>Mar Mar Aye – 373

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၇၃)

စန္ဒယားဆရာကြီး အေဝမ်းခင်မောင်ရဲ့ ဘဝနောက်ဆုံးအချိန်

မာမာအေး

မတ် ၂၇၊ ၂၀၁၁



(photo: bbc)

BBC က အသံလွှင့်ခဲ့သည့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပါတ်မှာတုန်းက အေ၀မ်းခင်မောင်လို့ ခေါ်ကြတဲ့ နာမည်ကျော် စန္ဒရားဆရာကြီး တီးခတ်သွားတဲ့ ကျေးစေတမာန် စန္ဒရားလက်သံ ဘယ်လောက် လက်ကျမှန်သလဲ၊ လက်စွမ်းပြ တီးခတ်ကြမယ့်သူတိုင်း ဒီကနေ့အထိ စံယူ လေ့ကျင့်နေကြတဲ့ တီးကွက်တီးလုံး ဖြစ်နေတုန်းပါဘဲလို့ ပြောရင် သဘောပေါက်တော့ပေါ့နော်။



အလင်္ကာကျော်စွာ ဆရာရွှေပြည်အေးဟာ ငယ်စဉ်က အဆိုနဲ့စပြီး ဂီတလောက ၀င်ခဲ့သူပါ၊ ပြီးတော့ ဆိုင်း၊ တယောနဲ့ စန္ဒရားကို တမျိုးပြီးတမျိုး ပြောင်းတီးခတ်လာတယ်၊ နောက်တော့ သီချင်းရေးတဲ့ဆီ ရောက်ခဲ့ပါတယ်၊ အမိ မြန်မာ့ဂီတကို ကျွမ်းကျင် ကျက်စားနိုင်လာပြီးတဲ့အခါ နိုင်ငံတကာဂီတဖက် ကျိုးစား ဆောင်ရွက်ခဲ့တာ ခေတ်အဆက်မပြတ်ပါဘဲ၊ အေ၀မ်း ခင်မောင်ကို စံတင်စရာ လက်သံသာရှင်ဖြစ်အောင် ကျေးစေတမာန်နဲ့ပွဲမြှင့်တာလို နောက်ကလာတဲ့ စန္ဒရားတက်လူ သူငယ် တစ်ဦးကို မြင်ပြန်လာတဲ့အခါ အဆိုကျော်ကိုမြကြီးအတွက် ရေးပေးတဲ့ “မိုး”သီချင်းဓါတ်ပြားသွင်းရာမှာ စီစဉ်လမ်းပြ တီးခတ်စေပါတယ်၊ ဆရာရွှေပြည်အေးရဲ့လက်ရာ “မို”းသီချင်း ဓါတ်ပြားသွင်းခွင့်ရတဲ့ စန္ဒရားတက်လူငယ်ကလေးဟာ “စန္ဒရားချစ်ဆွေ” ပါဘဲ၊ မိုးသီးမိုးပေါက်ကဲ့သို့ လက်စွမ်းပြထားတဲ့ စန္ဒရားချစ်ဆွေရဲ့လက်သံ တီးကွက်တေးသွားဟာလဲ မလေ့ကျင့်ရင်မဖြစ်တဲ့ ဂီတသံစဉ်ဂန္တဝင် ဖြစ်လာခဲ့ပါတယ်၊ သေချာချင်ရင် ကိုယ့်အသိ အတီးပညာရှင်တယောက်ယောက်ကို ကောက်သာမေးကြည့်လိုက်ပါတော့။

အသံတိတ်ရုပ်ရှင်ခေတ်က စန္ဒရားဆရာတွေ ရုပ်ရှင်ရုံတိုင်းလိုလိုမှာ ရှိကြပါတယ်၊ စန္ဒရားဦးမြမောင်၊ ဂီတလုင် မောင်ကိုကို၊ ဆရာခင်မောင်ရဲ့ညီ ကိုသီဟ၊ ကိုထွန်းညွန့်၊ အလင်္ကာကျော်စွာ ဆိုင်းဆရာကြီး ဦးဟန်ပရဲ့သား စန္ဒရားကိုညွန့်လှိုင် ခေါ် ဂီတာညွန့်၊ စိန်ပါတီရဲ့မောင် – ကိုသောင်း၊ စိန်ဝေလျှံခေါ် ကိုဘိုးဝေ၊ ဆိုင်းဆရာ စိန်လှမြိုင်၊ စန္ဒရားအောင်သန်း၊ ဆရာ ရွှေတိုင်အေး၊ ကိုစိန်ထွန်း၊ အသားဖြူလှရွှေ (စစ်ကိုင်းလှရွှေ)၊ အသားမဲလှရွှေ (ရန်ကုန်လှရွှေ)၊ ကိုစောထွန်း၊ စိန်မြမောင်၊ စန္ဒရား ချစ်ဆွေ၊ ကိုရှုလှိုင်၊ ကိုလှအောင် – စတဲ့ စန္ဒရားဆရာတွေ ရန်ကုန်က ရုံတွေမှာ တီးခတ်ခဲ့ကြပါတယ်၊ အေ၀မ်းခင်မောင်ကတော့ တီးဝိုင်းသုံးဝိုင်းခွဲပြီး ဦးဆောင်ခဲ့တဲ့ ၀ိုင်းခေါင်းဆောင်ဖြစ်ပါတယ်၊ ဆရာရွှေပြည်အေးကို ရုပ်ရှင်အသံတိတ်တီးဝိုင်းမှာ မာအေး မတွေ့ခဲ့မိပါဘူးရှင်။

ဆရာခင်မောင်ဟာ လူချစ်လူခင်ပေါတဲ့သူပါ၊ သဒ္ဓါကလဲကောင်းလေတော့ ပေးကမ်းခြင်းအောင်မြင်ရာ တော်တော့်ကို လက်ဖွာပါတယ်ရှင်၊ ဆရာရင့်မကြီးပေမယ့် လူတို့ရဲ့အမြင်မှာ မကြည်စရာအားနည်းချက်တခုက ရှိနေတဲ့အတွက်၊ အလုပ်ရဲ့ အပြင်ဖက်ရောက်တဲ့အခါ အရိုအသေတန်သလို ဆက်ဆံခံရ၊ မလေးမစား အလောင်ခံရတဲ့ဒဏ် တသက်တာ ခံစားသွား ရရှာပါတယ်ရှင်။

ဒီကိစ္စကို မာအေးက သိပ်မပြောချင်ပါဘူးရှင့်၊ ဒါပေမယ့် ဆရာ့မှာက မျိုးဆက်မှ မကျန်ရစ်တော့ တော်သေးတာပေါ့လို့ အောင့်မေ့မိပါတယ်၊ အမှန်တရား ဆိုတာ ဖုံးကွယ်လို့ ရကောင်းတာမှ မဟုတ်တာလေ၊ ဒီနေ့ ဒီအခြေအနေမှာတော့ – လူ့အခွင့်အရေး-လူ့အခွင့်အရေးဆိုပြီး “ဂေး အဖွဲ့တွေ” နိုင်ငံတကာမှာလည်း အသံတွေထွက်၊ မာအေးတို့ နေပြည်တော်မှာလည်း “အလှဖန်တီးရှင်” ရယ်လို့ ဈေးကွက်ကမိနေပြီဘဲ။

သတင်းစာ ဂျာနယ်စာစောင်တွေအတွက် စာပေစိစစ်ရေးလို့ ခေါ်တဲ့ နှိပ်ကွပ်တဲ့အဖွဲ့ မပေါ်သေးခင်က တောင်ပြုံးပွဲတော်မှာ သွားပျော်ရင်း နတ်ချော့တေးနဲ့ ကွေးအောင်ကနေတဲ့ဓါတ်ပုံကို ဖေါ်ပြပြီး “အေ၀မ်းဒေါ်ခင်မောင်”လို့တောင် အလောင်ခံရဖူးပါတယ်၊ ဒါဆိုရင် မာအေးဘာပြောချင်တယ်ဆိုတာ သိရောပေါ့၊ ရာဇဝင်ရုပ်ရှင်မင်းသားချော ခင်မောင်ညွန့်တို့နဲ့ တဖွဲ့တည်းတွေဘဲ။

ဆရာအေ၀မ်းဟာ မူရင်းဘ၀ပြန်လှန်းရအောင် သင်္ကန်းဝတ်ပြီး ကြိုးစားကြည့်ရှာပါသေးတယ်၊ ရှေးရှေးသောသံသရာ က ဖန်ခါခါအနေဆိုးခဲ့လို့ထင်ပါ့၊ ပြင်မရတဲ့စိတ်အရိုင်းနဲ့ အရှိအတိုင်း ဆက်နေသွားတော့ကာ သူ့ရဲ့ဖူးစာရှင်ဟာ အမျိုးသားသာ ဖြစ်တော့မှာပေါ့ရှင်၊ ဒီလိုဘဝမျိုး တိုးဝင်လာတဲ့ အမျိုးသားခမျာလည်း သက်သာမှာမဟုတ်ပါဘူး၊ ဟိုကစ ဒီကနောက် သေချာပေါက် ရူးချင်မှာဘဲ၊ ဒါနဲ့ဘဲ ရဲဆေးတင်ဖို့ရာ ယမကာနဲ့တွဲတော့ အရက်စွဲသွား၊ ဆရာ့နားလာတဲ့ယောင်္ကျားဆို သံသယပွား-စကားများ၊ သူ့ကိုယ်သူရှင်းသွားမှအေးမယ်ဆိုပြီး ဓါးအဆွဲကောင်းလို့ ဝင်တားတဲ့ ဆရာ့လက်ချောင်းကလေးတွေ အကြောပြတ်တဲ့ဟာပြတ် ဖြစ်ခဲ့ပါတယ်၊ ပြန်တီးနိုင်တာ ကံကောင်းလို့ဘဲပေါ့။

ရုပ်ရှင်တွေကလည်း ဖလင်မရလို့ ကျလာ၊ တိုင်းပြည်မှာ ရာတန်သိမ်း၊ ငွေတွေ တရားမ၀င်ကျေညာနဲ့ ဖြစ်လာချိန်မှာ၊ ဆရာ ဘိုင်ကျသွားတာ နလံမထူနိုင်ဘူး၊ ဇရာပိုင်းလည်း ရောက်ပြီလေ၊ ခါးပတ်ကရွှေသား၊ ခေါင်းဆောင်းတော်ရွှေစည်းပုံက ရတနာများနဲ့ မယ်ဘုရားခေါ်ကြတဲ့ခင်ခင်- လက်ဖ၀ါးမှာငွေမရွှင်တော့ ခပ်အင်အင်ဖြစ်လာကြတာနဲ့ သနားတယ်၊ ဆရာ့ကိုယ်စား ဒေါသတွေ ပွားမိပါရဲ့။

ဒါကြောင့် ဆရာရှာလာတဲ့ ခေတ်ဟောင်းသီချင်းတစုကို အခွေထုတ်ပေးဖို့ စီစဉ်ခဲ့ပါတယ်၊ ဒီအထဲက မေရှင်ရဲ့ သုံးရာသီ ကို ရုပ်မြင်သံကြား ရိုက်ချင်တယ်၊ ရက်ချိန်း ယူထားတယ်လို့ သီချင်းလာတိုက်ပေးရင်း ပြောခဲ့ပါတယ်၊ ချိန်းတဲ့ရက်မှာ အသံလွှင့် ရုံကို မာအေးရောက်သွားတော့ ဆေးရုံ တက်လိုက်ရလို့ အသံသွင်းရိုက်ကူးရက်ကို ဖျက်ထားသတဲ့၊ မာအေးကို မပြောလိုက်နဲ့ ဆေးရုံက ခဏဖြစ်ဖြစ် လစ်လို့ရရင် လာခဲ့မလို့၊ သွားစောင့်နေလို့ မှာထားတဲ့လူနဲ့ စာတစောင်တောင် ပေးလိုက်သေးတယ်။

“သမီးမအေးမြင့် ရော်ဘာဖိနပ်ဝယ်ပေးလိုက်ပါ၊ သားရေဖိနပ်မပို့နဲ့ ဆေးရုံမှာ ပျောက်တတ်တယ်၊ – အေ၀မ်း” တဲ့ ၊ ဘာဖြစ်တာလဲလို့ မေးတော့ လျှာအောက်က အပူဖုလေးဖောက်ပြီးတော့ ညှော်မိလို့ အနာရင်းလာတယ် ပြောတာဘဲ၊ တပတ်တောင် ရှိပြီ၊ အဲဒါနဲ့ချက်ချင်း ဆေးရုံကိုလိုက်သွားပါတယ်၊ ဆေးရုံကြီးအောက်ထပ်က ခပ်မှောင်မှောင် အခန်းတခန်းထဲက ရိုးရိုးသံကုတင်လေးတွေ ကြပ်နေအောင်စီထားတဲ့အပေါ်မှာ တခြားလူနာနှစ်ဆယ်လောက်နဲ့အတူ ဆရာခင်မောင်ကို အရိုးပေါ် အရေတင် အခြေအနေနဲ့ မြင်လိုက်ရပါတယ်ရှင်။

မာအေးလာတာမြင်လို့ လူတွေဝိုင်းကြည့်နေတာပေမယ့် မရှက်နိုင်ပါဘူး၊ ကုတင်ဘေးမှာ ဒူးတုတ်ထိုင်ရင်း မတင်းနိုင်တော့ ငိုတာပေါ့၊ ဆရာစကားမှ မပြောနိုင်တော့တာ၊ သူ့နှုတ်က အနံ့ဆိုးတွေ တိုးမှာစိုးလို့ မျက်နှာကိုတဖက်လှည့်ထားပြီး ခဲတံနဲ့ စာရေးပြပါတယ်၊ “ငါမနေရတော့ပါဘူး”တဲ့၊ မာအေးကို စေ့စေ့ကြည့်နေတယ်၊ သူ့သံယောဇဉ်ကလေးကို စိတ်မချလို့ အပ်တာပါဆိုတာ သိလိုက်တာကြောင့် စိတ်ချပါ စောင့်ရှောက်ပါ့မယ်လို့ ပြောလိုက်ခဲ့တော့ မျက်ရည်ကြားက ပြုံးပြသွားပါတယ်၊ ဆရာတောင်ကွယ်တော့ ဟိုတယောက်က ရဟန်းပြုသွားတော့မယ် ဆိုလို့ ဝမ်းမြောက်စွာ ဒကာမကြီး လုပ်ခဲ့တာပေါ့ရှင်။

အေ၀မ်းခင်မောင်အတွက် စန္ဒရားဆရာများ ဦးဆောင်တဲ့ ဂီတသမားတွေက ဆရာ့ဆန္ဒအရ ကျေးစေတမာန် စာထွင်း ပုံဖေါ်ထားတဲ့ လွမ်းသူ့အုတ်ဂူ တည်ဆောက် ပူဇော်ခဲ့ပါတယ်၊ သို့သော်လည်း အမှတ်တရတွေ ပျောက်ကွယ်စေလိုတာလား၊ အတွေးများစရာ သချိင်္ုင်းနေရာတွေ ဖျက်သိမ်းစေဆိုတဲ့ အမိန့်အာဏာ ထုတ်ပြန်လာတော့ မာအေးရဲ့သံယောဇဉ် ဂီတမိခင်ဖခင် ဆရာသခင်တို့ရဲ့ အုတ်ဂူတွေလည်း အနိစ္စသဘော ကိစ္စချောကုန်တော့တာပါဘဲရှင်၊

*သံယောဇဉ်—-သံယောဇဉ် စကားလေး သုံးခွန်းမို့ ညွှန်းစေချက်လည်း နည်းမယ်ထင် xxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts