>new policy of junta’s censorship board

>

ဂျာနယ်အများအပြား ပုံနှိပ်ပြီးမှ ဆင်ဆာဖြတ်မည်
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်လ ၂၈၊ ၂၀၁၁

ရန်ကုန်မြို့ စာအုပ်ဆိုင်တဆိုင်မှ အရောင်းသွက် ဂျာနယ်များ။
ဗိုလ်ချုပ်ကြီးတို့ ကြောက်ရွံ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ နှင့် သတင်း ဖော်ပြသည့် ထိုဂျာနယ်များ ၂၀၁၀ နှစ်ကုန်ပိုင်းတွင် ထုတ်ဝေခွင့် ယာယီ အပိတ်ခံရသည်။ (ဓာတ်ပုံ-မိုးမခ)


ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်း စာအုပ် အမျိုးအစား အများအပြားကို ခွင့်ပြုချက်မလိုဘဲ ပုံနှိပ်နိုင်တော့မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာနက ပြည်တွင်း မီဒီယာအဖွဲ့များသို့ ပြောကြားခဲ့သည်။

ပုံနှိပ်ပြီးမှ တင်ပြရမည့် စာပေများမှာ အနုပညာ၊ သုတ၊ ရသ၊ အားကစား၊ ကလေးစာပေ၊ ဂမ္ဘီရ၊ ကျန်းမာရေး၊ နည်းပညာ ဆိုင်ရာ အမျိုးအစားများ ပါဝင်မည်ဟု ဆိုသည်။ သတင်းဂျာနယ်များ မပါဝင်ပေ။

ထို အစီအစဉ် မည်သည့်အချိန်တွင် စတင်မည် ဆိုသည်ကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် စာပေစိစစ်ရေးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။ ဋ္ဌာနက လာမည့် အစိုးရသစ်ထံသို့ တင်ပြပြီး အဆိုပါ အစိုးရသစ်က ခွင့်ပြုသည့်အချိန်တွင် စတင်မည့် အစီအစဉ်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမျိုးအစား ၆ မျိုးကို ထုတ်ဝေရာတွင်မူ ထုတ်ဝေခွင့်လိုင်စင် လိုအပ်ဦးမည် ဖြစ်သည်။ ထုတ်ဝေပြီးသည့် အခါတွင်လည်း အချောစာအုပ်၊ စာစောင်၊ မဂ္ဂဇင်းများကို စာပေစိစစ်ရေး ဋ္ဌာနသို့ တင်ပြရမည်ဟု ဆိုသည်။

အပတ်စဉ်ထုတ် ဂျာနယ် ၈၄ စောင်နှင့် လစဉ်ထုတ် မဂ္ဂဇင်း ၁၁၃ စောင်တို့မှာ အဆိုပါအမျိုးအစား ၆ မျိုးတွင် အကျုံးဝင်မည် ဖြစ်သည်ဟုလည်း ယခင်စာပေစိစစ်ရေး၏ ညွှန်မှူးဖြစ်သူ ဦးတင့်ဆွေက ပြောသည်။

စာစောင်အချို့ မထုတ်မီကြိုတင်ပြရခြင်း(တင်ထုတ်) အစား ထုတ်ဝေပြီးနောက်တင်ပြခြင်း (ထုတ်တင်) အဖြစ် ခွင့်ပြုမည့် အစီအစဉ်အပေါ် သတင်းအယ်ဒီတာတချို့က ထူးခြားသည့် ဖြေလျော့မှု အဖြစ်ရှုမြင်ကြသည်။ သို့သော်လည်း သတင်းအယ်ဒီတာ အများစုကမူ စာပေစိစစ်ရေး ဌာန ဆက်ရှိနေခြင်း၊ သတင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အတ္ထုပ္ပတ္ထိစာပေများအတွက် ကြိုတင်ခွင့်ပြုချက် ဆက်လက် လိုအပ်နေခြင်း၊ ရေးသားဖေါ်ပြခွင့် ဆက်လက် တင်းကျပ်ထားခြင်း တို့ကြောင့် ဖြစ်ပေါ်လာဖွယ်ရှိသည့် အပြောင်းအလဲကို စိတ်ဝင်စားမှု အနည်းငယ်သာ ပြကြသည်။

သတင်းအယ်ဒီတာတဦးက “စာပေစိစစ်ရေးဆိုတာရှိနေတာက သတင်းသမားဆီကနေ ဖတ်ရှုသူဆီ သတင်းစီးဆင်းမှု အကြားမှာ ပိတ်ဆို့ထားလိုက်သလိုပဲ။ ရောက်စေချင်တာ မရောက်တာ၊ ပေးချင်တဲ့ သတင်း အချက်အလက် ကြားမှာ ဖြတ်တောက်ခံလိုက်ရတာတွေက သတင်းလောက တိုးတက်မှုနဲ့ လူထုရဲ့ လိုအပ်ချက်ကို အတားအဆီးကြီးလို ဖြစ်နေတယ်။ ဘယ်နိုင်ငံမှာမှ အခုလိုစနစ်မျိုး မရှိဘူး ထင်ပါတယ်။ အမှန်က သတင်းမီဒီယာ သမားတွေဟာ သတင်း တိကျ မှန်ကန်မှုနဲ့ စာဖတ်သူအကျိုးကို နံပါတ်တစ် ဦးစားပေးဖို့ပဲ တာဝန်ရှိတာပါ” ဟုပြောဆိုသည်။

မကြာမီ ကျင့်သုံးမည့် အလားအလာရှိသည့် “ထုတ်တင်” စနစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် ၁၉၇၂ ၀န်းကျင် သတင်းဂျာနယ်ခေတ်တွင် ကျင့်သုံးခဲ့ဖူးသည်ဟု ၀ါရင့် သတင်းစာဆရာတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ မည်သည့် စာအုပ် စာစောင်မဆို စာပေစိစစ်ရေးသို့ တင်ပြပြီးမှ ထုတ်ဝေကြရသည်။ ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်သည်ကို တွေ့ရှိပါက ထုတ်ဝေခွင့် ယာယီပိတ်လိုက်သည့်နည်း သို့မဟုတ် အပြီးအတိုင် ပိတ်သိမ်းသည့်နည်းဖြင့် အရေးယူ အပြစ်ပေးနေသည်။

စာပေစိစစ်ရေးဌာနသည် ၎င်းတို့၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ၊ လိုက်နာရမည့် အချက်အလက်များကို ထုတ်ဝေသူ၊ အယ်ဒီတာများသို့ အသိပေးခြင်းမရှိပေ။ စာအုပ်တစ်အုပ်၊ စာတစ်ပုဒ် ဆင်ဆာဖြတ်သည့်အခါ မည်သည့်အကြောင်းကြောင့် ဖြတ်ရသည် ဆိုသည့်အချက်ကို ရှင်းလင်းပြောပြခြင်း မရှိသဖြင့် လုပ်ကိုင်ရ ခက်ခဲကြောင်း သတင်းအယ်ဒီတာများက ညည်းညူ ပြောဆိုနေကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts