ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – Support Unity – Say No to anti-Unity

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ညီညွတ်ရေးကို ဦးတည်ရုံနှင့်မပြီး၊ မညီညွတ်ရေးကိုလည်း ငြင်းပယ်ကြ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၁၉ ၊ ၂၀၁၁
မြန်မာနှစ်သစ်ကူးကာလ ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစကားပြောဖြစ်တဲ့ဆီမှာ မြန်မာကွန်မြူနီတီအတွင်း၊ မြန်မာ့အရေးလှုပ်ရှားသူတွေအတွင်းမှာ အထူးခေတ်စားတဲ့ စကားလုံးတခုအကြောင်း ပြောဖြစ်ပါတယ်။ “ကျနော်တို့ မြန်မာတွေ မညီကြဘူး”။ “မြန်မာနိုင်ငံရေးအတိုက်အခံတွေက မညီညွတ်ဘူး” ဆိုတဲ့ စကားပါ။ မြန်မာတွေ မညီညွတ်ဘူးဆိုပြီး ဒါကိုပဲ ခလုတ်တိုက်နေတဲ့အကြောင်း၊ အဲသည်အချက်ကလည်းက ပြောစရာ၊ လက်ညိုးထိုးစရာ၊ ဆင်ခြေပေးစရာ၊ အပြင်ထွက်ပြီး လက်မှိုင်ချ ဘေးထိုင်နေစရာ အချက်လိုမျိုးများ ဖြစ်နေသလားလို့ မေးမိတာ ဖြစ်ပါတယ်။ ဆရာကတော့ ဒါကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တယ်၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အရေးကိစ္စဖြစ်တယ်ဆိုပြီး သူရဲ့ အမြင်ကို အကျယ်တ၀င့် ပြောပြလိုက်ပါတယ်။
ဆရာက အောက်ပါအတိုင်း ဖြေကြားပါတယ်။
နိုင်ငံရေးမှာ လုပ်ငန်းစဉ်ရှိတယ်၊ အလုပ်တွေ ရှိတယ်၊ အဖွဲ့အစည်းတွေ ရှိတယ်။ အဲသည်အတွက် အလုပ်လုပ်ကြတယ်။ ဒါက အလုပ်ပိုင်းဆိုင်ရာ။ နောက်တခု ပြောချင်တာကတော့ စိတ်ပိုင်းဆိုင်ရာပေါ့။ လူတွေက အလုပ်တွေ လုပ်ရင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ရှိလာတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စတွေ ပေါ်လာတယ်။ ဦးတည်ချက်တခုကို ဖော်ဆောင်တဲ့ အလုပ်တွေ လုပ်ကြတဲ့နေရာမှာ အယူအဆပိုင်းဆိုင်ရာတွေ ကွဲပြားလာတာတွေ ရှိတယ်။ ဒါမျိုးကို ဆိုလိုတယ်။
ဥပမာ အခု ကြံ့ဖွံ့အစိုးရတက်လာတဲ့အခါမှာ အဲသည်ပေါ်ရှုမြင်တဲ့ သဘောထားတွေ အယူအဆတွေ မတူကြဘူး။ အစိုးရက သိပ်ပျော့ပြောင်းလာပြီ၊ အစိုးရကိုယ်တိုင်က နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းချင်တဲ့ သဘောထားတွေ ရှိလာပြီ။ ဒါမျိုး ယူဆလာကြတာက တမျိုး။ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်တဲ့နေရာမှာ စီးပွားရေးဖွံဖြိုးတိုးတက်အောင်လုပ်လာတယ်။ ဒါဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာသလို စိတ်ပိုင်းဆိုင်ရာတွေလည်း နောက်ပိုင်းမှာ တိုးတက်မှုတွေ ပေါ်လာနိုင်တယ် စသည်ဖြင့် သဘောထားတွေ ပေါ်လာကြတယ်။
အဲသည်လိုမျိုး သုံးသပ်တာတွေ ရှု့မြင်တာတွေ မတူညီတာတွေ ရှိလာတယ်။ အယူအဆတွေ ကွဲပြားတာတွေ ရှိလာတယ်။ ကွဲလွဲမှုတွေကနေပြီး မညီညွတ်မှုတွေ ပေါ်နိုင်တယ်။ မညီညွတ်မှုကနေပြီး အကွဲအပြဲတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်တယ်။
နောက်တခုကလည်း စစ်အစိုးရတို့၊ ကြံ့ဖွံ့အစိုးရတို့ကို တုန့်ပြန်တဲ့နေရာမှာ အချင်းချင်းတွေမှာ ဘယ်လို ချိတ်ဆက်ပြီး လုပ်ကြမလဲ။ သို့မဟုတ်လည်း ဘယ်လိုမျိုး ကိုယ့်လမ်းကိုယ် လျှောက်ကြမလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။ ဒါတွေကလည်း ညီညွတ်ရေးကို ကွဲပြားအောင်ဖြစ်ပေါ်လာစေတယ်။
            အခုလိုမျိုး လုပ်ငန်းစဉ်တွေမှာ သဘောထားတွေ၊ အမြင်တွေ၊ အယူအဆတွေ ကွဲပြားသလိုမျိုး၊ စစ်အစိုးရနဲ့ပတ်သက်ပြီး တုန့်ပြန်ကြရာမှာ မတူညီကြသလိုမျိုး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့နဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လိုမျိုး တဦးချင်းစီ၊ အဖွဲ့ချင်းစီမှာလည်း ဖော်ဆောင်ပုံခြင်း မတူတာတွေ၊ ချိတ်ဆက်လုပ်နိုင်ဖို့ စဉ်းစားတာ၊ သီးခြားစီ ဆောင်ရွက်ကြတဲ့နေရာမှာ ကွဲပြားတာတွေလည်း ဖြစ်ပေါ်နိုင်တယ်။ ဖြစ်ပေါ်နေတယ်လို့ ဆိုနိုင်ပါတယ်။
            ပြည်ပကို ကြည့်ပြီးတော့ ပြောရမယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေဟာ ကိုယ့်နေရာမှာ ကိုယ့်လုပ်ငန်းမှာ ကိုယ့်အင်အားနဲ့ကိုယ် သီးခြားလုပ်နေလို့ ရတာချည်းပဲ။ အခုအချိန်မှာ ပြည်ပက အင်အားတွေ အဖွဲ့တွေ အသီးသီးဟာ သူ့နေရာမှာသူတို့ အယူအဆအမျိုးအစုံ၊ အစုအဖွဲ့ အမျိုးအစုံနဲ့ ပေါ်နေတယ်။ တသီးတခြားတွေ လုပ်နေကြတာကို တွေ့မြင်နေရတယ်။ ဒါပေမယ် သူတို့တတွေအနေနဲ့ စဉ်းစားရမှာက သူတို့နေရာမှာ သူတို့နည်း သူတို့ဟန်နဲ့ သီးခြားလုပ်နေကြတာတွေကနေ အဲသည်သူတို့အချင်းချင်းတွေ ကြားထဲမှာ သဘောထားမှန်မှန်နဲ့ ဦးတည်ချက်တခုတည်းထားပြီးတော့ ညှိညှိနှိုင်းနှိုင်းသာ လုပ်ကြမယ်ဆိုရင်တော့ ညီညွတ်ရေးဆိုတာကို ထိန်းသိမ်းထားလို့ ရမယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် အဲလိုမဟုတ်ဘူး ကိုယ့်ဖာသာကိုယ်လုပ်မယ်၊ ကျန်တဲ့သူတွေကို ဘယ်လိုထိခိုက်သွားမလဲ ဆိုတာကို မစဉ်းစားပဲ လုပ်တဲ့အခါမှာ ညီညွတ်ရေး ကွဲပြားမှုတွေ၊ အကွဲအပြဲတွေ ဖြစ်ပေါ်လာတယ်လို့ ပြောချင်ပါတယ်။
            ဒါဟာ ပြည်ပမှာတင်ပဲလား ဆိုရင် ပြည်တွင်းမှာလည်း ထိုအတိုင်းပဲ။ မကြာခင်တုန်းက လွန်ခဲ့တဲ့ တနှစ်ကျော် မတ်လတုန်းကစပြီးတော့ အင်န်အယ်ဒီပါတီဟာ နှစ်ပေါင်းများစွာ ညီညီညွတ်ညွတ်နဲ့ အင်အားတောင့်တောင့်တင်းတင်းနဲ့ အတူတူရပ်တည်နေရာကနေပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ဆန်ရှင်ကိစ္စတွေမှာ သဘောထားချင်း တူတဲ့သူတွေအဖြစ်ကနေပြီးတော့ အချို့ပါတီဝင်တွေကိုယ်တိုင်က တခါတည်း ကိုယ့်နည်းကိုယ်ဟန် ကိုယ့်သဘောကိုယ့်အယူအဆနဲ့ သီးခြားလုပ်ကြမယ် ဖြစ်ကုန်တယ်။ အင်န်အယ်ဒီကနေ စွန့်ခွာသွားကြတယ်၊ ကျောခိုင်းသွားကြတယ်။ သူတို့တတွေက အင်န်ဒီအက်ဖ်တွေ ဘာတွေ ထောင်ပြီးတော့မှ ကွဲကြ ပြဲကြ လက်ညိုးထိုးကြ ဒါမျိုးတွေ ဖြစ်ပျက်ကုန်တာတွေကိုလည်း တွေ့နေရတယ်။
            တိုင်းရင်းသားအစုအဖွဲ့တွေမှာလည်း တချို့ကဆိုရင် အဲသလို အယူအဆမတူတာတွေ၊ ကွဲပြားတာတွေ ရှိတယ်။ တချို့ကဆိုရင် ပြည်ထောင်စုကြီးအတွက် ပင်လုံတွေ ဘာတွေ မလိုတော့ဘူး၊ သူတို့လွှတ်တော်ထဲမှာပဲ ဆွေးနွေးကြမယ် ဆိုတာမျိုးတွေလည်း ရှိလာတယ်။
နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီး အခုရွေးကောက်ပွဲဝင်ကြတဲ့ သူအချို့တွေ၊ လက်ရှိအခြေခံဥပဒေကို ထောက်ခံတဲ့ အင်အားစုတွေကလည်း ဘယ်လိုမျိုးပြောလာသလဲဆိုတော့ တိုင်းပြည်အရေးကိစ္စတွေကို လွှတ်တော်ထဲမှာပဲ ရှင်းတော့မယ်။ လွှတ်တော်ပြင်ပမှာ မရှင်းတော့ဘူး။ ခင်ဗျားတို့ အင်န်အယ်ဒီပါတီဟာ လွှတ်တော်ပြင်ပ ဖြစ်နေပြီ။ ကျနော်တို့က ဥပဒေဘောင်အတွင်းမှာ လုပ်နေကြပြီလို့ ပြောလာကြတော့ အင်န်အယ်ဒီက အလိုလိုနေရင်း ဥပဒေပြင်ပရောက်အောင်၊ တရားမ၀င်ပါတီတခုအဖြစ်ရောက်အောင် သူတို့တွေကိုယ်တိုင်က တွန်းပို့နေတဲ့ အဖြစ်ကို ရောက်နေတယ်။
ဒါတွေက ဘာကို ပြသလဲဆိုတော့ မညီညွတ်ရေးကို ဖော်ဆောင်လာကြတာကို ပြတယ်။ ဒါကြောင့် ကျနော်တို့က အားလုံးကို ဘယ်လိုမျိုး ပြောနေရသလဲဆိုတော့ အင်န်အယ်ဒီကိုယ်တိုင်က နိုင်ငံရေးပေါင်းစည်းမှုအင်အားကို ဦးတည်ပြီး လုပ်မယ်လို့ ပြောနေတယ်။ တိုင်းရင်းသားတွေအားလုံးနဲ့လည်း ကျနော်တို့တွေ အတူတကွ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုကြီးအတွက် ဦးတည်ပြီး လုပ်မယ်လို့ ပြောနေတယ်။ မတူညီတာတွေ ကွဲပြားတာတွေကို ကျနော်တို့တတွေက ဖော်ဆောင်နေတာမျိုးလုပ်နေမယ့်အစား ကျနော်တို့အားလုံး တူညီတာတွေကို လုပ်နိုင်အောင်၊ ချိတ်ဆက်နိုင်အောင် လုပ်ဆောင်ကြပါလို့ တိုက်တွန်းနေရတာဖြစ်တယ်။
သို့သော် ခုချိန်မှာ အဲသလိုမျိုး ရပြီလားလို့ မေးရင်တော့ မရသေးဘူး။ ကွဲဟမှုတွေက ရှိနေတုန်းပဲ ဖြစ်နေတယ်။
အင်န်အယ်ဒီရဲ့ သဘောထားကတော့ ညီညွတ်ရေးကို လိုလားတယ်၊ ညီညွတ်ရေးကို တိုက်တွန်းတယ်၊ ညီညွတ်ရေးကို ကြိုဆိုတယ်။ ညီညွတ်ရေးကို အားပေးတယ်။ ထို့အတူပဲ ကျနော်တို့တတွေဟာ မညီညွတ်ရေးကို ရှုတ်ချတယ်။ မညီညွတ်ရေးကို ကျောခိုင်းတယ်။ မညီညွတ်ရေးကို ငြင်းပယ်တယ်။ မညီညွတ်ရေးကို လက်မခံဘူးဆိုတာကိုပါ တဆက်တည်း တပြိုင်နက်တည်း ထုတ်ဖော်ပြောဆိုနေရမယ်လို့ ကျနော်ကတော့ သဘောထားတယ်။
ကျနော်တို့က ညီညွတ်ရေးကို ဦးတည်နေကြချိန်မှာ တဖက်ကလည်း မညီညွတ်ရေး အင်အားစုတွေ၊ မညီညွတ်ရေး သဘောထားတွေကို လစ်လျူရှုထားလို့မဖြစ်ဘူး၊ ဥပက္ခာပြုထားလို့ မဖြစ်ဘူး။ သဘောထားပျော့ပြောင်းပေးထားလို့ မဖြစ်တော့ဘူး။ မညီညွတ်ရေးကို ငြင်းပယ်တယ်လို့ ထုတ်ဖော် ပြောဆိုနေမှ ဖြစ်မယ်လို့ ကျနော်ကတော့ ပြောချင်တယ်။
မညီညွတ်တဲ့အင်အားစုတွေကိုလည်း ညီညွတ်ရေးဘောင်ထဲ ၀င်လာအောင်လည်း ဆက်လက်ပြီး တိုက်တွန်း နှိုးဆော် စည်းရုံးနေရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံရေးအင်အားစုတွေထဲမှာကော၊ ပြည်ပက အင်အားစုတွေထဲမှာပါ၊ ပြည်သူလူထုအားလုံးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ဆောက်ကြရမယ့် သဘောထားကို ကျနော် ကြိုးစားပြီး တင်ပြလိုက်တာပါပဲ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts