>Letters from Michigan – 62

>

မစ်ရှီဂန်က ပေးတဲ့စာ(၆၂)
အောင်ဝေး
ဧပြီ ၆၊ ၂၀၁၁

သခင် ခင်ညွန့်


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့များလည်းသာပါစ။ ဒီမှာတော့ နွေဦးသစ်ရဲ့ နေရောင်ခြည်အောက်၊ ကျနော်တို့ရဲ့ အိမ်လွမ်းစိတ်ကလေးတွေလည်း ပြန်လို့ ပူနွေး တောက်ပလာပါပြီ။ ဒီတခါ ပြောဖို့ကျန်သေးတဲ့ အဘ သခင် ခင်ညွန့်အကြောင်း ဆက်ပြောပရစေ။

အဘ လေထီးဦးအုန်းမောင်တို့၊ အဘ သခင်ခင်ညွန့်တို့၊ ဒီလို သက်ကြီးဝါကြီး၊ နိုင်ငံရေးသမားဟောင်းကြီးတွေ၊ တော်လှန်ရေးသမားဟောင်းတွေရဲ့ ကောင်းမြတ်တဲ့ သမိုင်း အစဉ်အလာကို၊ ကျနော်တို့ ငယ်သူတွေက၊ လေးစား တန်ဖိုးထား ဆက်ခံခဲ့ကြတာပဲ မဟုတ်လား။

သူတို့နှစ်ဦး ကွယ်လွန်သွားကြတဲ့အချိန်မှာ အဘ လေထီးဦးအုန်းမောင်က အသက် (၈၀) ကျော်၊ အဘ သခင်ခင်ညွန့်က အသက်(၉၀)ကျော်။ အာဂ ဖိုးသက်ရှည် သူပုန်ကြီးတွေပါ။ ဖျာပုံသားကြီး အဘ လေထီး ဦးအုန်းမောင်က လေထီးသူရဲကောင်း၊ ရေနံချောင်းသားကြီး အဘ သခင် ခင်ညွန့်ကတော့ ရေနံမြေ သူရဲကောင်းပေါ့။

အဘ သခင်ခင်ညွန့်ရဲ့ နိုင်ငံရေးဘ၀ဟာ၊ ရေနံမြေ အရေးတော်ပုံကနေ စတင်ခဲ့တာ လို့ ဆိုပါတယ်။ ချောက်-ရေနံချောင်း ဘီအိုစီ ရေနံမြေဟာ အဘ သခင်ခင်ညွန့်ရဲ့ ဘူမိနက်သန်လို့ ဆိုရမှာပါ။ ကိုလိုနီခေတ် ရေနံမြေက စခဲ့တဲ့ အဘ သခင်ခင်ညွန့်ရဲ့ နိုင်ငံရေးဘ၀ဟာ၊ အခု နအဖခေတ် ရေနံမြေမှာပဲ အဆုံးသတ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ၊ အဘ သခင်ခင်ညွန့် ရေနံချောင်းမှာ NLD ကနေ ၀င်အရွေးခံတယ်။ အနိုင်ရတယ်။ ကွယ်လွန်တဲ့ အချိန်အထိ အဘ သခင်ခင်ညွန့်ဟာ NLD ရဲ့ ရေနံချောင်း အမတ်ပဲ။ ဒါကြောင့်လည်း အဘ သခင် ခင်ညွန့်ရဲ့ နောက်ဆုံးခရီးမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးက၊ အဘရဲ့ ဈာပနကို ဦးစီး ကျင်းပခဲ့တာပါပဲ။

ကိုဒေါင်းကြီး … အဘ သခင်ခင်ညွန့်ရဲ့ ဈာပနမှာ မြင့်မြတ်တဲ့ အလံတော်(၃)လက် ဖုံးအုပ်ပြီး သင်္ဂြိုဟ်ခဲ့တာလို့ ဆိုရမယ်။ ပထမအလံက သုံးရောင်ခြယ်အလံပါ။ အဘ သခင်ခင်ညွန့်ဟာ ၀ါရင့် သခင်နိုင်ငံရေးသမားဟောင်းကြီးတဦး ဖြစ်လေတော့၊ အဘရဲ့ လုပ်ဖော်ကိုင်ဖက် ၀ါရင့် သခင် နိုင်ငံရေးသမားကြီးတွေက အဘကို သုံးရောင်ခြယ် ကဒေါင်းအလံ အုပ်လွှမ်းပြီး ဂုဏ်ပြုခဲ့ကြတာပါ။

ဒုတိယအလံက NLD ရဲ့ ကြယ်ဖြူကြီးတလုံးနဲ့ ခွပ်ဒေါင်းအလံပါ။ အဲဒီနေ့က NLD က ဦးစီးတဲ့
ဈာပနကို၊ ဘေးကနေ ၀ိုင်းပြီး ကူညီ ကြီးကြပ်ပေးနေတာက ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့တို့ရဲ့ ရှစ် ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများအဖွဲ့ပါ။


NLD က အဘ သခင်ခင်ညွန့်ကို ဂုဏ်ပြုတဲ့ အစီအစဉ် ပြီးသွားတဲ့အခါမှာတော့၊ ကိုမင်းကိုနိုင်တို့က၊ ဈာပနကို ဦးစီးနေတဲ့ NLD ခေါင်းဆောင်တွေကို အစီအစဉ်တခု တင်ပြကြပါတယ်။ အဲဒီ အစီအစဉ်က အဘ သခင်ခင်ညွန့်ဟာ စာပေအသိုင်းအ၀ိုင်း၊ စာရေးဆရာလောကကိုလည်း ကိုယ်စားပြုတဲ့သူ ဖြစ်တဲ့အတွက်၊ စာပေသမားများ အနေနဲ့လည်း အဘရဲ့ နောက်ဆုံးခရီးမှာ ဂုဏ်ပြု နှုတ်ဆက်စကား ပြောကြားဖို့ အစီအစဉ်ပါ။

ဒီတုန်းက ရေဝေးသုဿန်က အဘ သခင်ခင်ညွန့်ရဲ့ဈာပနမှာ လေးဖက်လေးတန်က အသိုင်းအ၀ိုင်းကြီး လေးခုက လူတွေ အပြည့်အနှက် တက်ရောက်ကြတာပါ။ အဘရဲ့ သခင်နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် အသိုင်းအ၀ိုင်း၊ NLD နဲ့ ကျောင်းသား အသိုင်းအ၀ိုင်း၊ ပြီးတော့ စာပေအသိုင်းအ၀ိုင်း၊ နောက် အသိုင်းအ၀ိုင်းကတော့ နအဖအစိုးရရဲ့ ထောက်လှမ်းရေး အသိုင်းအ၀ိုင်းပဲပေါ့ဗျာ။

အဲဒီနေ့က ကိုမင်းကိုနိုင်တို့နဲ့ NLD က တာဝန်ရှိသူတွေ ဖိတ်ခေါ်လို့၊ ကျနော် စာပေသမားများ အားလုံးရဲ့ ကိုယ်စား အဘ သခင်ခင်ညွန့်ကို ဂုဏ်ပြုနှုတ်ဆက်စကား ပြောခွင့် ရခဲ့ပါတယ်။ အဘလို တိုင်းပြည်နဲ့ လူမျိုး လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတယောက်၊ အဘလို မြန်မာစာပေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတယောက်ဟာ NLD အမတ် ဖြစ်နေလို့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သစ္စာရှိနေလို့၊ လူထုဘက်က ရပ်တည်နေလို့၊ လက်နက် မချလို့၊ အဲဒီလို အဘရဲ့ ကြံ့ကြံ့ခံ ရပ်ခံနေမှုတွေကြောင့်၊ အဘရဲ့ ဘ၀ နောက်ဆုံးအချိန် တလျှောက်လုံး၊ နအဖစစ်အာဏာရှင်တွေရဲ့ အငြိုအငြင်ကို ခံခဲ့ရပါတယ်။ အဘ သခင်ခင်ညွန့်နဲ့ ဆက်နွှယ် ပတ်သက်နေတဲ့ တချို့သော ကောင်းမြတ်တဲ့ စာပေလှုပ်ရှားမှုတွေလည်း ပိတ်ပင် ဟန့်တားခံခဲ့ရပါတယ်။

အဘ သခင်ခင်ညွန့်ဟာ ဆရာကြီး မင်းသုဝဏ်တို့၊ ဆရာဗန်းမော်ညိုနွဲ့တို့လို၊ NLD ရဲ့ သက်တော်ရှည် စာပေလောကသား အမတ် တဦးပါ။ နအဖ စစ်အစိုးရက အဘ သခင်ခင်ညွန့်ရဲ့ နိုင်ငံရေးဘ၀ကို ချိုးနှိမ် ဖိနှိပ်ရုံသာ မကသေးဘဲ၊ အဘရဲ့ စာပေဘ၀ကိုပါ ဟန့်တား နှောင့်ယှက်ခဲ့တာတွေ အထင်အရှားပဲ မဟုတ်လား ကိုဒေါင်းရယ်။

အဲဒီ ကာလတ၀ိုက်က မြန်မာစာပေနယ်မှာ နောက်ဖေးပေါက်က ၀င်လာတဲ့ စာရေးဆရာ ဆိုသူတွေ တောထနေတဲ့ အချိန်ပါ။ အဲဒီလို ပေါ်လစီဆောင်းပါး ရေးသူတွေဟာ၊ အစိုးရ သတင်းစာတွေကနေ အလုံးအရင်းနဲ့ ၀င်ရောက်လာပြီး၊ လူထုကို ရှုတ်ချ၊ NLD ကို ပုတ်ခတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပြီး နအဖစစ်အစိုးရကို အဖားကြီး ဖားနေတဲ့ အချိန် မဟုတ်လားဗျာ။

ဒါကြောင့်ပဲ အဲဒီနေ့က အဘ သခင်ခင်ညွန့်ကို နှုတ်ဆက်စကားကောင်း ပြောနေရင်း၊ ကျနော့်စိတ်ထဲမှာ ခံပြင်း နာကြည်းလာမိတာနဲ့၊ အဲဒီ ဖော်လံဖား၊ ငါးမွေးတဲ့ စာရေးဆရာ ဆိုသူနဲ့ အပေါင်းအပါတွေကို ဝေဖန် ထိုးနှက် ပြောပစ်လိုက်တဲ့အထိ ကျနော် ပေါက်ကွဲခဲ့မိတော့တာပဲဗျာ။

ကိုဒေါင်းရေ … အဘ သခင်ခင်ညွန့်ရဲ့ ဈာပနမှာ အလံ(၃)လက် ဖုံးအုပ် သင်္ဂြိုဟ်ခဲ့တယ် လို့ ကျနော် ပြောခဲ့တယ်နော်။ ပထမအလံက သုံးရောင်ခြယ် အလံ၊ ဒုတိယအလံက NLD ခွပ်ဒေါင်း အလံ၊ တတိယ အလံကတော့ အဲဒီတုန်းက ရုပ်ဒြပ် အထင်အရှား မရှိခဲ့ပေမဲ့၊ အခုနေခါ ပြန်စဉ်းစားလိုက်တော့၊ အဲဒီတတိယအလံဟာ ငါးရောင်ခြယ်အလံ ဖြစ်မှန်းမသိ ဖြစ်နေတာ သတိပြုမိတော့တယ် ကိုဒေါင်းရေ။ အဲဒီ အချိန်ကတည်းက လူထုကြားမှာ မကြာခင် ပေါ်ပေါက်လာတော့မယ့် ရွှေဝါရောင် တော်လှန်ရေး စိတ်ဓာတ်တွေ စတင် စုစည်းမိနေခဲ့ပြီ ဆိုတာ အသေအချာပဲ မဟုတ်လား။

ကိုဒေါင်း … အဘ မကွယ်လွန်ခင် နောက်ဆုံး ပြောခဲ့တဲ့ စကားတခွန်း ရှိပါတယ်။ “ကိုယ်ယုံကြည်လို့ လုပ်နေတဲ့ အလုပ်အပေါ်မှာ ဘယ်တော့မှ စိတ်ဓာတ်လည်း မကျနဲ့၊ သစ္စာလည်း မဖောက်နဲ့” တဲ့။ အခုတော့ ကျနော် လွမ်းပါတယ်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
အောင်ဝေး
မတ် ၁၉-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts