ဝင်းအောင်ကြီး – ဘောလုံးပွဲပြီးပြီ အမှိုက်တွေရှင်းကြပါ
(ကျနော်တွေးမိသလို ရေးပါမည် (၄၀)၊ သူ၏ ဖေ့စ်ဘွတ်မှ)
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၅
ကမ္ဘာ့ဖလားလို အဆင့်အမြင့်ဆုံးကနေ သာမန်ပွဲပဲဖြစ်ဖြစ်၊ ဘောလုံးပွဲပြီးသွားရင် ကွင်းထဲဝင်နေတဲ့ အမှိုက်တွေကို ရှင်းပစ်ရစမြဲပါ။ ဘောလုံးသမားတွေ ကစားကြရင်း နင်းထားလို့ ပိပြားသွားတဲ့ မြက်တွေပြန်စိုက်ရ၊ ကွင်းပြန်ညှိရနဲ့ နောက်တပွဲအတွက် အသင့်ဖြစ်ဖို့ ပြင်ဆင်ရမယ်။ ဘောလုံးပွဲ စပေါ်လာကတည်းက အနိုင်အရှုံးဆိုတာ ဒွန်တွဲပါလာလို့၊ ၀မ်းနည်ပက်လက် ငိုယိုနေတဲ့ ဘောသမားလည်း အချိန်တန်ထွက်၊ ဘောလုံးကွင်းဆိုတာ ဇရပ်မဟုတ်။ ဘောလုံးပွဲကောင်းဖြစ်ဖို့ လူတွေပစ်တဲ့ အမှိုက်ကင်းရမယ်။ ဘောလုံးပွဲကိုသာမက ဘောလုံးအားကစားကိုပါ ဖျက်နေတဲ့သူတွေရဲ့ ကိုယ်တွင်းကအမှိုက်တွေ ကြည့်ကြပါစို့။
ဒီနေ့ ၃ ဂိုးနိုင်လို့ ဟိုနေ့က ၂ ဂိုးရှုံးတာကို သွားချေလို့မရ၊ ချက်ချင်း လက်ငင်း၊ ဘောလုံးပွဲထဲ ရာဇ၀င်ကြွေးဆိုတဲ့ အမှိုက်သွင်းမလာနဲ့၊ တယောက် ၅ သိန်းဆီဆပ်ရမှာကိုသာတွေး။
ပွဲကြည့်ရင်း ကြိုက်တဲ့အလံကိုင်၊ စည်းကမ်းမဖောက်ရင် အလံတွေ အမှိုက်မဖြစ်။
တိုင်းပြည်တပြည်ရဲ့ ဘောလုံးအဆင့်အတန်းမြင့်မားရေး ဘာတွေလိုလဲ၊ ဘောလုံးပွဲဆိုတာ လူစုတယ် လူစုရင် ဆူပူမှာမို့ဆိုတဲ့ အမှိုက်တွေး တွေးရာကနေ ဘောလုံးပွဲတွေ လျော့နည်းပပျောက်လာတယ်၊ ဘောလုံးကွင်းနေရာတွေ အလုခံရတယ်၊ ရှိစုမဲ့စုလေးကျန်တော့လည်း ဘောလုံးကွင်း ဘောလုံးကစားခွင့်မပြုဆိုတဲ့ အမှိုက်အမိန့်။
အရည်အတွက်မှသည် အဆင့်အတန်းသို့ ဆိုသလို ၊ဘောသမားတွေ များလေလေ တော်သူတွေ ရွေးနိုင်လေလေ မဟုတ်လား၊ ဘောလုံးသမားကို ဘာသာ လူမျိုး အသားရောင်နဲ့ကြည့်ရင် ခြေစွမ်းခြေစကို မြင်နိုင်ပါ့မလား၊ ခုတော့ ဒီလူ့ကိုဖယ် ဟိုနေရာကိုချန်နဲ့ ကျဉ်းမြောင်းတဲ့ အမှိုက်စိတ်ထား။ ဘောလုံးနည်းပညာ၊ တတ်ကျွမ်းတဲ့နည်းပြဆရာ၊ ဘောလုံးသမားရဲ့ စိတ်ဓာတ်နဲ့ ကြံ့ခိုက်မှုတို့ရှိဖို့ ရဖို့အတွက်၊ ရှိနေရနေတဲ့ တခြားနိုင်ငံတွေကိုကြည့်၊ သူတို့ဘယ်လိုလုပ်သလဲ လိုက်လုပ်ရုံဘဲ။ ရေတိုရေရှည် စီမံကိန်းမချ ၀မရှိဘဲဝိလုပ်လို့မရ။
ဘောလုံးတက္ကသိုလ်၊ ဘောလုံးသိပ္ပံ တွေထားပါတော့၊ ရိုးရိုးတက္ကသိုလ် ကောလိပ် စာသင်ကျောင်းတွေက ဘေားလုံးကွင်းတွေမှာ တနိုင်စိုက်ပျိုးရေးဆိုကာ ဘာမှမသီးမစားရတဲ့ အပင်တွေ အမှိုက်အဖြစ် နေရာယူထားတာတွေ ဖယ်ရှားပေးပါ။ FIFA, AFC စတဲ့အဖွဲ့အစည်းတွေ မှာပါဝင်နေပြီမို့ အကူအညီရရေး အဖွဲ့ချုပ်အပါအ၀င် ဘောလုံးလောက လွတ်လပ်စွာလုပ်ဆောင်ပါစေ၊ နေရာတကရှုပ် အမှိုက်ဝင်မလုပ်ပါနဲ့။
ဘောလုံးပွဲနဲ့ပရိသတ်ကြား ပေါင်းကူးတံတားဖြစ်တဲ့ မီဒီယာက တာဝန်လည်းကြီး၊ အရေးလည်းပါ၊ လောင်းကစားအတွက် ကွက်ပြီးရေးနေရင် ဘောလုံးသမားတွေခမျာ ဖဲချပ်တွေပဲ ဆက်ပြီးဖြစ်နေမယ်၊ လောင်ကြေးရှုံးသူတွေရဲ့ ပေါက်ကွဲမှုဒေါသ၊ ဘောလုံးပွဲကို ဘောလုံးစကားနဲ့ မပြောဘဲ ရူးကြောင်မူးကြောင်လုပ်နေတဲ့ အမှိုက်မီဒီယာတံတားပေါ် ဘယ်သူလျှောက်ရဲမှာလဲ။
နိုင်အောင် လုပ်ပေးနိုင်တဲ့ တန်ခိုးကြီးဘောလုံးစွမ်းအားရှင် ဘောလုံးထဲကနေ ထိုင်းဘက်ကိုလွှားကနဲ လွှားကနဲဝင်ပေးလို့ ဂိုးတွေရမယ်ဆိုတဲ့အမှိုက်တွေးကို အားကိုးရမှာလား။ ဘောလုံးဆိုတာ အပြားလား သုံးထောင့်လား မကွဲပြား၊ ဘာတခုမှလုပ်မပေးရင် ဘာကောင်းကြီးဘဲဖြစ်နေဖြစ်နေ အမှိုက်ပဲ။
အလောင်းဘုရား စိတ်ထားနဲ့ မျက်စိထဲ အမှိုက်ဝင်ကာ ကြည့်ရင်းကြည့်ရင်း မျိုးချစ်စတ်တွေလွန်ကဲ စိတ်မထိန်းနိုင်ဘဲ ၀ါးရင်းတုပ်ဆွဲ၊ ထိုင်းနိုင်ငံထဲ သွားဝင်တိုက်ရင်၊ ဗမာဆိုငယ်ကြောက် ကြီးကြောက် အစဉ်ထာဝရကြောက်တဲ့ ယိုးဒယားတွေကထွက်ပြေးကြလိမ့်မယ်၊ ချင်းမိုင်အခြေစိုက် ဗမာမီဒီယာသမားတွေပုန်း၊ ဗမာရွှေ့ပြောင်းအလုပ်သမားတွေရှောင်၊ လိင်ကျွန်ဖြစ်နေရှာတဲ့ ဗမာမလေးတွေတိမ်း၊ အမှိုက်ပုံမှာစားကြွင်းစားကျန် လိုက်ရှာနေကြတဲ့ ဗမာကလေးတွေသာ ၀ါးရင်းတုပ်နဲ့အရိုက်ခံရလို့ ငါတို့ရဲ့မဟာသွေး ထိုင်းအမှိုက်ပေါ်ကျပေတော့မယ်။
ဘောလုံးပွဲတော့ပြီးသွားပြီ၊ ကျန်နေတဲ့အမှိုက်တွေ၊ လွင့်လာတဲ့အမှိုက်တွေ၊ မွေးထားတဲ့အမှိုက်တွေ၊ ၀င်ရှုပ်နေဆဲအမှိုက်တွေ၊ ကြီးထွားနေတဲ့အမှိုက်တွေ၊ မျက်စိကအမှိုက်၊ ခေါင်းထဲကအမှိုက်၊ သွေးထဲကအမှိုက်၊ သြော် အမှိုက်ကရွှေမဖြစ် ရွှေစစ်စစ်တို့ဗမာတွေက အမှိုက်ဖြစ်၊ အမှိုက်တွေကြားက ယနေ့ဘောလုံးကိုကြည့်ရင်း— တချိန်က အမှိုက်ရှင်းတဲ့မြန်မာပြည်မှာ အမှိုက်ကင်းတဲ့ မြန်မာဘောလုံးက ရွှေတံဆိပ်၊ ရွှေဖလား၊ ရွှေဒိုင်းတွေနဲ့ ဆိုတာသတိရတွေးမိကြောင်းပါ။
၂၀၁၅ ခု။ဇွန်လ ၁၅ ရက်နေ့။
(Photo credit – Khin Maung Htwe’s facebook )
thank you to clear the dirty and smell item
REMEMBER
to clear the dirty and smelly Myanmar leaders.
methord
to VOTE DASSK NLD