မင်းကိုနိုင်ရဲ့ ဒဏ်ရာရ ပန်းသီးများ

မင်းကိုနိုင်ရဲ့ ဒဏ်ရာရ ပန်းသီးများ

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၇

 

“ဖဲဆိုတာ ဂမ္ဘီရပညာရှင်တွေက လူတွေရဲ့ကံကြမ္မာကို ဟောကိန်းထုတ်လို့ရတဲ့ တဲရော့ဗေဒင်ကို အဓွန့်ရှည်တည်တံ့အောင်အမြော်အမြင်ကြီးကြီးနဲ့ထားရစ်ခဲ့တာကွ အ​မှောင်​လမ်းကြားထဲ စမ်းတဝါးဝါးဒုက္ခမရောက်ရအောင် ဂရုဏာနဲ့”

“တော်စမ်းပါ ချမ်းသာရာ”
“တကယ်ပြောနေတာကွ”
,,,,,,,,,,,,,,,,

မင်းစွဲနေပြီမဟုတ်လားဟု ချမ်းသာက လှောင်သလိုမေး၏။

“မစွဲပါဘူး ဒါပေမဲ့လာချင် တာဝန်ခံပါတယ်”

ရွက်ကြွေတွေ ဖြန့်ခင်းထားသည့်လမ်းပေါ် အောင်ဇော် အနွေးထည်ထဲ လက်နှိုက်လျှောက်လာရင်း ပုံမှန်အသံဖြင့် ဖြေသည်။

စိတ်ဝင်းစားနေပြီလို့ပြောရင်ရမလားဟု ချမ်းသာက ထပ်မေး၏။

“အင်း ရနိုင်ပါတယ် ငါကိုယ်တိုင်မပတ်သက်ဘဲ မနေနိုင်အောင် ဆွဲဆောင်မှုရှိနေတဲ့အရာပဲလို့တော့ ပြောနိုင်ပါတယ်”

“ကဒ်ပြားလေးတွေကပြောပြမယ့် လူတွေရဲ့ကံကြမ္မာအလှည့်အပြောင်းကိုလား”

“ဟင့်အင်း၊ လူ့ကံကြမ္မာကို လူတွေကသာဖန်တီးနေတာပါ။ မင်းကဒ်ပြားလေးတွေက ဘာတတ်နိုင်မှာတဲ့လဲ။ လူတွေကိုယ့်ဘာသာကိုယ်ဖန်တီးထားတဲ့ကံကြမ္မာကို သူက ဟောနိုင်တယ်ဆိုတာတော့ ဟုတ်ချင်ဟုတ်မှာပေါ့”

“တခါတရံကျတော့ မှောက်ဖဲတချပ်ကို ရင်တဖိုဖိုနဲ့ ဘာများ အဖြေပေါ်မှာပါလိမ့်ဆိုပြီး ကြည့်ရတဲ့အရသာ ဘဝမှာ မကြာ ခဏ ကြုံဖူးမှာပါကွာ ဒါဟာ ဘာလဲ မရေရာတဲ့လူ့ဘဝရဲ့သဘော”

“ဒီလိုရှိတယ် သူငယ်ချင်း၊ မင်းညကအိပ်နေရင်းယောင်တာ အတော်ရယ်စရာကောင်းတယ်။ မင်းအိမ်ကသိရင် မင်း နာပြီကွ အကုန်ပေါ်တာပဲ”

“ဘာလဲကွ ငါတခါတခါတော့ ယောင်တတ်တယ်လို့ ပြောကြတာပဲ။ ညက ဘာယောင်မိလို့လဲ” ဟု ချမ်းသာက သိလိုဇောဖြင့် ပြန်မေး၏။

အောင်ဇော် တိုးတိုးရယ်သည်။

“သေချာတာက ယောင်တဲ့လူဟာ မင်းကိုယ်တိုင်ပဲကွ။ ဒါပေမဲ့ ဘာယောင်မှန်း မင်းကိုယ်တိုင်မသိလို့ ငါ့ကိုပြန်မေးနေရတယ်။ ရယ်​စရာ မကောင်းဘူးလား”

“ဒါရယ်စရာလားကွ။ သဘာဝပဲဟာ”

“အေးလေ။ယောင်ပြီးစကားပြောခြင်းဆိုတဲ့အမှု့ကိုမင်းကိုယ်တိုင်လုပ်မယ်။ပြီးတော့မှကြားလိုက်ရတဲ့လူကိုပြန်မေးနေရတယ်။ လူတွေကကိုယ်လုပ်မှန်းမသိလုပ်လိုက်တဲ့ကိစ္စကို ဘာများပါလိမ့်ဆိုပြီး ​ဗေဒင်​မေးတာနဲ့ မတူနေဘူးလား။ ​ဗေဒင်​က ကြားရင်ကြားလိုက်သလို ပြန်ပြောရုံပဲတတ်နိုင်မှာပေါ့၊ အဓိက အဲ့ဒီအမှုကိုပြုသူ အဲ့ဒီကံဆိုတဲ့အလုပ်ကိုလုပ်သူဟာ မေးနေတဲ့ သူ ကိုယ်ပဲမဟုတ်ဘူးလား”

ချမ်းသာ ဘဝင်ကျပုံမရသော်လည်း တူးတူးတို့အိမ်ဝရောက်ပြီမို့ မဆက်ဖြစ်တော့။ အောင်ဇော်က တီးတိုးသံဖြင့် မင်း ကိုယ့် ဟာကိုယ် ဘာလုပ်မှမှန်းသေချာမသိတဲ့ကိစ္စာတွေမှာ အလှည့်အပြောင်းတွေကို ဘာမှရင်ခုန်နေစရာ မရှိပါဘူး။ တခုတော့ရှိ တယ်၊ ကိုယ့်ဆန္ဒမပါပဲ မလွန်ဆန်နိုင်လို့လုပ်ရပြီး အဲဒီအလုပ်ရဲ့အကျိုးဆက်ကို အကျည်းတန်စွာ ခံစားရတဲ့သူတွေကိုပဲ ငါ သနားတယ်။

“သနားရင် မင်းကယ်ထုတ်သွား။ သူ့အမေကြီးကို ငါပိုင်တယ်။ သဘောတူမှာပါ” ဟု ချမ်းသာက ခပ်ရွဲ့ရွဲ့တိုက်တွန်းလိုက်ပြီး အိမ်တံခါးဝမှာ သူတို့ရပ်၏။

အမှောင်လမ်းကြားထဲ မဝံ့မရဲပွင့်ရသည့် ပျဉ်းမပန်းလေးကို အောင်ဇော်မြင်ရဦးမည်။ ပျဉ်းမပန်းလေးရေ မင်းရဲ့ကံကြမ္မာကို ကဒ်ပြားလေးတွေက ……………။

မကြာမီ ထွက်ရှိမည့်” ဒဏ်ရာရပန်းသီးများ” ဝတ္ထု မှ …

သရုပ်ဖော်ဆရာပန်းချီမျိုးမြင့်နှင့် စီစဉ်သူများအား ကျေးဇူးတင်လျက်။

မင်းကိုနိုင်