>My Academy Sein – How to Make a Never Ending Story of Burmese TV Series

>

ရုပ်ရှင်အနုပညာ အမှောင်လွှမ်းသော အခန်းဆက်ခေတ်ကြီး
မိုင်အကယ်ဒမီစိန်
ဧပြီ ၂၀၊ ၂၀၁၁
ကျွန်တော်က ရုပ်ရှင်ဝေဖန်ရေးသမားဆိုတော့ ရုပ်ရှင်ကိုပဲ ပြောမယ်ဗျာ။ အခု မြန်မာ့ရုပ်ရှင် ဗီဒီယိုခေတ်ကြီးဟာ ကိုရီးယားခေတ်ဖြစ်နေပြီဆိုတာကိုတော့ လက်ခံထားလိုက်ရပါပြီ။ မြန်မာအနုပညာသည်တွေ တီဗီမှာမြင်ရတွေ့ရတာတွေကို ခံစားပြီး သဘောပေါက်ပြီးသားမို့ အရှည်မပြောတော့ပါဘူး။ ဒါကို အဖြေတစ်ခု ထုတ်ပေးမလို့။
ဒီလိုဗျ။ အခုပရိသတ်က ကိုရီးယားကားမှ၊ ကိုရီးယားမင်းသမီးမှ၊ ကိုရီးယားမင်းသားမှ၊ ကိုရီးယားဇာတ်လမ်းမှ လူထင်နေတာ ဆိုတော့ ဒါကို လိုက်မီအောင် စဉ်းစားထားတာလေး ထုတ်ပြောမယ်။ နည်းနည်းတော့ အပြောခံလိုက်ပါ။ အတုလုပ်တယ်၊ လိုက်တုတယ်၊ နောက်လိုက် … စသည်ဖြင့်…။ အဲသည် အပြောလေးတွေ ခံလိုက်။ ဒါပေမယ့် အကြံတူရင် နောက်လူ သာတယ် ဆိုသလို၊ နောက်ကလိုက်ပေမယ့် ကျော်တက်သွားတယ် ဆိုတာလို ဖြစ်အောင် လုပ်ပြမယ်ဗျ။ အဲသည်လို ကြွေးကြော်ကြရအောင်။ အဲ … နည်းနည်းတော့ စိတ်ဝင်စားသွားပြီ မဟုတ်လား။
ဒီတော့ ကိုရီးယားဇာတ်လမ်းတွဲရှည်တွေကို မြန်မာပရိသတ်က သိပ်ကြိုက် သဘောတွေ့ မနောခွေ့ နေတာကို ကိုယ့်ဘက်လှည့်လာအောင် ကျွန်တော်တို့လည်း မြန်မာဇာတ်လမ်းတွဲရှည် လိုက်ရိုက်မယ်။ သို့သော် ရှိပြီးသား ရုပ်ရှင်တွေကို ဖြတ် ဖြတ် ပြီးမှ တီဗီမှာပြတာမျိုး ကိုတော့ ရှောင်ပါ။
အစကတည်းက အစအဆုံးကြည့်ဖို့ ရိုက်ထားတာတွေကို ကိုရီးယားကားမျိုးဖြစ်အောင် တီထွင်တယ်ဆိုပြီး အပိုင်းတွေ ဖြတ် ဖြတ်ပြီး အခန်းဆက်လုပ်ပြတာ လူလည်လုပ်ပြတာတွေကို မလုပ်သင့်ပါဘူး။
ဒီတော့ အရင်ဆုံး ဇာတ်လမ်းရှာမယ်။ ကဲ … အကောင်းစား စာရေးဆရာတွေရေးတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်လောက်ရှာ။ တွေ့ပြီဆိုရင် ဇာတ်ညွှန်းရေးဆရာတစ်ယောက် ငှားရမယ်။ အဲသည် ဇာတ်ညွှန်းရေးဆရာဟာ ဇာတ်လမ်းတွဲ အနည်းဆုံး အပိုင်း ၂၀ ကနေ အများဆုံး အပိုင်း ၁၀၀ လောက် အထိကို ဖြန့်ကျက်ပြီး ဆွဲဆန့်ပြီး ရေးတတ်တဲ့သူဖြစ်ရမယ်။ အကယ်၍ သည်လိုဇာတ်ညွှန်းရေးဆရာမျိုး မရှိရင် လွယ်ပါတယ်။ ကိုရီးယားမှာ သင်တန်း တက်ခိုင်းလိုက်။ ဇာတ်ညွှန်းရေးဆရာသင်တန်းတစ်ခုလောက် ကုန်အောင် တက်ခိုင်းလိုက်။ အချိန်တော့ ပေးရမယ်။ ရပြီဆိုရင် သူ့ကို ရော့ အင့် ဆိုပြီး နာမယ်ကြီးစာရေးဆရာတစ်ယောက်ရဲ့ ၀တ္ထုတစ်ပုဒ်ကို ထိုးအပ်လိုက်ပေတော့။
ရေးစမ်း အတွဲ ၅၀ ၊ အတွဲ ၁၀၀ … စသဖြင့်ပေါ့။
ကဲ … ထွက်လာပါပြီဗျာ။ အတွဲ ၄၀ ဆိုပါတော့။ ဖတ်ကြည့်လိုက်ဦး၊ ဇာတ်ကောင် စာရင်း၊ ဇာတ်ရံက အဓိကဇာတ်ကောင်အရေအတွက်ထက် များရဲ့လား။ ၀တ္ထုထဲမပါတဲ့ ဇာတ်ကောင်စာရင်းတွေက ဇာတ်ရံအရေအတွက်ထက် များရဲ့လား။ ဇာတ်လမ်းနဲ့ မဆိုင်တဲ့ စကားလုံးတွေ များများသုံးထားရဲ့လား။ ပရိသတ်က သိပ်ကြိုက်လာပြီဆိုရင် ဒိထက်ပိုဆွဲထားဖို့ အပိုဇာတ်လမ်းတွေကော ထွင်ထားရဲ့လား။
စာရေးဆရာကိုတော့ ကြည့်ပြောထားဦး။ အခုဟာက လောလောဆယ် ကျောရိုးလောက်ပဲ ယူထားတာ။ စာရေးဆရာရဲ့ဇာတ်လမ်းကတော့ မမှတ်မိလောက်အောင် ပျက်စီးသွားမှာကို ကြိုပြောထားဦး။ ဒါ့အပြင် မင်းသား မင်းသမီး အခန်းနည်းနည်းနဲ့ အပိုဇာတ်ကောင်များများ သုံးဖို့ လိုတယ်။ ဇာတ်လမ်းကိုလည်း အပြင်မှာ မဖြစ်နိုင်တာမျိုး များများပါအောင်လုပ်ထား။
ဥပမာ မွေးလာတုန်းက ယောကျာင်္းလေး … ဟော … ကိုယ့်လက်ထဲရောက်လာတော့ မိန်းကလေး ဖြစ်နေတာမျိုး။ မွေးခါစကလေးချင်း လဲတာကိုလည်း ကိုရီးယားကားနဲ့ မတူအောင် ယောင်္ကျားလေးနဲ့ မိန်းကလေး လဲတာမျိုး ပေါ့ဗျ။
မြန်မာပရိသတ်အကြိုက် ဖြစ်သွားအောင် ဇာတ်ကို နာသထက် နာအောင် အမျိုးမျိုး အဖုံဖုံ ဖန်တီးလိုက်ပါ။ အခု ခေတ်စားနေတဲ့ ကြယ်စင်ညီအမများ၊ ညီအမဇာတ်လမ်းများနဲ့ မတူအောင် မစ်ကီးဝေးညီအကိုများ ဆိုပြီးတော့ဖြစ်ဖြစ် ညီအကိုဆယ်ယောက်ဇာတ်လမ်းများ တီထွင်လိုက်ရင် ဇာတ်မြောကြီးတစ်ခုထဲမှာ ဇာတ်လမ်း ဆယ်စုံတွဲ တစ်ခါတည်း ပြလို့ရမယ်။ ၀တ္ထု ဆယ်အုပ်စီက ဇာတ်လမ်းများကို တစ်တွဲချင်းဆီ လုပ်ပေါ့။
စစချင်းတော့ မြန်မာပရိသတ်က နည်းနည်း လှောင်ချင် လှောင်မယ်ဗျ။ သို့သော် … အမယ် …. တယ် ဟုတ်ပါလား … ဆို ဖြစ်လာမယ်။
စမ်းကြည့်ရအောင်လား။
ကဲ … အခု ဇာတ်လမ်းလည်း ရပြီ။ ဇာတ်ညွှန်းရေးဆရာဆီက အတွဲ ၄၀ စာလည်း ရပြီ ဆိုရင် အခု ဘာဆက်လုပ်မလဲ ဆိုတော့ မင်းသား မင်းသမီး ဇာတ်ပို့ ဇာတ်ရံ၊ လူကြမ်း ကလေး လူကြီး စသဖြင့် ရွေးရအောင်။ အခုမှ ခက်ပြီဗျာ။ ဘယ်မင်းသား မင်းသမီး ကြည့်လိုက် ကြည့်လိုက် … ဘယ် ကလေးဇာတ်ဆောင်ကအစ၊ လူကြမ်း၊ ဟာသသရုပ်ဆောင် … … အားလုံး အားလုံးက အဖားအယားတွေချည်း ပါပဲလား။
သူတို့ရဲ့မျက်နှာတွေဟာ ဒီမင်းသား မျက်နှာကြည့်လိုက်လဲ ဦးသန်းရွှေ မျက်နှာမြင်နေတယ်။ ဟောသည် မင်းသမီးကျပြန်တော့လည်း ဒေါ်ကြိုင်ကြိုင်မျက်နှာ။ ဟိုလူပျက်ကြတော့ ဦးသိန်းစိန်မျက်နှာဖြစ်နေ။ ခက်ရချေရဲ့။
အခုမှ ငါတို့ ရုပ်ရှင်သမား အနုပညာခေတ်က အရိပ်မည်းတွေ လွှမ်းမိုးနေတဲ့ အမှောင်လွှမ်းသောခေတ် ဖြစ်နေပါလားလို့ စုပ်တသပ်သပ် ဖြစ်ရပြန်တယ်။
ခက်ပြီပေါ့။ ဘယ်လိုလုပ်ရပါ့။ မြန်မာပရိသတ်ကို ညာလို့ မရဘူးလေ။ သူတို့က ကျွန်တော်တို့ထက် ပါးတယ်ဗျ။ ဒါကို ပြန်လည်ထွန်းကားသောခေတ် ဖြစ်သွားအောင်လို့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ နည်းနည်းတော့ မျက်စိကျယ်သွားကြပြီထင်ပါ့။
ဒီလိုပါ …. ဇာဂနာတို့၊ ကျော်သူတို့နဲ့ ရိုက်ရအောင်။ မြန်မာပရိသတ်ကို ဒီနည်းနဲ့ပဲ ကိုယ့်ဘက်လှည့်အောင် လုပ်လို့ ရမယ်ဗျ။
အော် … မလွယ်ဘူးပေါ့လေ။ ဒါဆိုရင်တော့ လက်လျော့လိုက်ပါတော့။
ခုနင်က ရထားတဲ့ ဇာတ်ညွှန်းတွေလည်း ရေထဲပစ်ချလိုက်ပါတော့။ စာရေးဆရာကိုလည်း ပြန်ပြီး သူ့ဇာတ်လမ်း ပြန်အပ်လိုက်ပါတော့။ မရနိုင်တော့ဘူး။ ဘယ်လိုမှ ကိုရီးယားကားကို ကျော်တက်နိုင်မှာ မဟုတ်ဘူး။ ဒီပုံတွေ ဒီအခွက်တွေနဲ့ အကုန်ခံပြီး ရိုက်လည်း မြန်မာပရိသတ်က တီဗီပိတ်ပြီး အိပ်ကြမှာမို့ အပင်ပန်းမခံကြပါစို့နဲ့။
အဟမ်း အဟမ်း …. ရေးရတာ လက်ညောင်းလိုက်တာ၊ ဘာမှလည်း မထူးတဲ့ဟာကို အပင်ပန်းခံပြီး ပြောမိလေခြင်း … သွပ် သွပ် သွပ်။
ဒီလိုပါဗျာ … စိတ်မရှိပါနဲ့။ စစ်အုပ်ချူပ်ရေးကို မြွေအရေခွံ လဲသလိုလုပ်ပြီး “ပုဆိုး တိုက်ပုံ အစိုးရ” လုပ်လို့ ရတော့ ကျွန်တော်တို့ ရုပ်ရှင်အနုပညာကိုရော အဲသည်လို အသွင်ပြောင်းလို့များ ရမလားလို့ပါ။ ခက်တာက မြန်မာပရိသတ် လူထုကို ညာလို့မရဖူးပဲ။ သိ နေ တယ် လေ…အဟင်း အဟင်း။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts