>Maung Swan Yi – Remembering Thangyat

>

သင်္ကြန်သံချပ် လွမ်းချင်း
မောင်စွမ်းရည်
မိုးမခ၊ ဧပြီ ၁၉ ၊ ၂၀၁၁
            ဒီတပတ်မှာတော့ သင်္ကြန်အခါတော်ကာလမို့ သင်္ကြန်သံချပ်တွေ အကြောင်းကို ပြောရတော့မှာပဲ၊ အားလုံးလဲကြားပြီး သိပြီးဖြစ်နေကြမှာပါ၊ ဒီလိုပါ စစ်အစိုးရသစ်က သင်္ကြန်သံချပ်တွေကို မထိုးရဘူးတဲ့ဗျား၊ ဖြစ်မှဖြစ်ရပလေ၊ စစ်သားနဲ့သေနတ် ခွဲခွာလို့မရသလို သင်္ကြန်နဲ့သံချပ်လည်း ခွဲခွာလို့မရစကောင်းပေဘူးဗျ၊ တကယ်ဆို စာပေစီစစ်ရေးအဖွဲ့က ဖြတ်တောက်ရင် တော်ရောပေါ့၊ ခုတော့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတယ်ဆိုတဲ့ ဘောင်းဘီချွတ်စစ်အစိုးရရဲ့ ဒီမိုကရေစီကျင့်စဉ်မှာ ပထမဦးဆုံးခြေလှမ်းက သင်္ကြန်ပွဲမှာ သံချပ်မထိုးရတဲ့ဗျား။
            ရန်ကုန်မှာ ထင်ပါရဲ့ဗျာ၊ မဏ္ဌပ် ၄၀ ထက်မပိုရဆိုလား၊ မန္တလေးမှာတော့ မဏ္ဌပ်အာမခံကြေးက ၄ သိန်းဆိုလား၊ ဘာကို အာမခံရမှာလဲမသိ၊ လုံခြုံရေးကလဲ ပိုကြပ်အုံးမှာဆိုကိုး၊ ဘယ်တုန်းကများ ချောင်ခဲ့ဘူးလို့လဲ အရပ်ကတို့၊
“ဒါလားဟဲ့ – ဒီမိုကရေစီ – မေးစမ်းပါရစေ – ဗိုလ်ပြုတ်ကြီးတို့”
ဆိုပြီး သံချပ်ထိုးလိုက်ချင်တော့တာပဲ၊ ဒီလိုတမ်းဆိုရင်တော့ ဒိုးသံလေးပေးပြီး သံချပ်မပါ အမူအရာနဲ့ဘဲ ယိမ်းကကြရုံရှိတော့တာပေါ့၊ သံချပ်မထိုးရရင်လည်း အင်းလေးတိုက်တာတို့၊ ကရင်ဒုန်းယိမ်း၊ ရခိုင်ဒုန်းယိမ်းတို့ ပအို့ဝ်နဲ့တောင်ရိုးဓနုယိမ်းတို့ အစားထိုးလုပ်ကြဖို့ကောင်းတယ်ဗျ၊ တိုင်းရင်းသားတွေမှာလဲ အတိုင်အဖောက် သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတာပဲ၊ အင်း– အဲဒါတွေလုပ်လိုက်မှ သင်္ကြန်ပွဲပါ ပိတ်ရင်ဒုက္ခ၊ ဒါလည်းရယ်စရာရယ်လို့ ပြောလိုက်မိပေမဲ့ ဗိုလ်စုတ်ကြီးမှာက တနေ့ကျရင် ဒါမျိုးမလုပ်ဘူး မဆိုနိုင်ဘူး၊ လုပ်ချင်လုပ်ကြမှာ၊ သူတို့က လှုပ်လှုပ်ရှားရှား မကြိုက်ဘူး၊ ကုလားထိုင်ပေါ်မှာပဲ မြဲမြဲစွဲစွဲ ထိုင်ချင်ကြတာ၊ သူတို့တပ်မတော်နေ့မှာတောင် စစ်ရေးပြတာ မလုပ်တော့ဘူး မဟုတ်လား၊ သူတို့ ဒီမိုကရေစီကလဲ လွှတ်တော်မှာတောင် အသံမဆူအောင် လုပ်ထားတာပဲလေ။
            ကျနော်တို့ကတော့ သံချပ်တွေကို ၀ါသနာပါတယ်၊ စိတ်ဝင်စားတယ်၊ လေးစားမြတ်နိုးတယ်လေ၊ သံချပ်အကြောင်းကို စာတစောင်ပေတဖွဲ့ ရေးမယ်လို့မှန်းပြီး သံချပ်စာအုပ်ကလေးတွေ စုခဲ့ဖူးသေးတယ်၊ ပြည်ပရောက်တော့လဲ အိန္ဒယနဲ့ဂျပန်က သံချပ်တွေကို ရတတ်သမျှစုမိပါတယ်၊ အားရစရာပါပဲ၊ ကျနော်တို့တတွေ မန္တလေးမှာနေကြတုန်းက အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းမှာ လူထုဦးလှ၊ လူထုဒေါ်အမာတို့ရဲ့ ဦးဆောင်မှုနဲ့ တိုင်းရင်းသားရိုးရာပုံပြင်၊ လူထုရိုးရာတေးကဗျာစတဲ့  လူထုရိုးရာဓလေ့ဆိုင်ရာ စုဆောင်းမှုတွေကို အလေးပေးလုပ်ဆောင်ခဲ့ကြပါတယ်၊ ကျနော်က ကျေးလက်တေးလို့ အစောပိုင်းက ခေါ်ကြတဲ့ ကောက်စိုက်တေး၊ ဗုံကြီးသံ၊ မောင်းထောင်းတေး၊ ပေါင်းပေါက်တေး၊ လွန်သီချင်းစတဲ့ လူထုရိုးရာတေးတွေကို စုဆောင်းပါတယ်၊ သင်္ကြန်သံချပ်ဆိုတာလဲ လူထုတေးပဲလေ၊ Folk Song ပဲပေါ့၊ ရှင်သန်ဖွံ့ဖြိုးနေတဲ့ လူထုတေးဆိုတော့ ပိုပြီး တော့တောင် အလေးထားရပေမှာပေါ့၊ ဒါကြောင့်သံချပ်တွေကိုလည်း စုရပါတယ်။
            လူထုရိုးရာတေးကဗျာဆိုတာ ရေးဖွဲ့သူတဦးရဲ့ အမည်မပါဘူးလေ၊ တယောက်တပေါက် စိတ်ကိုဝမ်းမြောက်နဲ့ ကိုယ့် စိတ်ကူးထဲမှာ လွန့်လူးကွန့်မြူးလာတာလေးတွေကို ထည့်ဝင်ပေါင်းစုပြီး ဖွဲ့စည်းထားကြတာမဟုတ်လား၊ ဒါကြောင့် တဦး ကောင်းတယောက်ကောင်း လက်ရာမဟုတ်ဘဲ လူထုရဲ့စုပေါင်းဥာဏ်ပါရမီက မွေးထုတ်လိုက်တဲ့ စုပေါင်းအနုပညာလက်ရာ ရောင်စုံရတနာလေးတွေဆိုရမှာပါ၊ လူထုစုပေါင်းဥာဏ်က မွေးထုတ်တာဖြစ်လို့ ပိုပြီးတော့ တန်ဖိုးထားအပ်ပါတယ်၊ ခေတ်က လူထုခေတ်ကို ရှေ့ရှုနေတာမဟုတ်လား၊ ဧကရာဇ်ပဒေသရာဇ်ခေတ်ကို ချန်ထားခဲ့ပြီ၊ တကိုယ်ကောင်း အာဏာရှင်စနစ်ဆိုး တွေကို တွန်းဖယ်နေတဲ့ခေတ်မဟုတ်လား။
            တကယ်ဆိုတော့ သံချပ်ထိုးကြတာဟာ ဗမာပြည်သူလူထုရဲ့ ရိုးရာအစဉ်အလာကို ဖော်ထုတ်မြှင့်တင်သယ်ဆောင်ရင်း မျက်မှောက်ခေတ်ကို အနုပညာနဲ့ ဝေဖန်တင်ဆက်တာပဲလေ၊ ဒီခေတ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာ ရေး စတဲ့အခန်းကဏ္ဌတွေကို တကန့်ပြီးတကန့် ဝေဖန်တင်ပြကြပါတယ်၊ နှစ်ဟောင်းထဲက မကောင်းတာဖယ်ရှောင်၊ ကောင်း တာသယ်ဆောင်ဖို့ရာကို သင်္ကြန်သဘောနဲ့ တင်ပြကြတာပဲမဟုတ်လား။
သင်္ကြန်ဆိုတာက ဗမာ့နှစ်သစ်ကူးပွဲ၊ နှစ်သစ်ကူးရာမှာ တဦးနဲ့တဦး ရေစင်ပက်ဖြန်းကြတယ်၊ ဘုရားကိုလဲ ရေသပ္ပယ်တယ်၊ သက်ကြီးရွယ်အို အဖိုးအဖွားတို့ကိုလည်း အထူးအစီအစဉ် နဲ့ ခေါင်းလျှော်ရေချိုးပေးတယ်၊ ခြေသဲလက်သဲ ဆံမုတ်ဆိတ်တို့ကိုလည်း သန့်စင်ပေးတယ်၊ ဒီလိုစုပေါင်းပြီး ပျော်ပျော်ပါးပါး လုပ်ရင်း၊ ကုသိုလ်ယူတဲ့ပွဲတော်ဖြစ်အောင် ဖန်တီးထားတဲ့ပွဲ၊ အလွန်မြတ်နိုးစရာကောင်းတဲ့ပွဲ၊ ဒီပွဲမှာ သီဆိုကြတဲ့ တေးသီချင်း တွေနဲ့ သံချပ်တွေဟာလည်း နှစ်ဆန်းကို ကြိုဆိုကြတာဆိုတော့ အလွန်မြူးကြွလန်းဆန်း သစ်လွင်ပြီးလှပနေပါတယ်၊ သံချပ်ဆိုဆာက စုပေါင်းရေးဖွဲ့ပြီး စုပေါင်းသီဆိုကြတာဆိုတော့ ညီညာမှုနဲ့ မြူးကြွလန်းဆန်းမှု အလွန်ပီပြင်ပေါ်လွင်လှပါတယ်။
            ဗမာလူထုရဲ့ သဘာဝက သိပ်ချစ်စရာကောင်းတယ်၊ ရယ်ရယ်မောမောနဲ့ ဝေဖန်မှုကို ထက်သန်ကြတယ်၊ လူတန်းစား အားလုံးကို ဝေဖန်တာပါ၊ ဒီခေတ်အစိုးရရယ်လို့ ကွက်ပြီးဝေဖန်တာလဲ မဟုန်ပါဘူး၊ ဒါပေမဲ့ ပြည်သူလူထုရဲ့ ဒုက္ခသုက္ခအ၀၀ ဆိုတာကလည်း ဗိုလ်ရမ်းကားတို့ လက်ချက်နဲ့ ဘယ်နေရာမှ မကင်းလေတော့ သူတို့ကိုလည်း ထိတော့ထိတာပေါ့လေ၊ တကယ် တော့လည်း ဒီမိုကရေစီအစိုးရ အစစ်အမှန်ဆိုရင် ဒီလိုဝေဖန်မှုတွေကို အသေအချာနားစွင့်ပြီး တိုင်းပြည်အတွက် ပြုပြင်စရာ ရှိတာ ပြုပြင်ရမှာလို့ နားလည်ရမှာပေါ့၊ ဒါကြောင့်လည်း လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့်၊ လွတ်လပ်စွာ ဟောပြောထုတ်ဖေါ် ခွင့်၊ စတဲ့  ဒီမိုကရေစီအခြေခတွေကို ဖွင့်ပေးပြီး ကြိုဆိုသမှုပြုကြရမြဲပါ။
ရှေးက အသက်ဦးဆံပိုင်ဧကရာဇ် ပဒေသရာဇ်လောက မှာတောင် “စနည်းနာတယ်”ဆိုတာ ရှိခဲ့တာမဟုတ်လား၊ ဒီခေတ်မှာတော့ စနည်းနာတာရယ်လို့ မဟုတ်တော့ဘူး၊ ထောက်လှမ်း ရေးလုပ်တာဖြစ်နေပြီ၊ စနည်းနာတယ်ဆိုတာ ပြုပြင်ရေးလုပ်ဖို့ ထောက်လှမ်းတာကတော့ နှိမ်နင်းသုတ်သင်ဖို့ အဲသလိုတွေ ဖြစ်ကုန်ပြီ၊
            သင်္ကြန်သံချပ်အကြောင်းကို မနေ့တနေ့ကတင်ပဲ ဗမာပြည်က သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ ကျနော်တို့ တယ်လီဖုန်းပေါ်မှာ ဆွေးနွေးဖြစ်လိုက်ပါသေးတယ်၊ ဗမာပြည်မှာ စစ်အစိုးရသစ်က သံချပ်တွေ ပိတ်လိုက်တာကို ဦးဝင်းတင်က ၀မ်းလည်းနည်းမိတယ်၊ လွမ်းလည်းလွမ်းမိတယ်ဗျာလို့ ညည်းတွားရှာပါတယ်၊ ဆရာပါရဂူလို ရှားရှားပါးပါး ပညာရှိတဦး ကွယ်လွန်သွားတော့ ပညာရှိစကားသံတသံ ဆိတ်သွားရပြီမို့ သိပ်ပြီးတော့ နှမျောတသနေမိတယ်တဲ့၊ ဒီကြားထဲမှာ လူငယ်ထုရဲ့ တေးသံတွေပါ ဆိတ်သွားရအုံးမယ်ဆိုတော့ ယူကျုံးမရစရာပါပဲတဲ့။
ဒီတော့ ပြည်ပလူငယ်တွေရဲ့ သံချပ်တေးသံတွေ မဆိတ်အောင် ပြည်ပရောက် ကဗျာဆရာတွေက ပါဝင်အားထုတ်ပေးကြပါလို့ တိုက်တွန်းသွားပါတယ်၊ ကျနော်ကလဲ အိန္ဒိယနဲ့ ဂျပန်ကသံချပ်အဖွဲ့တွေ၊ အမေရိကားက ကိုရင်ထွေးတို့ ကိုအောင်စောဦးတို့လို သံချပ်မင်းသားတွေအားကိုးနဲ့ “ချမယ်ဗျို့”လို့ ကတိပေးလိုက်ပါတယ်။
သံချပ်ဆိုတာ တေးကဗျာတမျိုးပဲ မဟုတ်လား၊ ကဗျာဆရာအောင်ဝေးကလည်း သူ့ဆရာရဲဘော်ကြီး ဦးဝင်းတင်ရဲ့ အသံကိုကြားပြီး အမေရိကားက ကဗျာသံချပ်တေးတွေဟာ ဗမာပါမက ကမ္ဘာပါလွှမ်းရမယ်လို့ မာန်တင်းနေလေရဲ့၊ သူကလည်း သံချပ်ပိုးရှိတဲ့ကဗျာဆရာပေကိုး၊ နိုင်ငံတကာမှာ ပြန့်နှံနေတဲ့ ဒို့ဗမာ ဒီမိုကရေစီဝိုင်းတော်သားတွေထဲမှာလည်း သံချပ်မင်းသားတွေ ရှိနေမှာပါဘဲ၊ သူတို့ကို ရှေ့တန်းဆွဲထုတ်ရမှာပေါ့။
ကျနော်တို့ ကြိုးစားကြမယ်လေ။
ကဲ ရဲဘော်တို့ရေ ( “သံချပ်ပြားတွေ ပစ်လိုက်စမ်း- ဖက်ဆစ်ကျည်ဆန်ထက်ခြမ်းခြမ်း၊ ထက်ခြမ်းခြမ်း၊ သံချပ်ဓါးတွေ ပစ်လိုက်စမ်း— ဖက်ဆစ် ဒိုင်းတွေ ဖောက်လိုက်စမ်း ဖောက်လိုက်စမ်း၊)
ဒါကတော့ ဓနုတေးသံဆန်ဆန်ပေါ့ဗျာ၊ နောက်တပွဲနွဲရအောင် ပြင်ထားလိုက်ကြ ပါစို့၊
ကျနော် မောင်စွမ်းရည်ပါ။
[ဗွီအိုအေ၊ တနင်္ဂနွေ သက်ကြီးစကား သက်ငယ်ကြားကဏ္ဌအတွက် အသံလွှင့်ဆောင်းပါးကို နှစ်ဆလောက်ထပ်ချဲ့ပြီး ရေးလိုက်ပါတယ်၊ ခုတော့ အိန္ဒိယကလာတဲ့ ဗမာ့သံချပ်ကို နားစွင့်လိုက်ပါရစေအုံး။]
၂၀၁၁ ဧပြီ ၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts