>Ashin Nanika – Shelter, Path & Storm

>

ထီးရယ် ၊ လမ်းရယ် ၊ လေကြမ်းရယ်
အရှင်ဉာဏိကာဘိဝံသ
မတ် ၂၈၊ ၂၀၁၁
ဒေလီစီးတီးဆိုတဲ့ မြို့လေးရဲ့ ရတနာဉာဏ်ရောင်ကျောင်းမှာ တစ်ပါးတည်း သီတင်းသုံးနေတဲ့ဆရာတော်က မြန်မာပြည် ပြန် ကြွသွားတယ်။ ဒါကြောင့် သူ့နေရာမှာ ကိုယ်က ကျောင်းလာစောင့်ပေးနေတယ်။ လွန်ခဲ့တဲ့ လေးနှစ်ခန့်ကလည်းပဲ ခုလိုပဲ လာရောက်စောင့်ပေးခဲ့ဘူးတယ်။ မတ်လ နှောင်းပိုင်းဖြစ်တဲ့ ဒီအချိန်မှာပဲ။ အဲဒီတုံးက ခုကျောင်းနေရာမှာ မဟုတ်သေးဘူး။ အခြားတစ်နေရာမှာ။သို့ပေမယ့် တစ်လမ်းတည်း။ နောက်ပြီးလည်း အရင်နေရာနဲ့ ခုနေရာက သိပ်မဝေးလှဘူး။ သုံးလေး အိမ်ကျော်ကျော်မျှသာ ကွာဝေးတယ်။
အလျင် တစ်လတာမျှ လာရောက်နေထိုင်ခဲ့စဉ်က မိုးရွာတာ မတွေ့ခဲ့ရဘူး။ ရာသီက သာသာယာယာမို့ ၁ဝ မိနစ်ခန့်မျှ ကား မောင်းရတဲ့ ဆန်ဖရန်စစ္စကို ကမ်းခြေကိုတောင်သွားပြီး မကြာမကြာ လမ်းလျှောက်ဖြစ်ခဲ့တယ်။ ဒီအကြိမ်မှာတော့ ရာသီက အလျင်အခါကနဲ့ မတူဘူး။ အလွန်ခြားနားနေခဲ့တယ်။ စရောက်ကတည်းက အဆက်မပြတ် မိုးသဲနေခဲ့တာ။ မိုးနဲ့အတူ လေ ကလည်းပါလို့ တကယ့်မိုးတွင်းကာလတစ်ခုလို။ ဝုန်းဒိုင်းစိုင်းနေတဲ့ လေပြင်းသံက တခါခါမှာ ကြောက်ဖွယ်လိလိ။ ခုဆို လေးရက်ရှိပြီ။ ဒီလေးရက်အတွင်း နေရောင်ကို အခိုက်အတန့်လေးမျှသာ မြင်ခဲ့ရတယ်။ တကယ်ဆို ဒီရာသီက ဆောင်း နှောင်းနွေဦးမို့ တခါတရံ မိုးစက်အနည်းငယ် ကြွေတတ်ပေမယ့် ခုလိုအချိန်ပြည့် မိုးစွေနေရမယ့် အချိန်မျိုး မဟုတ်တော့ဘူး လေ။ ခုတော့ ရာသီက မှားနေခဲ့ပြီ။
လွဲမှားနေတဲ့ ရာသီက စိတ်ကိုပင် ထွေပြားစေတတ်သလား မဆိုနိုင်ဘူး။ မတူတဲ့ကမ္ဘာတစ်ခုခု ရောက်နေသလိုလို ခံစားမိ တယ်။ ဘယ်ကိုမှသွားလို့ မရနိုင်တာမို့ ပြတင်းတံခါးကနေပြီး မသွားမဖြစ် သွားနေကြတဲ့သူတွေကို ထိုင်ကြည့်နေမိတယ်။ တစ်နာရီ မက၊ နှစ်နာရီ မက။ တစ်ကြိမ်လည်း မက၊ နှစ်ကြိမ်လည်း မက။ နာရီများစွာ၊ အကြိမ်များစွာ၊ ပြတင်းတံခါးဝမှာ။
နေထိုင်ရတဲ့အဆောင်က လမ်းလေးခွ အဆုံမှာမို့ ပြတင်းဝက ကြည့်လိုက်ရင် လမ်းသုံးဖက်ကို တစ်ပြိုင်တည်းမှာ ထင်ထင် ရှားရှား မြင်နေရတယ်။ မျက်စိအောက်မှာ ကန့်လတ်ဖြတ်နေတဲ့လမ်းက အနိမ့်အမြင့်။ ဘယ်ဖက်အမြင့်ကနေ တဖြေးဖြေး နိမ့်ဆင်းလာခဲ့တဲ့လမ်းက ညာဖက်မှာ တော်တော်နိမ့်သွားတယ်။ နိမ့်ရာကနေ တစ်ခါထပ်ပြီး မြင့်တက်သွားပြန်လို့ ဟိုမျက်စိ တဆုံးမှာမြင်ရတဲ့ လမ်းနဲ့အိမ်စဉ်တန်းကတော့ ကိုယ့်အထက် နည်းနည်းပိုမြင့်သလို ဖြစ်သွားပြန်တယ်။ အနေအထားက မျက်စောင်းထိုးဖြစ်ပေမယ့် မြင်ကွင်းအရ မျက်စိရှေ့တည့်တည့်ဖြစ်နေတဲ့ ဘေးလမ်းကတော့ မနိမ့်မမြင့်ပဲ ညီညီညာညာ။
နေရာက ဖရီးဝေးလမ်းမကနေထွက်ပြီး မြို့ထဲကိုဝင်တဲ့ လမ်းဆုံတစ်ခုဖြစ်တာမို့ ကားသွားကားလာများတဲ့ လမ်းဆုံ တစ်ခု။ အချို့က အရှေ့ကနေ အနောက်သွား၊ တချို့ကတော့ အနောက်ကနေ အရှေ့ဆီ။ တောင်အရပ် ယွန်းသူလည်းရှိ၊ မြောက် အရပ် ယွန်းသူလည်းပါ။ ဖြတ်သွားတဲ့ ကားတွေက အရွယ်စုံ၊ အရောင်စုံ၊ တံဆိပ်စုံ၊ ပုံစံစုံ။ ကားမောင်းသူတွေကလည်း အရွယ်စုံ၊ လူမျိုးစုံ၊ ကျားမစုံ။ အကျင့်စုံ၊ စရိုက်စုံ။ ဖြေးဖြေးမောင်းသူလည်းရှိ။ မြန်မြန်မောင်းသူလည်းရှိ။ အရေးကြီး သူ လည်းရှိ။ အရေးမကြီးသူလည်းရှိ။ ကိုယ့်အတွက်သာ ဦးစားပေးသူလည်းပါ။ သူတစ်ပါးကို ဦးစားပေးသူလည်းပါ။ လူအမျိုး မျိုး၊ စိတ်အထွေထွေ။ ပေးဝေတတ်သူလည်းရှိ။ ရယူတတ်သူလည်းပါ။
လမ်းဆုံလေးမှာ ဘတ်စ်ကားမှတ်တိုင်လည်းရှိလို့ ဘတ်စ်ကားနဲ့ သွားတဲ့သူတွေကိုလည်း မြင်ရတယ်။ ညာဖက်အနိမ့်ပိုင်းက နေ ဘတ်စ်ကားမှတ်တိုင်ရှိရာ ဘယ်ဘက်ဆီကို ရှောက်လာတဲ့သက်ကြီးရွယ်အိုအချို့က မောနေဟန်ပါပဲ။ ခြေလှမ်းသုံးလေး ဆယ်လောက် လှန်းလိုက်။ ခဏရပ်နားလိုက်။ ဘယ်ဖက်ကနေ ညာဖက်အနိမ့်ပိုင်းဆီ လျှောက်သွားသူတွေကတော့ ခပ် သုတ်သုတ်၊ ခပ်ငိုက်ငိုက်။ အတက်ဆိုတာက အဆန်သဘော၊ အဆင်းကတော့ အစုန်။ အစုန်နဲ့အဆန်ဆိုတာကတော့ မတူ တတ်။ ရေဆန်ပဲဖြစ်ဖြစ်၊ လေဆန်ပဲဖြစ်ဖြစ်။ ခွန်အားစိုက်ရတာ၊ ပိုပင်ပန်းတတ်တာ သဘာဝ။ အစုန်ကတော့ မျောလိုက်ရုံ သာ။ လူသားတစ်ဦးအတွက် လိုလားစရာကောင်းတဲ့ အရာတော်တော်များကလည်း အမြင့်ဖက်မှာ၊ အဆန်ဖက်မှာ ရှိတတ် တာ။ ဒီတော့ လိုလားတဲ့အရာရှိလာရင် ရဖို့က ပင်ပန်းမှုနဲ့ ရင်းရတာ။ အတက်လမ်း၊ အဆန်လမ်းဆိုတာ ကြမ်းတတ်တာ၊ ပန်းတတ်တာက သဘာဝ။ သူသူကိုယ်ကိုယ် ဘဝမှာ လမ်းအစားအစားကို လျှောက်ခဲ့ကြရ၊ လျှောက်လည်း လျှောက်ဆဲ၊ ဆက်ပြီးလည်း လျှောက်မြဲ လျှောက်နေကြရဦးမှာလေ။
ကျောင်းသွား။ ဈေးသွား။ အလုပ်သွား။ စသဖြင့် မဖြစ်မနေ သွားကြရတဲ့သူတွေက မိုးရေထဲမှာ။ ခပ်သုတ်သုတ်၊ ခပ်မြန်မြန်။ ဟန်ပန်မရှိ။ ပကတိ။ အများစုက မိုးကာကုတ်အင်္ကျီတွေ ခေါင်းမြီးခြုံလို့။ အနည်းစုကတော့ ထီးနဲ့။ ထီးဆိုတာ နေပူတဲ့အခါ၊ ဒါမှမဟုတ် မိုးရွာတဲ့အခါမှာ သုံးဖို့မဟုတ်လား။ လေကာဖို့အတွက် ထီးကိုသုံးတယ်ဆိုတာမျိုးတော့ မကြားဖူးပါဘူး။ နေပူမိုး ရွာ ထီးမပါ၊ ကြီးစွားဒုက္ခ ကြုံတော့မယ်ဆိုတဲ့ လင်္ကာလေးက စိတ်ထဲပေါ်လာတယ်။ ဖိနပ်နဲ့ရေဗူး မပါရင် နွေခါမှ သိ၊ ဒါနနဲ့ သီလမပါရင် သေခါမှသိ-ဆိုတဲ့ ဆုံးမစာတိုလေးကိုလည်း သတိရမိပါတယ်။ ဒါနဆိုတာ မျိုးရိက္ခာ၊ သီလဆိုတာ အဝတ်တန် ဆာ၊ ဘာဝနာဆိုတာ ထီးပမာလို့လည်း ဆိုကြပါတယ်။
ထီးက နေမိုးဒဏ်ကိုတော့ အတန်အသင့် လုံအောင် ကာပေးနိုင်တယ်။ဒါကြောင့် လေမပါ၊ မိုးမသဲ၊ ဖွဲဖွဲမျှ ရွာချိန်မှာဆိုတော့ ထီးက အကာအကွယ်တစ်ခု။ ခုလို မိုးနဲ့အတူ ကြမ်းတမ်းတဲ့လေလည်း ပါလာတဲ့အခါမှာတော့ ထီးကာသူတွေထက် ထီးမပါ သူတွေက ပိုပြီးအဆင်ပြေမယ်လို့ ယူဆပါတယ်။ မခိုင့်တခိုင် ထီးငယ်လေးတွေဟာ ခပ်ကြမ်းကြမ်းလေအတွက် ကာစရာ တန်ဆာပလာတစ်ခု ဖြစ်နိုင်မယ် မဟုတ်ပေဘူး။
မျက်စိအောက်မှာတင်ပဲ လေကြမ်းနဲ့အတူပါလာတဲ့ မိုးဒဏ်ကို ခေါက်ထီးလေးတွေနဲ့ အတင်းကြိုးစားပြီး ကာကွယ်နေတဲ့သူ တော်တော်များများရဲ့ ထီးတွေ တွန့်လိန်ခေါက်ခွေသွားတာကိုလည်း မြင်နေရတယ်။ တစ်ယောက်မက၊ နှစ်ယောက်မက၊ သုံးလေးယောက်လည်း မက။ လေကြမ်းမိုးသဲထဲမှာ ထီးကြောင့် အလုပ်ပိုများနေသူတွေက မနည်းမနော။ မြင်ရတဲ့အနေ အထားအရတော့ သူတို့တွေဟာ ဒီအချိန်မှာ မိုးမစိုဖို့ ကာတာထက် လေကြမ်းကြမ်းက သယ်ယူလာတဲ့ မိုးပေါက်ပြင်းပြင်း တွေ သူတို့မျက်နှာပြင်ကို မထိရောက်အောင်လို့ ကာကွယ်နေကြတယ်လို့ပဲ ထင်မိပါတယ်။
မိုးသဲသဲအောက် အပြေးအလွှားလမ်းလျှောက်နေသူတွေကိုကြည့်ပြီး နေမိုးလေဒဏ်ကို ကာကွယ်ဖို့ လူတွေဟာ နည်းလမ်း တစ်ခုခုနဲ့ ကြိုးစားနေကြတယ်လို့ တွေးမိပါတယ်။ အလားတူပါပဲ။ လူသားတွေအနေနဲ့ ဘဝမှာ တွေ့ကြုံရင်ဆိုင်နိုင်တဲ့ ဘေး အန္တရာယ်တွေကိုလည်း တစ်နည်းနည်းနဲ့ ကာကွယ်ဖို့ ကြိုးစားရုန်းကန်နေကြရတာပါပဲ။ မိဘတွေ၊ ဆရာတွေက သားသမီး တွေ၊ တပည့်တပန်းတွေကို ဘေးအန္တရာယ်တွေ မကျရောက်ရလေအောင် ကာကွယ်ပေးတတ်သူတွေလေ။ ဒါကြောင့် တခါ ခါမှာ ထီးနဲ့ခိုင်းနှိုင်းကာ သုံးတတ်တယ်။ ကျောက်ထီးတန္တု အလေးပြုရပါသောဆိုတဲ့ စကားမျိုးကိုလည်း ဆိုတတ်ကြပါ တယ်။ သို့ပေမယ့် ဒီထီးတွေကလည်း ရှိရှိသမျှ ဘေးအပေါင်းကိုတော့ ကာကွယ်ပေးနိုင်မယ် မဟုတ်ဘူးလေ။
ကိုယ်တွင်းသဏ္ဌာန်မှာရှိတဲ့ ကိန်းကြွလွန်ကျူး ထူးထွေများပြား ကိလေသာ အစားစားကိုတော့ နေလေမိုးများနဲ့ ခိုင်းနှိုင်းကာ ဥပမာပြုကြပါတယ်။ တကယ်ဆို ဒီနေလေမိုးတွေကမှ တကယ့်ကို ဒုက္ခလှလှ ပေးနိုင်ကြတာ။ ဒီလိုကိလေသာ နေလေမိုး တွေရဲ့ တွန်းထိုးမှုကို ကာကွယ်နိုင်စေဖို့ကိုလည်း နည်းအမျိုးမျိုး၊ အကာအကွယ်အမျိုးမျိုး ပေးခဲ့ကြပါတယ်။ ဒီအကွယ် အကာတွေကို စနစ်တကျ ကိုယ်က ဘယ်လိုအသုံးချမယ်၊ မချဘူးဆိုတာကတော့ ကိုယ့်အပေါ်မှာသာ မူတည်ပေလိမ့်မယ်။
ထီးတွေ လမ်းတွေ မိုးရေတွေကိုမြင်ရလို့ ဟိုဟိုဒီဒီ အတွေးတွေ ရှည်နေဆဲမှာပဲ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးရဲ့ “ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက် မဟုတ်ချေ။ မစင်လူး လျင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျက်၊ မဆေးရက်၊ ကန်တွက် မရှိလေ။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းမ၊ သမထ ဝိပဿနာ၊ ကိလေသာ ဘင်၊ သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊ ရှိပါလျက်၊ မထွက်ပြေးလို၊ မဆေးလို၊ မင်းပျို ကိုယ့်တွက်ပေ” ဆိုတဲ့ ဆုံးမစကား လင်္ကာလေးကို သတိရမိပါသေးတယ်။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts