>treasure of my life, poems from my heart – 17

>

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၇)
တင်မိုး
မတ် ၂၈၊၂၀၁၁
( photo: burmeserebel.blogspot.com )

၁။
လရောင်ကလေးက ၀ိုးတိုးဝါးတား။ ဆောင်းရာသီရဲ့ နှင်းမှုန်တွေကြားက သာရတာမို့ အားရပါးရ သာနိုင်ခွင့်မရ။ တိမ်စတိမ်နတွေကြားက လရောင်ကလေး ၀င်းမရောင် မှန်မရောင်။

လေတိုးလို့ တုန်ခိုက်ခိုက် မှောင်မိုက်မိုက်ညတချမ်းနဲ့ လရောင်အဆမ်းကို လွမ်းသလိုလိုခံစားရတယ်။ “ဘယ်ဆီ လွမ်းမိတယ်မသိ” တဲ့ ဝေဒနာပါ။ ဘာကိုတွေးမိသလဲဆိုတော့လဲ ရေရေရာရာမရှိ။ လွင့်မျောနေမိတယ်။

အတော်ကြာတော့ လရောင်သိမ်းသွားတယ်။ ပိုပြီးမှောင်လာတယ်။ အမှောင်ထဲမှာ မိမိစိတ်ကိုငြိမ်းချမ်းအောင် ဘယ်လိုနေသင့်သလဲ။ စိတ်ဓာတ်မကျအောင် ဘယ်လိုကုသသင့်သလဲ။ အို … တွေးမိတွေးရာ အခြေအမြစ်မရှိ။ ဘာလို့ ငါ့စိတ် အိုမင်းရမလဲ။ အမှောင်တွင်း အိုမင်းစိတ်ကျ စိတ္တဇ ဘာလို့ဖြစ်ရမှာလဲ။ မိမိစိတ်အစဉ်ကို ထာဝစဉ် နုပျိုစေရမှာပေါ့။ ခွန်အားပြည့်ဝ စိတ်နေလှနေသမျှ ဘယ်မှာ စိတ်ဓာတ်ကျနေမှာလဲ။ မကြာခင် အရုဏ်လာပြီး နေသာတော့မှာပဲ။ နေပွင့်ရင်တော့ စိတ်နေမြင့်လာမှာသေချာတယ်။

၂။
တွေးမိတွေးရာကို ရေးမိရေးရာရေးမိတော့ ကဗျာတပုဒ်ဖြစ်လာရပြန်တယ်။

“နေရောင်အကြို စိတ်ပျိုမှုမွေးခြင်း” တဲ့။

လရိပ်ဖြာတော့
ငါ့စိတ်ဆာတယ်။
ဆွေးဆွေးလျလျ
အတွေးစကလေးတွေ
အဝေးကနေရောက်လာတယ်။
လရောင်ဆမ်းနေပေမယ့်
ညအမှောင်တခြမ်းကို
ဘာကြောင့်မှန်းမသိ ငါလွမ်းနေသလိုလို။
လွင့်လျက်မျောမျော
ပင့်သက်မောအောင်
ညဥ့်နက်သောအထိ ငေးမိတယ်။
လရောင်သိမ်းသွားတော့
ညအမှောင်ပိန်းလာတယ်။
အမှောင်ပိန်းပိန်းမှာ
ငြိမ်းချမ်းသောနေနည်းကိုရှာရင်း
နေသာချိန်ကိုကြိုလင့်
နုပျိုပွင့်ကို
ကုသိုလ်နှင့်စောင့်ရမှာပဲ။
(၁၆၊ ၁၊ ၂၀၀၂)

စိတ်ခြေရာတွေဟာ ကဗျာတွေဖြစ်လာတော့တာပဲ။ စိတ်ထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်လာရင် ကဗျာဖွဲ့ဖို့ ပြင်မိတော့တာပဲ။ ကိုယ်လုပ်နေကျအလုပ်ခွင်တခုလို အကျင့်ဖြစ်နေတယ်မဟုတ်လား။

၃။
လူ့ဘ၀ဆိုတာ မြင့်မြတ်တယ်။ “လူ” ရယ်လို့ဖြစ်လာဖို့ လွယ်ကူတာမဟုတ်ဘူး။ ဘ၀သံသရာမှာ ကုသိုလ်ကံအဟုန်ကြီးမားလို့သာ “လူ” ဖြစ်လာရတာတဲ့။ “မနုဿတ္တဘာဝေါ ဒုလ္လဘော” တဲ့။ “လူ့အဖြစ်သည်၊ စင်စစ်မလွဲ၊ ရမည်ခဲ” တဲ့။ “လူ့ပြည်ကအပ်တစင်း၊ ဗြဟ္မာပြည်ကအပ်တစင်း၊ အပ်သွားချင်းသာ၊ ထိဖွယ်ရာ” ရှိသတဲ့။ လူ့ဘ၀တခုရဖို့အရေး မလွယ်ကူဘူးရယ်လို့ လူကြီးမိဘများ ဆုံးမစကားဆိုသံ အမြဲကြားရလေ့ရှိတယ်။ သမုဒ္ဒရာထဲမှာ လိပ်ကန်းတကောင်နဲ့ ထမ်းပိုးတို့ဟာ အခိုက်သင့်တွေ့ကြုံပြီး စွပ်မိကောင်းစွပ်မိနိုင်ပေမယ့် လူအဖြစ်ကိုရောက်လာဖို့ မလွယ်ဘူး။ ဒါကြောင့် ရတောင့်ရခဲရတဲ့ လူ့ဘ၀ကို အကျိုးရှိရှိနဲ့ မြင့်မြတ်စွာနေဖို့ ကြိုးစားအားထုတ်ကြရမယ်။

သူတော်ကောင်းတရား ပွားများနေထိုင်နိုင်ဖို့ ကျင့်ကြံကြရမတဲ့။ အဲဒါတွေဟာ လူ့ဘ၀ရဲ့တန်ဖိုးကို အလေးအနက်ထားလေ့ရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာ အယူအဆတွေပါ။

ဒီလို အဆုံးအမ သြ၀ါဒတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ လူငယ်တွေအဖို့ မိမိတို့ဘ၀၊ မိမိတို့အသက်ကို တန်ဖိုးထား၊ စောင့်ရှောက်မှာ မလွဲပါဘူး။ အရမ်းမဲ့စွန့်စားတာတို့၊ မျက်ကန်းအသေခံတာတို့ အစရှိတဲ့ မိုက်မဲမှုတွေကို ရှောင်ရှားနိုင်ဖွယ်ရှိပါတယ်။

ခုတလောမှာ လူငယ်တွေကို မှိုင်းတိုက်၊ အမိုက်ဇာတ်သွင်းပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခိုင်းတဲ့ “အကြမ်းဖက်ဝါဒ” ပေါ်ပေါက်နေပါတယ်။ မိမိကိုယ်ကိုလဲ ယဇ်ပူဇော်တဲ့အပြင် အပြစ်မဲ့သတ္တ၀ါ အများသူငါတွေကိုလဲ စတေးရာရောက်ပါတယ်။

တီဗွီသတင်းတွေထဲမှာ ဂျွန်ဝေါ့ကာဆိုတဲ့ အမေရိကန် တာလီဘန်လူငယ်ကလေးတယောက်အကြောင်း ပါလာပါတယ်။
ငယ်စဉ်က ရုပ်ရည်ချောမောပြီး ပညာထူးချွန်တဲ့ လူငယ်လေးတယောက်ဖြစ်ပါလျက် လွဲမှားတဲ့ ယုံကြည်ချက်တခုကို ကိုးကွယ်ဆည်းကပ်မိတာနဲ့ လူ့လောကရဲ့ အန္တရာယ်ဖြစ်လာရပါတယ်။ ဖခင်ဖြစ်သူမှာ ၀မ်းနည်းလို့ မဆုံးပါဘူး။ အကြမ်းဖက်ဝါဒရဲ့ သားကောင်ဖြစ်သွားရလေတော့ မိမိရရှိခဲ့တဲ့ ဘ၀တန်ဖိုးဟာ အချည်းနှီးဖြစ်ရုံမက အဖျက်အင်အားစုခေါင်းဆောင်တောင် ဖြစ်သွားရရှာပါတယ်။

လူငယ်ဆိုတိုင်း အသိကြွယ်တယ်လို့ မယူသင့်ဘူး။ တက်ကြွမှုကိုစေခိုင်းပြီး မိုက်ရိုင်းအောင် သွေးဆွ ပေးမယ်ဆိုရင် ကမ်းကုန်အောင်မှားတတ်တာကို သတိရှိရမယ်။ ဒီလိုနဲ့ ကမ္ဘာ့သမိုင်းမှာ ဟစ်တလာရဲ့ သွေးထိုးခံ ဂျာမန်လူငယ်တွေ၊ ဂျပန်ဖက်ဆစ်ခေါင်းဆောင်တွေရဲ့ ဓားစာခံ ဂျပန်လူငယ်တွေ အသုံးချ ခံသွားကြရတာ မမေ့သင့်ဘူး။ အာဇာနည်တို့ရဲ့ ကျဆုံးခြင်းမျိုးမဟုတ်ဘဲ လူရမ်းကားတွေရဲ့ ခွေးသေ ၀က်သေ သေရတဲ့ကိန်းဆိုက်သွားတာ အလွန်နှမြောစရာကောင်းတယ်။ အရွယ်ကောင်းလုလင်ပျို ကလေးတွေဟာ အဆိပ်သင့်ပန်းကလေးတွေ ဖြစ်ကြရတယ်မဟုတ်လား။

ဒီအတွေးကလေးပေါ်လာတော့ ကဗျာလေးရေးချင်ပြန်လာတယ်လေ။ ဒါနဲ့ …

သတိအလစ်

ဘ၀တခုကို
မရမက
လှလှပပ ထုဆစ်ပြီးတဲ့နောက်
အတွေးအခေါ်ဖောက်လာတာနဲ့
အဲဒီဆောက်နဲ့ပဲဖြတ်လှီးပြီး
ဘ၀ဇာတ်ခရီးသိမ်းဖို့ကြံစည်တယ်။
မိမိဘ၀ ဇာတ်သိမ်းရုံမက
အခြားသူတို့ကိုလဲဇာတ်သိမ်းအောင်
ကတိမ်းကပါး ကြံစည်ပြန်သတဲ့။
ဇာတ်သိမ်းမှ
အပြတ်ငြိမ်း မြတ်ကိန်းထူးမယ်လို့
နတ်စိမ်းပူးသလို အမှောင့်အဖျက်ဝင်
နှောင့်ယှက်ချင်တဲ့အတွေးအခေါ်မှားက
အရေးပေါ်ရထားနဲ့စောင့်နေတာကိုး။
အသိမကြွယ်တဲ့ လူငယ်ဘ၀ဆိုတာ
တက်ကြွမှုတခုတည်းနဲ့မလုံလောက်
နှိုင်းထောက်ဆင်ခြင် သမ္ပဇဉ်ဆိုတဲ့
ဥာဏ်အစဉ်နဲ့ထိန်းနိုင်မှ
မယိမ်းမယိုင် ကျောက်တိုင်လိုခိုင်မှာကိုး။
သတိတချက်လစ်ရင်တော့
ကျွမ်းပစ်ပြီသာမှတ်ပေတော့လူကလေးရေ့ …။
(ဂျွန်ဝေါ့ကာဆိုတဲ့ အမေရိကန်လူငယ်တဦးသို့)

၎။
နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ဘ၀အဖြစ်အပျက်တွေ၊ ဖြစ်စဉ်တွေအများကြီး။ သင်ခန်းစာယူစရာ၊ ဆင်ခြင်နှိုင်းဆစရာတွေလဲ တပုံကြီး။ ရင်ထဲမှာ ခိုက်ပြီး တလှိုက်လှိုက်ဖြစ်ရတာတွေလဲ မရေတွက်နိုင်။ ခံစားသိမြင် စေတနာဝင်သမျှကိုလဲ ကဗျာဖြစ်အောင် ဖွဲ့ချင်ပါရဲ့။ ဒါပေမယ့် မိမိကိုယ်တိုင်ကလဲ စာဆိုကျော်ဦးပုညလို “ကဗျာဉာဏ်အာဘော်ကလဲ ကလော်တိုင်းမထွက်”။ ဒါကြောင့် ကဗျာဆေးရေးတစက်မျှနဲ့သာ …။ ။

တင်မိုး (၂၂၊ ၁၊ ၂၀၀၂)
ခေတ္တ ဘယ်လ်ဂျီယံ။

မူရင်း – ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၅)၊ ဖေဖော်ဝါရီ ၂၀၀၂



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts