>SPDC is ready for April Fools’ Day

>

ဧပရယ်ဖူးအတွက် အသင့် ဖြစ်ကြပလား၊
ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ကတော့ ရယ်ဒီ ဖြစ်နေပြါ
ပီ
မာစတာ စီဒို
မတ် ၂၉၊ ၂၀၁၁

အများပြည်သူ အလုပ်ပိတ်ရက်
ခင်ဗျားက ခေါင်းပေါင်းစ တလူလူနဲ့ သို့မဟုတ် ပုဝါနှစ်စ အသာချပြီး စည်းကမ်းရှိတဲ့လွှတ်တော်ထဲမှာ ရှိနေသလား၊ ဒါဆိုရင် April Fools’ Day ဆိုတဲ့ ကမ္ဘာကျော်နေ့ကို တရားဝင်ရုံးပိတ်ရက်ဖြစ်ရေးအတွက် အဆိုပြုသင့်တာပေါ့။ ဟုတ်ပါတယ်၊ ဧပြီလ ၁ ရက်နေ့ပါ။

အဆိုပြုလိုက်ရင် ပယ်ချခံရမယ်လို့ ယတိပြတ် မပြောနိုင်ဘူးနော်၊ ဗိုလ်ချုပ်ကြီးတွေက တခါတလေ အံ့သြစရာတွေ လုပ်ပြတတ်တယ်မဟုတ်လား။

ဥပမာ – အာဖရိကအလံတွေကို ခပ်တည်တည်နဲ့ မြန်မာပြည်အလံ လုပ်လိုက်တာ၊ ယိုးဒယားဆင်ကြယ်ဖိနပ်စီးပြီး အလံတင်ပွဲလုပ်တာ၊ လမ်းကို ကတ္တရာတခြမ်းပဲ ခင်းတာ၊ နေ့ကြီးရက်ကြီးတွေမှာ ချိတ်ထမီနဲ့ လူလုံးပြတာ စသဖြင့် စသဖြင့်။ အင်း – သူတို့အတွက်တော့ နေ့တိုင်းနေ့တိုင်း ဟော်လိုဝင်းနေ့၊ ဧပရယ်ဖူးနေ့ ဖြစ်နိုင်တာပါပဲ။


ဧပရယ်ဖူး သမိုင်းကြောင်း
ဒီ နောက်ပြောင်တဲ့နေ့၊ အရူးလုပ်တဲ့နေ့ကို ဘယ်နိုင်ငံက တီထွင်တယ် ဆိုတာ အတိအကျ မသိရပါဘူး။ အွန်လိုင်းမှာ မျက်လုံးကျွတ်ထွက်အောင် လိုက်ဖတ်ကြည့်တော့ ပြင်သစ်က ထွင်သလိုလို၊ ဗြိတိသျှတို့လက်ချက်လိုလို အမျိုးမျိုး တွေ့ရတယ်။ ကဲ – ဘယ်သူတွေထွင်တာ ဖြစ်မလဲ။

မြန်မာပြည်က စတင်တာလည်း ဖြစ်နိုင်တာပဲ။ မြန်မာပြည်ဆိုတာ လူသားတွေ အစပြုတဲ့ဒေသ မဟုတ်လား။

လူကို အရူးလုပ် လိမ်ပြောသောနေ့
ဧပြီ ၁ ရက်နေ့မှာ ပြည်ပအခြေစိုက် မြန်မာမီဒီယာအဖွဲ့တွေက ဟောသလို တင်ဆက်ဖူးကြတယ်။ နောက်မှ ဒါဟာ ဧပရယ်ဖူး ဖြစ်ကြောင်း အသိပေးလိုက်တယ်။ ပျော်စေပျက်စေပေါ့ဗျာ။

“မြန်မာ အနုပညာရှင် တစ်ရာကျော် နေပြည်တော်သို့ ချီတက်ဆန္ဒပြမည်”
မန္တလေးဂေဇက် – ၂၀၁၀
(တကယ်ထင်ကြသူတွေ မနည်းမနောပဲ ဆရာတို့ရေ)

“အာဆီယံ တံခါးပိတ်အစည်းအဝေး အရေးပေါ် ကျင်းပ၊ မြန်မာပြည်ကို အသင်းကနေ ထုတ်ပြီ”
ဧရာဝတီ ၂၀၀၂

(ဟိုက်ခနဲ ဖြစ်သွားသူတွေ ရှိခဲ့)

ဒီနှစ်မှာရော ပြောင်ကြဦးမလား?

ဧပရယ်ဖူးဆရာ BBC
ဧပရယ်ဖူးလုပ်တဲ့နေရာမှာ BBC သတင်းဌာနက မကြာခဏ အောင်မြင်ပါတယ်။ (လူအများအပြားကို ရယ်စရာလုပ်ဇာတ်နဲ့ အကြောင်ရိုက်နိုင်ခဲ့ပါတယ်)


“ခေါက်ဆွဲကို စိုက်ပျိုးလို့ ရပြီ”
(ဘီဘီစီ ရုပ်သံ / လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်)
အတည်ပေါက် နောက်လိုက်တာကို တကယ်ထင်ပြီး ဖုန်းဆက်မေးကြတယ်၊ “ဘယ်လို စိုက်ရသလဲ” တဲ့။
မေးသူတိုင်းကို BBC က “ခေါက်ဆွဲ အပင်ပေါက်တွေ ခွက်ထဲထည့်ပျိုးပြီး စောင့်ကြည့်ပါကွယ်” လို့ ပြန်ဖြေတယ် ဆိုပဲ။


“ရေခဲပြင်က ပင်ဂွင်းတွေ ဆောင်းတွင်းမှာ အရမ်းချမ်းလွန်းလို့ တောင်အမေရိက တောထဲ မိုင်ထောင်ချီ ပျံလေပြီ”
(ဘီဘီစီ ရုပ်သံ / ၂၀၀၈)
အတည်ပေါက် နောက်ပြောင်တာ ဆိုပေမယ့် လုပ်ထားတဲ့ နည်းပညာကတော့ လက်ဖျားခါလောက်တယ်။ http://www.youtube.com/watch?v=9dfWzp7rYR4 မှာ ကြည့်ပါ။

နိုင်ငံတကာ ဧပရယ်ဖူး
ဧပရယ်ဖူးလုပ်တာဟာ မီဒီယာသမားတို့ရဲ့ အရည်အချင်းတခု ဖြစ်တယ် တဲ့၊ စာဖတ်သူဟာ တခုခုဖတ်ပြီးတိုင်း အရမ်း မယုံရဘူးဆိုတဲ့ သင်ခန်းစာ ရတယ်လို့ သဘောထားရတော့မှာပေါ့။ ဟောသမှာ နိုင်ငံတကာက လက်စွမ်းပြချက်တွေ ဖတ်ပါလေ့။

ဒိန်းမတ် – Copenhagen သတင်းစာ၊ ၁၉၆၅
“ယာဉ်တိုက်မှု အန္တရာယ် ကာကွယ်ရန် ခွေးများကို အဖြူရောင် ဆေးဆိုးရမည်။ သို့မှသာ ညဘက်တွင် ခွေးများကို ရှင်းလင်းစွာ မြင်နိုင်မည်”

နော်ဝေး၊ ၁၉၈၇
“မှောင်ခိုဈေးကွက်က ဖမ်းမိတဲ့ ၀ိုင်အရက် ဂါလံပေါင်းများစွာကို အခမဲ့ ဖြန့်ဖို့ အစိုးရက ပြင်နေပြီ”
(ပုလင်းလွတ်၊ ပုံးလွတ်တွေနဲ့ တကယ်သွားတန်းစီသူတွေ မနည်းဘူး ဆိုပဲ၊ အဟိ)

တရုတ်၊ ၁၉၉၃
“ပီအိတ်ခ်ျဒီဘွဲ့ရတွေကို ကလေး တယောက်ထက် ပိုယူခွင့်ပြုမယ်၊ ဒါမှ နိုင်ငံခြားပညာရှင်တွေကို မှီခိုမှု လျှော့ချနိုင်မယ်”
(နိုင်ငံတကာ သတင်းဌာနတွေက ကိုးကားပြီး သတင်းပြန်ရေးကြတယ်။ ဒါနဲ့ပဲ တရုတ်အစိုးရက ဧပရယ်ဖူးဆိုတာ အနောက်တိုင်းကရိုးရာဖြစ်တယ် ဆိုပြီး ရှုတ်ချသတဲ့၊ သွပ်သွပ် သွပ်)

ထိုင်ဝမ်၊ ၂၀၀၉
“တရုတ်ပြည်ကလက်ဆောင်ပေးတဲ့ ပန်ဒါဝက်ဝံက အင် ဖြစ်နေတယ်၊ သာမန်ဝက်ဝံကို ဆေးဆိုးပြီး ပုံမှားရိုက်ထားတာ”
(ရေရေလည်လည် ဝေဖန်ခံရသတဲ့။)

ဂျော်ဒန်၊ ၂၀၁၀
“အရပ် ၁၀ ပေမြင့် ဂြိုဟ်သားတွေ မောင်းတဲ့ ပန်းကန်ပြားပျံ ဆင်းလာပြီ၊ ဒန် တန့် တန်”
(ပြေးလိုက်ကြတာ ဘာပြောကောင်းမလဲ၊ မြို့လုံးကျွတ် ဆိုပဲ)

ရှိသေးတယ် – ၂၀၀၉ မှာ YouTube က သူ့ဝက်ဆိုက်မှာရှိတဲ့ ဗီဒီယိုပြကွက်တချို့ကို အထက်အောက် ပြောင်းပြန်လုပ်လိုက်တယ်။ ဧပရယ်ဖူးနေ့မှာပေါ့။ ပြီးတော့ ဗီဒီယို ကြည့်ရ အဆင်ပြေမယ့်နည်းတွေလည်း ဖော်ပြပါတယ်။ လည်လိမ်ပြီး ကြည့်ဖို့၊ ဒါမှမဟုတ် ကွန်ပျူတာကို အထက်အောက်ပြောင်းပြန်လုပ်ပြီး မျက်နှာကျက်ကနေ ကြိုးနဲ့ ဆွဲထားပြီး ကြည့်ကြပါ တဲ့။ တကယ်လိုက်လုပ်သူတွေ မရှိဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ။


တချို့လူတွေက ပျော်ပျော်ကြီး အလိမ်ခံကြတယ်။ မြန်မာပြည်မှာတော့ အလိမ်ခံချင်ရင် အမျိုးသားတွေက ခေါင်းပေါင်းပေါင်း၊ အမျိုးသမီးတွေက ပုဝါခြုံကြတယ်။ လခလည်း သိန်းချီ ရကြတယ်။ သြော် – လိုရင်း ပျောက်တော့မှာပဲ။ ကဲ – ဧပရယ်ဖူးအကြောင်း ဆက်ရရင်-

ဗိုလ်ချုပ်ကြီးတို့ရဲ့ ဧပရယ်ဖူး
နေပြည်တော်က ကျေးဇူးရှင်များလည်း ဧပရယ်ဖူးအတွက် အသင့်ဖြစ်နေပါပြီ။ ဧပြီလထဲ အရပ်သားအစိုးရကို အာဏာအပ်မယ့်အကြောင်း အနံ့တွေ ထွက်နေပါတယ်။ အင်္ဂလိပ်လို cosmetic change လို့ ဆိုနိုင်မယ့် ဒီအပြောင်းအလဲကို ဧပြီလမှာ လုပ်မယ် ဆိုတော့ အင်း – အချိန်ကောင်း အခါကောင်းပဲလို့ ပြောရုံရှိတာပေါ့လေ။

ဒါပါပဲ။ Happy April Fools’ Day ကိုယ့်လူတို့။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts