>Regime’s New Election Commision starts its operation

>

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့သစ် စတင်အလုပ်လုပ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၀၊ ၂၀၁၁
မတ်လ ၃၀ ရက်နေ့တွင် စတင်တာဝန်ယူခဲ့သည့် သမ္မတသစ် ဦးသိန်းစိန်က ထိုနေ့တွင်ပင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပေးပြီးနောက် နိုင်ငံရေးပါတီများအား သတ်မှတ်ချက်နှင့် ညီမညီ စိစစ်ရန် စာပေးပို့ခဲ့သည်ဟု သိရသည်။
နိုင်ငံရေး ပါတီများနှင့် ပတ်သက်ပြီး ၃ နေရာသို့ ရည်ညွှန်းပေးပို့သည့် စာတွင် တရားဝင် ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီ ၃၇ ပါတီနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေ တွင်ပါရှိသည့် အချက်အလက်များနှင့် ကိုက်ညီခြင်းရှိမရှိ စိစစ်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ အားလုံးနှင့် နိုင်ငံရေးပါတီများသို့ ပေးပို့ခဲ့ကြောင်း မတူကွဲပြားခြင်းနှင့် ညီညွတ်ရေးပါတီမှ ယခုလ ၁၃နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် စာတွင်ဖေါ်ပြထားခဲ့သည်။
ဥက္ကဌအပါအ၀င် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်သစ်များ ခန့်အပ်ပြီး  တပတ်အကြာတွင် ယခုကဲ့သို့ နိုင်ငံရေးပါတီများ၏ ရပ်တည်မှုကို စိစစ်မည့် စာကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုသို့ပေးပို့သည့်စာတွင် မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ အရ နိုင်ငံရေးပါတီများ အနေဖြင့် မတရားအသင်း ကြေညာထားသည့် အဖွဲ့အစည်းများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ဆက်သွယ်မှု ရှိမရှိ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိမရှိ၊ နိုင်ငံတော်ပိုင်မြေ၊ အဆောက်အအုံနှင့် ယာဉ်နှင့် အခြားပစ္စည်းများအား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် သုံးစွဲခြင်းရှိမရှိ စိစစ်ရန် ပါရှိသည်ဟု အထက်ပါ ဖြန့်ဝေသည့် စာအရ သိရှိရသည်။
ယခုလက်ရှိနိုင်ငံရေး ပါတီ ၃၇ ပါတီ တရားဝင်ရပ်တည်လျက်ရှိပြီး နိုဝင်ဘာ ၇ ရက်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်တပ်ကိုနောက်ခံပြုထားသည့်  ကြံ့ဖွံ့ပါတီက နေရာအပြတ်အသတ်နှင့် အနိုင်ရခဲ့ပြီး မတ်လကုန်တွင် အစိုးရအာဏာကို လွှဲယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် ယခုလို စာထုတ်ခဲ့ခြင်း ဖြစ်သည်။
ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်က နိုင်ငံတော်ပိုင် ငွေများဖြင့် မတည်ကာ စတင်ဖွဲ့စည်းခဲ့သည့် ကြံ့ဖွံ့အသင်းကို ဆက်ခံခဲ့ခြင်း ဖြစ်ပြီး ထိုသို့ဆက်ခံခြင်း မပြုမီနိုင်ငံတော်ပိုင် အဆောက်အအုံများ၊ ငွေကြေးများနှင့် စီးပွားရေးဆိုင်ရာ အထူးလုပ်ပိုင်ခွင့်များရရှိခဲ့သည့် ကြံ့ဖွံ့အသင်းပိုင် မြန်ဂုဏ်မြင့် ကုမ္ပဏီနှင့် ပတ်သက်သည့် ငွေကြေးများ ပိုင်ဆိုင်မှုများကို အများပြည်သူသို့ အသိပေးခြင်းမရှိပဲ ကြံ့ဖွံ့ပါတီသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။  အထက်ပါ အချက်များအနက် နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်နှင့် အခြားသော ပစ္စည်းများအား သုံးစွဲခြင်း ရှိမရှိအချက်နှင့် ပတ်သက်လျင် လက်ရှိ အာဏာရ ကြံ့ဖွံ့ပါတီအနေဖြင့် လွတ်ကင်း ဖွယ်မရှိသော်လည်း ယခုလက်ရှိ အစိုးရမှာ ကြံ့ဖွံ့ကြီးစိုးသည့် အစိုးရဖြစ်သည့် အတွက် အဆိုပါ ငွေကြေးနှင့် အဆောက်အအုံများ အတွက် အရေးယူခံရဖွယ်မရှိဟု ရန်ကုန်မြို့မှ နိုင်ငံရေး လေ့လာသူ တဦးကပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ကာလ ကလည်း အရပ်ဝတ်လဲလှယ် ထားသည့် နအဖ အဖွဲ့ဝင် ၀န်ကြီးများ၊ ဒုဝန်ကြီးများ၊ မြို့တော်ဝန်များ အပါအ၀င် အစိုးရဌာနဆိုင်ရာ ၀န်ထမ်းအများအပြားမှာ ဌာနဆိုင်ရာမော်တော်ယာဉ်၊ ၀န်ထမ်းများနှင့် အစိုးရအဆောက်အအုံများကို သုံးပြီး ကြံ့ဖွံ့ပါတီအနိုင်ရရေးအတွက် လုပ်ဆောင်ခဲ့ကြသည်။ အတိုက်အခံ နိုင်ငံရေးပါတီအချို့က ကန့်ကွက်ပြောဆိုမှုများ ရှိသော်လည်း ထိုစဉ်က ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မည်သည့်အရေးယူဆောင်ရွက်မှုမျှ မပြုခဲ့ပေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts