>Tu Maung Nyo – See the truth with true eyes

>

 
အဆိုး ကို အဆိုး အဖြစ်သာ ကြည့်မြင်ကြပါစို့
တူမောင်ညို
ဧပြီ ၆၊ ၂၀၁၁
လတ်တလောဖြစ်ပေါ်နေမှုများနဲ့ပတ်သက်ပြီး ကျနော့်မိတ်ဆွေနဲ့ ကျနော် သူ့အမြင် ကိုယ့်အမြင် ပြောဆို ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်ပါတယ်။
(ကျနော်)       လွှတ်တော်(၃)ရပ် အစည်းအဝေးတွေလည်းပြီးခဲ့ပြီ၊  (နအဖ) ကိုဖျက်သိမ်းလိုက်ပြီ၊ ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက်ကွယ်ဝင်သွားခဲ့ပြီ၊ “အစိုးရသစ်” ပေါ်လာပြီ။ ဘယ်နှယ့်လဲ မထူးခြားဘူးလား။
(မိတ်ဆွေ)      ခပ်ပြောင်ပြောင်ပြောရမှာပဲဗျ။ မထူးခြားဘူး။
အပေါ်ယံအသွင်သဏ္ဍာန်ကိုသာ ကွက်ကြည့်ပြီး အကဲဖြတ်နေကြမယ်ဆိုရင်တော့ ဝါဝါမြင်တိုင်း ရွှေချည်းဖြစ် နေတော့မပေါ့ဗျာ။
ခင်ဗျားမေးသလို ကျနော်ကလည်း ပြန်မေးချင်ပါရဲ့။
မထူးခြားဘူးလားဆိုပြီး ခင်ဗျားတန်းစီပြောပြလိုက်တဲ့ ဖြစ်စဉ်တွေကို ဘယ်သူတွေကဘယ်ပုံဘယ်နည်း စီရင် ဖန်တီးခဲ့တာလဲဗျ။
“သမ္မတကြီး ဦးသိန်းစိန်” ကို သနပ်ခါးလူး ပန်းပန်ပြီး ထဘီဝတ်ခိုင်းကာ “သမ္မတကြီး ဒေါ်သန်းစိန်”လို့ ပြောရင် ဘယ်သူက ထူးခြားပါတယ်လို့ ဆိုပြီးလက်ခံမှာလားဗျ။
စစ်အာဏာရှင်စနစ် က  “အခြေခံဥပဒေ” ဝတ်ရုံခြုံခဲ့ပြီ။
အဲဒီအခြေခံဥပဒေကို (နဝတ-နအဖ) စစ်အုပ်စုက စိတ်ကြိုက်စီရင်ဖန်တီးခဲ့တာဖြစ်တယ်။ အဲဒီအခြေခံဥပဒေ အရ ပေါ်လာတဲ့ “လွှတ်တော်နဲ့ အစိုးရအဖွဲ့ ယန္တယားအဆင့်ဆင့်” မှာ ယခင်“စစ်ဗိုလ်ချုပ်တွေ” ကပဲ “ဦး” ပြောင်းပြီး သော့ချက်ကျတဲ့နေရာအားလုံးချုပ်ကိုင်ရယူထားတာပဲ မဟုတ်လားဗျ။
မူပြောင်းသလားဗျ။ လူရောပြောင်းသလား။ မူလည်းမပြောင်းလူလည်းမပြောင်းပါဘူး။
ဒါကြောင့်မထူးခြားပါဘူးလို့ပြောတာပါ။
(ကျနော်)       တချို့က အစိုးရသစ်နဲ့ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်နေကြတယ်လေ။ “အစိုးသစ်” ပေါ်ထွက်လာတာအပေါ် အကဲဖြတ်ပြောဆိုရာမှာ ထိန်းထိန်းသိမ်းသိမ်းပြောဆိုနေတာကြားနေရတယ်မဟုတ်လားဗျ။
ခင်ဗျားတို့ ကျနော်တို့ အနေနဲ့ ရန်/ငါ စဉ်းစားချက်ကနေ ခဏခွါပြီး/နောက်ဆုတ်ပြီး စဉ်းစား မကြည့်သင့်ဘူး လားဗျ။ ရန်သူ ကို မိတ်ဆွေပြောင်းနိုင်မယ့်အခြေခံအချက်တွေကို ရှာဖွေမကြည့်သင့်ဘူးလား။    
(မိတ်ဆွေ)      သိပ်ကောင်းတဲ့အဆိုပြုချက်ပဲ။
ခင်ဗျားပြောတဲ့အချက်တွေကို ရှာဖွေစဉ်းစားကြည့်ရင် “မထူးခြားဘူး”လို့ ခပ်ပြောင်ပြောင်ဖြေခဲ့တဲ့ ကျနော့် အဖြေအတွက် ခိုင်မာတဲ့အချက်အလက်တွေကိုသက်သေအဖြစ်တင်ပြနိုင်တာပေါ့ဗျာ။
ဘယ်အချက်တွေက စပြီးရှာဖွေစဉ်းစားကြမလဲ၊ ပြောဗျာ။ 
(ကျနော်)       လောလောဆယ်တော့ သမ္မတမိန့်ခွန်း ၂ ခုကို ဦးတည်ပြီးရှာဖွေးစဉ်းစားကြည့်ကြမယ်လေ။ သမ္မတ ဦးသိန်းစိန် ပြောတဲ့မိန့်ခွန်း ၂ ခုအပေါ် ခင်ဗျား အမြင်ကဘယ်လိုလဲ။
(မိတ်ဆွေ)      ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့ ရာထူးလက်ခံတဲ့မိန့်ခွန်းကို စပြောကြမယ်ဗျာ။ ဒါက ပိုပြီးအဓိကကျတယ်။
              ဦးသိန်းစိန်ပြောတဲ့ ပထမဆုံးအချက် က
“ကျွန်တော်နဲ့တကွ ကိုယ်စားလှယ်များအားလုံးဟာ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စား လှယ်များဖြစ်ကြတဲ့အတွက် ပြည်သူအများထောက်ခံအတည်ပြုပေးထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာ ကာကွယ်စောင့်ရှောက်သွားကြရမယ့်တာဝန်ရှိလာကြောင်း ပထမဦးစွာပြောကြားလိုပါတယ်” လို့ နိဒါန်းချီတယ်ဗျ။
ဒီအထဲမှာ သော့ချက်ကျတဲ့ စကားက “ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာ ကာကွယ်စောင့်ရှောက် သွားကြရမယ့် တာဝန်ရှိတယ်” ဆိုတာပဲဖြစ်တယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကိုတရားမဝင်၊လက်မခံ”ဆိုပြီး ကမ္ဘာသိကြေညာထားတဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သဘောထားနဲ့ အစိုးရသစ်ရဲ့ “အခြေခံဥပဒေကို လေးစား လိုက်နာ ကာကွယ်စောင့်ရှောက်သွားကြရ မယ့်တာဝန်” ကြားမှာ မိတ်ဆွေဖြစ်နိုင်မယ့် အချက်ဘယ်မှာလဲဗျ။
 လက်ရှိအခြေခံဥပဒေကို ပြင်ဆင်မလား သို့တည်းမဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိအခြေခံ ဥပဒေကို လက်ခံအသိအမှတ်ပြုမလား။ ဒီ ၂ ခုအနက် တစ်ခုခုဖြစ်မြောက်ခဲ့ရင်တော့ အခြေအနေက တမျိုး တမည် ဖြစ်လာလိမ့်မယ်ဗျ။
(ကျနော်)       “အမျိုးသားပြန်လည်ပေါင်းစည်းညွတ်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်း များရှိနေတာနဲ့ ဒီပုဂ္ဂိုလ် အဖွဲ့အစည်းများဟာ မိမိတို့ နိုင်ငံသားများ ဖြစ်တယ်” ဆိုပြီး အသိအမှတ်ပြု ထုတ်ဖေါ်ပြော ဆိုထားတယ်မဟုတ်လား။
                     “ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) မှာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင် တဲ့ အခွင့်အရေးပေး ထားပြီး” ဖြစ်တယ်လို့လည်း ပြောထားတယ်လေ။
                   ဒါ့အပြင် အခုလိုလည်း ဖိတ်ခေါ်ထားသေးတယ် မဟုတ်လားဗျ။
                   “မတူညီတဲ့သဘောထားအမြင်တွေရှိကြမှာဖြစ်သော်လည်း တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက်တူညီတဲ့ကိစ္စတွေ မှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမယ် ဒီမိုကရေစီကျင့်စဉ်နဲ့အညီရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကိုဖွင့်ထားပြီးလက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း၊ အသိပေး ပြောကြားအပ်ပါတယ်”
(မိတ်ဆွေ)      အပေါ်ယံရှပ်ပြီး၊ ကွက်ပြီးကြည့်လိုက်ရင်တော့ ဟုတ်သလိုလိုပါပဲ။ ဒါပေမယ့် အနှစ်သာရနဲ့ အတွင်းသဘော ကတော့ အဲဒီလိုမဟုတ်ဘူးဗျ။
ဦးသိန်းစိန်မိန်ခွန်းကို မျက်စိမှိတ် အကောင်းမြင်နေသူ ဆိုရင်တော့ ဝမ်းသာလုံးဆို့သွားနိုင်စရာ ရှိတာပေါ့။
“အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမှာဖြစ်တယ်”  ဆိုတဲ့ စကားပိုဒ်ထဲမှာ သော့ချက်ကျတဲ့ စကားပိုဒ်က “ဒီမိုကရေစီကျင့်စဉ်နဲ့ အညီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာ ကို တရားနည်းလမ်း ကျနစွာဖြင့် ရယူကြမယ်ဆိုရင်” ဆိုတာပဲဖြစ်တယ်။
ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ဆိုရင်ပထမဆုံးအနေနဲ့  “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လေးစားလိုက် နာပါမယ်လို့ ဝန်ခံချက်လက်မှတ်ရေးထိုးရမယ်” ဆိုတဲ့ အချက်ပဲ မဟုတ်လားဗျ။
အခြေခံဥပဒေကိုလေးစားလိုက်နာပါမယ်လို့ ဝန်ခံချက်လက်မှတ်ရေးထိုးမှ သာနိုင်ငံရေးပါတီအဖြစ် “တည်ထောင် ခွင့်  ”လျှောက်ထားနိုင်မှာလေ။
ကော်မရှင်က “တည်ထောင်ခွင့်” ချပေးပါမှ နိုင်ငံရေးပါတီအဖြစ် “မှတ်ပုံတင်ခွင့်” ဆက်လက်လျှောက်ထားနိုင် မှာဖြစ်တယ်လေဗျာ။
ယခုလက်ရှိ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ”က ယခင်(နအဖ) အဖွဲ့ဝင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း “ဦးတင်အေး” ဖြစ်တယ်။
အဲဒီကိစ္စကို ပိုပြီးသေချာစေဖို့ ဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ အခုလို တိတိလင်းလင်း ပြောထားသေးတယ်ဗျ။
      “၂၀၀၈ ခုနှစ်က ပြည်သူလူထုအများစုဆန္ဒပြုခဲ့ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဟာ အတည်ဖြစ်ပြီးဖြစ်တဲ့အတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိကျစွာ အကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
      “ပြည်ထောင်စုအစိုးရအနေနဲ့ အခြေခံဥပဒေဘောင်အတွင်းက လုပ်ဆောင်မှု အားလုံးကို ကြိုဆိုနေမှာဖြစ် သလို အခြေခံဥပဒေ ပြင်ပက လုပ်ဆောင်မှုများအားလုံးကိုလည်း လက်မခံဘဲ ထိုက်သင့်တဲ့ တားဆီး ကာ ကွယ်မှုတွေဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”
(ကျနော်)       “မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့ အစည်းများ၊ဥပဒေပြင်ပရှိအဖွဲ့အစည်းများ” လို့ဆိုထားလေတော့ ပြည်တွင်းပြည်ပမှာရှိတဲ့အတိုက်အခံ အင်အား စု အားလုံးကိုဆိုလိုတာဘဲဗျ။ “နယ်ခြားစောင့်တပ်”အဖြစ် မဖွဲ့လိုသူတွေကိုလည်း ရည်ရွယ်ပြောထားတာဗျ။
(မိတ်ဆွေ)      အသေအချာပဲပေါ့ဗျာ။
ပြည်တွင်းပြည်ပမှာရှိနေတဲ့ အတိုက်အခံအင်အားစုအားလုံးကို အခြေခံဥပဒေ (၂၀၀၈)ကို လက်ခံခိုင်းတာပဲဗျ။ လက်မခံဘဲ၊ အခြေခံဥပဒေပြင်ပလုပ်ဆောင်မှု အားလုံးကို လက်မခံ ဖိနှိပ်ချေမှုန်းမယ်သွားမယ်လို့ ပြောတာဗျ။
(ကျနော်)       ခင်ဗျားပြောသလိုဆိုလိုရင် “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို လက်ခံမလား/ လက်မခံဘူးလား” ဆိုတာကပဲ ကိစ္စအားလုံးအတွက် သော့ချက်ကျတဲ့ကိစ္စဖြစ်နေတာပေါ့။
(မိတ်ဆွေ)      သိပ်ဟုတ်တာပေါ့ဗျာ။
                   ဒီနေရာမှာ ခင်ဗျားရေးထားတဲ့ “ဒေါက်တာတူးဂျာ ရွေးသောလမ်း” ဆိုတာကို သာဓကတစ်ခုအဖြစ်နဲ့ပြောမယ်။  
                   လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲပြီး ပြဿနာတွေကို တန်းတူရည်တူညှိနှိုင်း ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာဗျ။ “အမျိုးသားညီလာခံ” တက်ကြတယ်။
ညီလာခံ တက်ကြည့်လိုက်တော့ သူတို့ ထင်သလို /မျှော်လင့်သလို မဟုတ်ဘူးဆိုတာ သိသွားခဲ့ကြတယ်။
ဒေါက်တာတူးဂျာတို့ဟာ ညီလာခံပြီးတဲ့အထိ တက်တက်ကြွကြွပါဝင်ခဲ့တာဗျ။ ဒါ့အပြင် အဲဒီအချိန် ကာလလောက်ကကြံ့ဖွံ့ က လုပ်တဲ့ “လူထုအစည်းအဝေးပွဲ” ဆိုတာတွေမှာလည်း ဒေါက်တာတူးဂျာ ကို သဘာပတိစင်မြင့်ပေါ် မှာ ခန့်ခန့်ကြီးတွေ့ရတယ်ဗျ။
ဒါပေမယ့်ညီလာခံမှာ ဒေါက်တာတူးဂျာတို့တင်ပြတာတွေကို ညီလာခံက လက်ခံခဲ့တာမဟုတ်ဘူး။ မှတ်တမ်း တင်ထားသည်ဆိုပြီးပယ်ချလိုက်တာပဲလေ။
ဒါပေမယ့် ညီလာခံက ရေးဆွဲပြီးစီးခဲ့တဲ့ အခြေခံဥပဒေမူကြမ်းကို ဒေါက်တာတူးဂျာကိုယ်တိုင် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသိန်းစိန်ထံ အပ်နှံနေတဲ့ပုံကို သတင်းစာတွေမှာ ဖေါ်ပြခဲ့တာမှတ်မိအုံးမှာပေါ့။
အခြေခံဥပဒေပေါ်လာတယ်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်တွေ ပေါ်ထွက်လာတော့ ဒေါက်တာတူးဂျာဟာ (ကေအိုင်အို) ကထွက်ပြီး နိုင်ငံရေး ပါတီဖွဲ့စည်းဖို့ “သိန်းစိုးကော်မရှင်”ထံ မှတ်ပုံတင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် သိန်းစိုးရွေးကောက်ပွဲကော်မရှင်က  မှတ်ပုံတင်ခွင့် ကတော့ ဝေးပါသေးတယ်။ “တည်ထောင်ခွင့်”ပင်ချမပေးခဲ့ဘူးဗျ။
ဒါပေမယ့်  ဒေါက်တာတူးဂျာကတော့ ဇွဲ့မလျှော့ဘူးဗျ။
ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ်ဝင်ရောက် အရွေးခံနိုင်ဖို့ ထပ်မံကြိုးစားပြန်တယ်။
ဒီလိုကြိုးစားတာကိုလည်း သိန်းစိုးကော်မရှင်က ခွင့်မပြုခဲ့ဘူး။
ဒါကြောင့် အခုနောက်ဆုံးရွေးချယ်မှုဖြစ်တဲ့ “ကြံ့ဖွံ့ပါတီ” ထံ “မြို့မိမြို့ဖအဖြစ်” အဖွဲ့ဝင်ခွင့်ရရှိရေး လျှောက်ထား တယ်လို့ သိရတယ် မဟုတ်လား။
 ဒီလိုလျှောက်ထားချက်ကို ကြံ့ဖွံ့ပါတီ က ဘယ်လိုအကြောင်းပြန်သလဲ မသိဘူးဗျ။ ကျနော်စိတ်ဝင်စားတာတော့ “ကြံ့ဖွံ့ပါတီ” က လက်မခံရင် ဒေါက်တာတူးဂျာ ဘာဆက်လုပ်မလဲဆိုတာဘဲ။
ကျနော် ဒီလို ရှည်ရှည်ဝေးဝေး ဆွေးနွေးနေရတာက ဒေါက်တာတူးဂျာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတဲ့ စည်းဝိုင်းထဲမှာ “စပေ့စ်” တနေရာရရေး အတွက် ပုံစံမျိုးစုံနဲ့ ပါဝင်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်မရခဲ့ဘူးဆိုတာကို ထင်ရှားစေချင်လို့ပါ။ ဒါ့အပြင်ဒေါက်တာတူးဂျာ ရွေးလမ်းတွေပေါ်ကနေ ပေးတဲ့ အချက်အလက်တစ်ခု ကတော့။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရုံလောက်နဲ့တင် မရဘူးဗျ။
မိမိကိုယ်တိုင် တချိန်က ပါဝင်ဦးဆောင်ခဲ့ဖူးတဲ့ (ကေအိုင်အို) က နယ်ခြားစောင့်တပ်ဖွဲ့ရေးဆိုတာကို လက်မခံဘဲ တင်းခံနေတော့ ဒေါက်တာတူးဂျာ လုပ်သမျှ ဘာမှဖြစ်မလာနိုင်ဘူး။
နောက်ဆုံး အဖတ်တင်တာကတော့ တစ်ချိန်က မိမိကိုယ်တိုင် ပါဝင်ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ အမျိုးသား အရေးဆိုတာတွေအားလုံးကို ပစ်ပယ်ကျောခိုင်းရပြီး တစ်ကိုယ်တော်ဘဝနဲ့ “ကြံ့ဖွံ့ပါတီ”ရှေ့မှောက်မှာ “မြို့မိ မြို့ဖ“ အဖြစ် ပါဝင်ခွင့်ရရှိရေး လျှောက်ထားရတဲ့ ဘဝအခြေသို့ ဆိုက်ရောက်သွားရတယ်ဆိုတဲ့ အချက်ကို အားလုံးက သင်ခန်းစာယူနိုင်ကြဖို့ပါဗျာ။ 
(ကျနော်)       ဒေါက်တာတူးဂျာက ပထမတော့ တံခါးပေါက်ကြီးကနေ ဝင်ဖို့ပဲဗျ။ မရတော့ မလွယ်ပေါက်က ဝင်ကြည့်တယ်။ မလွယ်ပေါက်ကလည်း ဝင်ကြည့်တယ်မရဘူး။ ဒါနဲ့ နောက်ဆုံးမရတော့မှ ငုံ့တိုးလို့ရတဲ့အပေါက်ကနေ ဖြစ်ချင် ရာဖြစ် ဝင်သွားတဲ့ပုံပဲ။  
(မိတ်ဆွေ)  နောက်ပြီးတော့ သမ္မတဦးသိန်းစိန်က သူ့မိန့်ခွန်းထဲမှာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းနိုင်ငံရေး ပြဿနာ (ပြည်တွင်းစစ်ပြဿနာ) တွေကို နိုင်ငံရေးပြဿနာအဖြစ် အသိအမှတ်မပြုဘဲ “ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ”တွေကြောင့် လက်နက်တွေစွဲကိုင်တဲ့ လှုပ်ရှားမှုတွေဆိုပြီး သရုပ်ဖျက်ခဲ့တယ်ဗျ။
 ဒါဟာ အုပ်စိုးသူ အဆက်ဆက်ကိုင်စွဲခဲ့တဲ့ သဘောထားအမြင်ပဲဗျ။
ဒါကိုပိုပြီးထင်ရှားပေါ်လွင်စေတဲ့ အချက်ကတော့ –
 ပြည်ထောင်စုလွှတ်တော်ထဲမှာ ဆွေးနွေးရန် သင့်/ မသင့် မဲခွဲခဲ့ကြတဲ့ ဦးဗညားအောင်မိုး (ခ) ဒေါက်တာဗညား အောင်မိုး တင်ပြတဲ့ “အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး အခုလိုအဆုံးအဖြတ် ပေးခဲ့တဲ့အချက်ပဲဗျ။
ထောက်ခံ                          ကန့်ကွက်                 ကြားနေ
                              ၁၀၆                         ၅၂၀                                  ၂၀
ဒီလို မဲခွဲလိုက်တဲ့အခါ ပေါ်ထွက်လာတဲ့အချက်က အစိုးရသစ်ရဲ့ သဘောထားအမှန် /စိတ်ရင်းအမှန်ကို အရှိကို အရှိ အတိုင်း ထင်ဟပ်ဖေါ်ပြနေတာပဲလေ။
(ကျနော်)                 ဒါဆို ခင်ဗျား အမြင်တွေဟာ အဆိုးမြင်တွေဖြစ်မနေဘူးလား။
(မိတ်ဆွေ)      အဆိုးတွေကို အဆိုးလို့ပဲ ပြင်ပ အစွက်အဖက်တွေမပါဘဲ။ ဆန္ဒစွဲတွေမပါရှိဘဲ။ အရှိကိုအရှိတိုင်းကြည့်မြင်ရမယ် ဗျ။
အဆိုးကို အကောင်းပါလို့ မြင်ခိုင်း/ ကြည့်ခိုင်းတာဟာ သက်သက် ချောက်ချတာပဲ ဗျ။ လိမ်ညာ လှည့်စားတာပဲ ဗျ။
ဒါကြောင့် အပေါ်ယံတွေ/ သဏ္ဍာန်တွေလောက်သာ ကြည့်ပြီး အကဲဖြတ် မစောကြဖို့ပါပဲဗျ။
(ကျနော်)       ဒါဆို ဗိုလ်ချုပ်မှူးကြီး ၂ ယောက် ကန့်လန့်ကာနောက်ကွယ်သို့ ဝင်သွားတာကို ခင်ဗျားနဲ့ ကျနော် နောက်မှ သီးသန့် ဆွေးနွေးကြမယ်ဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts