros of the past

>

သူရဲစောင်းကြီးများကို ပြန်လည်ဖိတ်ခေါ်ခြင်း
ကျော်ဟုန်း
ဧပြီ ၂၀၊ ၂၀၁၁
တချိန်တုန်းက
မင်းရုပ်လွှာကို မြင်ဖူးတယ်၊
အာသံမှာ ယူနီဂျက်အလံကို ဓါးနဲ့ပိုင်း
ယမ်းကျည်တွေကြား ဓါးသွားထက်တဲ့
မဟာဗန္ဓုလ လိုလို၊
ရန်သူထက် အင်အားကွာ နည်း
ပြန်လမ်းမရှိ ရှေ့ပဲဆက်
နောင်ရိုးမှာ ဖောင်ဖျက်တိုက်ခဲ့
ဘုရင့်နောင် လိုလို၊
ဒို့များ ဒီမိုအရေးမှာ
ခွပ်ဒေါင်းလံကို နဖူးမှာစွဲ
မိုးတလုံး လေတလုံး အာဂုံသုံး
လက်သီးလက်မောင်းတန်းပြီး
ဒေါသမျက်နှာနဲ့ အသားကုန်အော်
မင်းအသံကြားရုံနဲ့ နအဖ လဲသေလောက်
လားလာ့း့ လူအုပ်ရှေ့က သူရဲကောင်းကြီး
ခု ဘယ်များ ရောက်နေပါလိမ့်၊

ဘာလုပ်မယ်၊ ညာလုပ်မယ်
ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ်
ဆင်ဖမ်းမယ်၊ ကျားလဲဖမ်းမယ်
မြွေဖမ်းမယ်၊ တီကောင်ပါဖမ်းမယ်
ကမ္ဘာကြေတောင် ဥဒါန်းမကြေ
အရိုးကြေကြေ အရေခမ်းခမ်း
မေးရိုးကြီးကား လည်ပင်းကြောထောင်
လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်
အာလုပ်သံကြီးနဲ့
မင်းရဲ့ ဟိန်းဟောက်လိုက်သံများ
အာဖရိက ခြင်္သေ့ကြီးတွေတောင်
ခေါင်းကိုဝှက် အမြီးကုတ်
သမင်အုပ်တွေ့တာတောင် မလိုက်ရဲ
မင်းဟန် မင်းအသံကို တုမယှဉ်နိုင် ကြောက်ခဲ့ရ
ဒီပုံရိပ်တွေ ဘယ်ရောက်သွားပါလိမ့်၊
လူသမိုင်း စကတည်းက
ရေကြည်ရာ မြက်နုရာရှာ
နေထိုင်ပုံ သဘာဝ
နားလည်ပေးနိုင်ပါတယ်၊
ဒီမိုကရေစီမြတ်နိုးတဲ့ မင်းဟာ
ဒီမိုကရေစီနိုင်ငံကို မိသားစုနဲ့ရောက်
ဒီမိုကရေစီအစာတွေ တ၀တပြဲစားရ
ဗိုက်ကြီးစူ၊ ပါးကြီးဖောင်း၊ ဖင်ကြီးစောင်း
စောင်ခြုံထဲကတောင် ‘တို့အရေး’မအော်
နိဗ္ပာန်ရောက် ဆုတောင်းဖို့တောင် မေ့ရော့ထင့်
ရဲဘော်ရဲဘက်ဆိုသူတွေကို မေ့ရော့ထင့်
ဒို့ပြည်က ပြည်သူဘ၀ကို မေ့ရော့ထင်
နှစ်ရှည်ခံအကျဉ်းစံသူရဲကောင်းတွေကို မေ့ရော့ထင့်
ထမင်းစား ရေသောက် ဗမာစကားပြော မေ့ရော့ထင့်
‘ရော့ ခက်(စ်)တော့ ခက်(စ်)နေပါပြီ သူရဲစောင်းကြီး’
အင်တာနက်ကတဆင့်
ဒို့ပြည်သူ၊ ဒို့နိုင်ငံအကြောင်း
ရုပ်လဲမြင် အသံလဲကြား ရှုပွားနိုင်ပါတယ်
မျက်လုံးမကန်း၊ နားမထိုင်းသေးဘူးဆိုရင်ပေါ့၊
တိုက်ပွဲက လိုက်ပွဲလိုနေတာ မင်းသိမယ်
တိုက်ပွဲခေါ် သူရဲမျှော်တာ မင်းသိမယ်
မိသားစုဒီမိုရသလို တိုင်းပြည်ဒီမိုလိုတာ မင်းသိမယ်
ဒီမိုရရင် ဒီမိုခိုင်ရေး ထိန်းဖို့လိုတာ မင်းသိမယ်
လုပ်ချင်သူ လုပ်စရာတွေ အများကြီး
အဝေးကလဲ လုပ်နိုင်ပါတယ်၊
အောက်စီဂျင်လို
ကိုယ်တိုင်မီးမလောင်နိုင်တောင်မှ
မီးလောင်ခြင်းကိုအားပေး
တန်ဖိုး မသေးဘူးမို့
တချိန်တုန်းက မင်းရုပ်လွှာမျိုး   
ပြန်မြင်ချင်ပါတယ် သူရဲစောင်းကြီး။          

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts