>
ကျောင်းသားခေါင်းဆောင် ကိုဘကောင်း
မောင်စွမ်းရည်
မတ် ၁၀၊ ၂၀၁၀
ကိုဘကောင်းဆိုတာ “တကသ ဘကောင်း” လို့ ထင်ရှားသူပါ စစ်ပြီးခေတ် (ဖဆပလ ခေတ်) တလျှောက် ကျောင်းသားလှုပ်ရှားမှုတွေမှာ ၀ါဝင်ခေါင်းဆောင်ခဲ့သူဖြစ်လို့ အတိုက်အခံနိုင်ငံရေးသမားကြီးတဦးလို့ အထူးထင်ရှားခဲ့ပါတယ်။ ကိုကိုးကျွန်းကို အပို့ခံရမယ့် ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပေမယ့်လဲ တခြားကျောင်းသားခေါင်းဆောင် သုံးလေးဦးနဲ့အတူ အရှောင်ကောင်းခဲ့လို့ လွတ်နေခဲ့သူတဦးဖြစ်ပါတယ်။
သူနဲ့ကျောင်းနေဘက်ဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို တက္ကသိုလ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေကတော့ ဒေါက်တာသန်းထွန်း၊ ဦးချမ်းအေး၊ ဦးကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ မုံရွာတင်ရွှေ၊ ကိုလှဝင်း၊ ကိုစိုးသိန်း၊ ကိုခင်မောင်အုန်း၊ ကိုဇော်ဝင်း စသူတွေ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီး ဘူမိဗေဒပညာရှင် ဒေါက်တာညီညီနဲ့ စစ်ထောက်လှမ်းရေး ဗိုလ်ချူပ်တင်ဦးတို့လဲ ကျောင်းနေဘက်တွေပါပဲ။
ကိုဘကောင်းဟာ ဦးချမ်းအေး သခင်တင်မြ စတဲ့ နိုင်ငံရေးသမားများနဲ့လဲ အဆက်အသွယ်ရှိတဲ့ “ယူဂျီ” တဦးလို့လဲ ကြားဖူးပါတယ်။ နောက်ပိုင်းမှာ ကျနော်နဲ့ အထူးရင်းနှီးခဲ့ပေမဲ့ ဒါတွေကို လုံးဝမမေးမိ မဆွေးနွေးမိလိုက်ပါဘူး။ “ယူဂျီ” ဆိုတာ ဘယ်လိုလူမျိုးလို့ သေချာမသိပေမယ့် ကိုဘကောင်းဟာ ယူဂျီပုံစံ အပြည့်ရှိသူတဦးလို့တော့ ထင်မိစရာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အပြောအဆို အနေအထိုင် ကျစ်လစ်သိပ်သည်းပြီး ပေါ်ပေါ်လွင်လွင်နေလေ့မရှိလို့ပါပဲ။ သူဟာ အားကစားဝါသနာရှင်တဦးလို့ မသိရပေမယ့် ဘောလုံးပွဲတွေကိုတော့ မလွတ်တမ်းကြည့်လေ့ ရှိပါသတဲ့။ ဘောလုံးပွဲတွေကို သာမက တခြားအားကစားပွဲတွေကိုလဲ စိတ်ဝင်စားဟန်ရှိပါတယ်။ သူ့ရဲဘော်တွေက သူ့ကို ရှာချင်ရင်ဖြစ်ဖြစ် သူက ရှောင်ချင်ရင်ဖြစ်ဖြစ် ဘောလုံးပွဲမှာပုန်းလျှိုးကွယ်လျှိုး နေတတ်တာကြောင့်ကော၊ မပြတ်ကြည့်ရှု့နေတတ်တာတွေ့ရလို့ အားကစားကိစ္စတွေကို တကယ်ပဲ စိတ်ဝင်စားရောသလားလို့လဲ တွေးကြည့်ဖူးပါတယ်။
ကိုဘကောင်းရဲ့ တက္ကသိုလ်ကျောင်းသား ဘ၀တလျှောက်မှာ အောက်တိုဘာတလကျောင်းပိတ်ရေး တိုက်ပွဲ၊ သုံးခါကျကျောင်းထုတ်စနစ် တိုက်ပွဲ၊ အိမ်စောင့်အစိုးရ (ဗိုလ်နေ၀င်းစစ်အစိုးရ) ဆန့်ကျင်ရေးတိုက်ပွဲ၊ တရုတ်ဖြူကျူးကျော်သူ ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု စတဲ့ ကျောင်းသားလှုပ်ရှားမှု အမျိုးမျိုးမှာ ရှေ့တန်းက ဖြစ်ဖြစ် နောက်တန်းကဖြစ်ဖြစ် အမြဲပါဝင် လှုပ်ရှားခဲ့သူအဖြစ် ကျနော်တို့ သိရှိ
လေးစားခဲ့ရပါတယ်။ ဗကသဇော်ဝင်း၊ ကိုခင်အောင်၊ မောင်ကိုယု စတဲ့ ကျောင်းသားများနှင့်အတူ အစိုးရက ဖမ်းဝရမ်းထုတ်တာကို ခံရဖူးကြောင်းကိုလဲ သတင်းစာတွေမှာ ဖတ်ခဲ့ရဖူးပါတယ်။ ကျနော်တို့က မန္တလေးတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုထဲက ဆိုတော့ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တွေရဲ နာမည်တွေကိုပဲ ရင်းနှီးနေခဲ့ပါတယ်။ သူတို့က ရန်ကုန် ရွှေမြို့တော်ကြီးမှာဆိုတော့ ခံစရာရှိရင် သူတို့က ရှေ့တန်းက ခံရသူတွေ ဖြစ်ပါတယ်။ သူတို့ ဓါတ်ပုံတွေကို သတင်းစာတွေထဲမှာရော အိုးဝေမဂ္ဂဇင်းနဲ့ တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွေမှာရော မကြာခဏ မြင်တွေ့ ရင်းနှီးနေခဲ့ပါတယ်။ ကိုဘကောင်းဆိုသူကိုလဲ တကသအမှုဆောင်အဖွဲ့၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ စတဲ့ ကျောင်းသားအဖွဲ့အစည်းတွေမှာ မြင်တွေ့ရဖူးပြီး၊ အမည်ကလဲ “ဘကောင်း” ဆိုတော့ ဘဂျမ်း၊ ဘဆွေ စတဲ့ နာမည်တွေလိုပဲ ထူးထူးခြားခြား မှတ်မိနေပါတယ်။
တက္ကသိုလ်ပေါင်းစုံ ပညာရေးနှီးနှောဖလှယ်ပွဲ၊ ယဉ်ကျေးမှုနဲ့ အားကစားပွဲတော် တို့မှာတော့ လူချင်းတွေ့ဆုံရင်းနှီးခွင့် ကြုံရတတ်ပါတယ် ဒါပေမဲ့ “ကိုဘကောင်း” ဆိုသူနဲ့တော့ လက်ပွန်းတတီး မရှိခဲ့ပါ။
ကိုဘကောင်းရဲ့ အကိုက “ကိုဘသောင်း” တဲ့။ သူတို့စာ ရွှေဘိုမြို့နားက ရှိမ်းမကားရွာ ဇာတိလို့ ကြားရဖူးပါတယ်။ ကျူးကျော်သူ အင်္ဂလိပ်တွေကို ရွပ်ရွပ်ချွံချွံခုခံ တွန်းလှန်ခဲ့တဲ့ ရှိန်းမကား ဗိုလ်ရိုင်း ဆိုတာ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ ထင်ရှားပါတယ်။ ဒါ့ကြောင့်လဲ ရှိန်းမကားရွာသားတွေဟာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ် ပြင်းထန်ကြလေသလားလို့ တွေးမိပါတယ်။ သူတို့ကို အညာသား ရွှေဘိုသား၊ မန္တလေးသား စသဖြင့်သာ လူသိများပါတယ်။ အကို ကိုဘသောင်းက မန္တလေးမှာ ကျောင်းဆရာ သတင်းစာဆရာတဦးအဖြစ် ထင်ရှားခဲ့သူပါ။ သူ့သား မြ၀င်းဟာ ကျနော်နဲ့ ကျောင်းနေဖက်ပါ။ တကသကိုဘကောင်းရဲ့အကို ကိုဘသောင်းရဲ့သားဆိုလို့ သူနဲ့ပိုပြီး ရင်းနှီးခဲ့ပါတယ်။ နောင်အခါ သူက မန္တလေးတက္ကသိုလ် ပထ၀ီဌါနမှာ ပါမောက္ခဖြစ်လာခဲ့ပါတယ်။
ကျနော်ကတော့ သူငယ်ချင်းတွေ အပြောင်အပျက် ပြောလေ့ရှိသလို “လေဘမ်းတက္ကသိုလ်ပါမောက္ခ” ပဲ ဖြစ်လာခဲ့ပါတယ်။ ဟန်ကျတာက သူအငြိမ်းစားယူချိန်မှာ ကျနော်က အငြိမ်းစားယူဖို့ မလိုဘူးလေ။ အဲ … အဲ့ဒီ မြ၀င်းတို့အိမ်ကို ကိုဘကောင်းလာလေ့ရှိသတဲ့။ တည်းခိုတတ်သတဲ့။
ကိုဘသောင်းဟာ “ဦးဘသောင်း” အဖြစ်နဲ့ လုပ်သားပြည်သူနေ့စဉ်သတင်းစာမှာ အလုပ်ရတော့ ရန်ကုန်က ရန်ကင်းတိုက်ခန်းတခုမှာ နေသတဲ့။ မောင်လှိုင်ဝင်း အမည်နဲ့ နိုင်ငံတကာရေးရာ ဆောင်းပါးတွေရေးပါတယ်။ ကိုဘသောင်းအိမ်ကို ကျနော် ရောက်လေ့ရှိပေမဲ့ ဦးဘကောင်းနဲ့ လုံးဝ မဆုံဖြစ်ခဲ့ပါဘူး။
ကျနော် မန္တလေးမှာရှိစဉ်တုန်းက မန္တလေးဈေးချိုတော်ထဲမှာ ကိုဘကောင်းကို အမှတ်မထင်လှမ်းမြင်လိုက်ရဖူးပါတယ်။ သူတယောက်တည်းပါ။ ကျနော် ရန်ကုန်ကို သွားရင် အဝေးမြင်သာ ကြုံရဖူးပေမဲ့ အနီးကပ်မဆုံခဲ့ရဖူးပါဘူး။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ ရင်းနှီးနေလို့ မြင်မြင်ခြင်း ယောင်ရမ်းလှမ်းခေါ်လိုက်မိပြီး သူ့ဆီကို အပြေးသွားလိုက်မိပါတယ်။ ကျနော်လဲ အနီးရောက် သွားမှ မဆုံခဲ့ဖူးတာကို သတိရမိလိုက်ပါတယ်။ သူက ကျနော့်ကို မသိဖူးလေတော့ မပြုံးမရယ်နဲ့ ပြန်ကြည့်နေပါတယ်။ ဒီတော့မှ ကိုယ့်ဘာသာမိတ်ဆက်လိုက်ရပါတော့တယ်။
နောက်တော့လဲ ညီအကိုအရင်းလို ခင်မင်ရင်းနှီးသွားခဲ့ပါတယ် သူ့အသက်က ကျနော့်ထက် ၁၀ နှစ်မကကြီးသူပါ။ လူက သေးသေးပုပုဆိုတော့ အသက်ကြီးပုံမရပါဘူး။ အသားအရေကတော့ ပီဘိ အညာသားပါပဲ။ မဲတာတော့မဟုတ်ဘူး ညိုတာ။
ဦးချမ်းအေး၊ ဦးသန်းထွန်း၊ ဦးဘကောင်း၊ ဦးခင်အောင်၊ ဦးတင်ရွှေ(မုံရွာ)၊ ဦးတင်အေး(မြို့မ) စတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ဘီအေ၊ ဘီအက်စီလို ပထမဘွဲ့ တခုခုရပြီးနောက် ဦးနု၊ ဦးအောင်ဆန်း တို့လို အစဉ်အလာအတိုင်း ဘီအလ်ကို ဆက်တက်ကြပါတယ်။ ကျောင်းထွက်လို့ နိုင်ငံရေးသမား လုပ်ရရင် အစိုးရအလုပ် မလုပ်ဘဲ အသက်မွေးဝမ်းကျောင်းလို့ရတဲ့ ဘီအလ်ကို ဆက်လိုက်လေ့ ရှိကြတာနဲ့တူပါတယ်။ နိုင်ငံရေးလုပ်ရရင်လည်း ဥပဒေနားလည်တော့ ပိုကောင်းတာပေါ့ လို့ အယူရှိသလားလဲ မသိပါ။
အကို ကိုဘကောင်းနဲ့ ကိုယုတို့ဟာ ဘီအယ်လ်အောင်ပြီးပေမယ့် ဆရာမင်းသုဝဏ် မြန်မာစာပါမောက္ခဖြစ်တာနဲ့ ကြုံကြိုက်လို့ တက္ကသိုလ်မှာ မြန်မာစာနည်းပြ ခဏ ၀င်လုပ်လိုက်ကြပါသေးတယ်။ ဒါပေမဲ့ လှုပ်လှုပ်ရွရွဖြစ်သွားလို့ ကျောင်းသားခေါင်းဆောင်တွေ (အားလုံး ၉ ယောက် ၁၀ ယောက်လောက်) သူတို့ဘာသာ နှုတ်ထွက်ခဲ့ကြတယ်လို့ ကြားလိုက်ရပါတယ်။
ကိုဘကောင်းဟာ ကျောင်းသားဘ၀မှာ စာပေ၀ါသနာပါခဲ့သူဖြစ်လို့ အိုးဝေမဂ္ဂဇင်းတာဝန်ခံ အဖြစ် အရွေးခံရခဲ့ဖူးပါတယ်။ ဒဂုန်တာရာ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ အရွေးခံတုန်းက (၁၉၅၀) တက္ကသိုလ်ကလောင်ရှင်အဖြစ်နဲ့ ကိုဘကောင်းလဲ သွားရောက် မဲထည့်ခဲ့ဖူးကြောင်း၊ သူနဲ့အတူ မဲထည့်ခဲ့တဲ့ ကဗျာဆရာ ကသာညွန့်ဝေ (ဆရာဝန်ကြီး) က ပြောပြဖူးပါတယ်။
ကိုဘကောင်းဟာ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်အုန်းမြင့်၊ လင်းယုန်ဘ၀င်း၊ လင်းယုန်မောင်မောင် စသူတို့နဲ့လဲ ရင်းနှီးပါတယ်။ ဦးဘ၀င်း ဘုန်းကြီးဘ၀မှာ နိုင်ငံရေးအထူးဝါသနာပါလို့ ကိုဘကောင်းနဲ့တွဲခဲ့ဖူးတယ်လို့ နှစ်ဦးလုံးကပြောဖူးပါတယ်။ အခု ၈၈ အရေးတော်ပုံမှာ ကျောင်းသားတွေက အဘဦးအုန်းမြင့်လို ရင်းရင်းနှီးနှီးခေါ်ကြတဲ့ ဦးအုန်းမြင့်ဟာ ရန်ကျော်ဂျာနယ်ကို ထုတ်ခဲ့ဖူးလို့ ရန်ကျော်အုန်းမြင့်လို့လဲ အမည်တွင်ခဲ့ဖူးပါတယ်။ ကလောင်နာမည်က မောင်လူယဉ်လို့ပဲ ၀ိုးတ၀ါးမှတ်မိပါတယ်။
ကျနော်က မဆလ စစ်အစိုးရခေတ်မှာ အလွတ်ကျောင်းတွေ ပြည်သူပိုင်သိမ်းလိုက်တော့ အစိုးရကျောင်းဆရာ အလိုလို ဖြစ်သွားပါတယ်။ လူထုသတင်းစာကိုလဲ ပိတ်လိုက်တော့ သတင်းစာဆရာလဲ လုပ်လို့မရတော့ ကျောင်းဆရာဖြစ်သွားရပါတယ်။ ရန်ကုန်ပညာရေးသုတေသနဌါနမှာ လုပ်နေတဲ့ ဗကသဇော်ဝင်းရဲ့ ကျေးဇူးနဲ့ ကျနော် ရန်ကုန်ပြောင်းရတော့ ပညာရေးသုတေသနဌါနမှာ စာမတတ်သူပပျောက်ရေး (အ,သုံးလုံး) အလုပ်တွေ လုပ်ကြတော့လဲ ကိုဘကောင်းနဲ့ ဆုံရပါတယ်။
သူတို့ရဲ့ ကျောင်းသားစည်းရုံးရေး ကျွမ်းကျင်မှုကြောင့် တက္ကသိုလ်ကျောင်းသားတွေ ဒီလုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်လာကြပြီး အ,သုံးလုံးလုပ်ငန်းဟာ အထူးနာမည်ရလို့မို့ “မိုဟာမက်ရေဇာပါလဗီ” ဆုကြီးကိုတောင် ရလိုက်ကြပါတယ်။ ဒီတော့မှ အစိုးရလဲ ထိတ်လန့်တကြားဖြစ်သွားပြီး အ,သုံးလုံးကို ဘရိတ်အုပ်လိုက်ပါတော့တယ်။ ကျောင်းသားခေါင်းဆောင်တွေကို လန့်ဟန်ရှိပါတယ်။
မကြာခင်အခြေခံပညာဦးစီးဌါနမှာ ဘာသာရပ်အလိုက် သင်ရိုးအဖွဲ့တွေ ဖွဲ့ကြတော့ ကျနော်က မြန်မာစာသင်ရိုးအဖွဲ့ကို ရောက်သွားပါတယ်။ ကိုဘကောင်းကို အဲ့ဒီမှာ ၀ိဇ္ဇာဌါနခွဲမှုးအဖြစ်နဲ့ ဆုံရပါတယ်။ အခြေခံပညာဦးစီးဌါနရဲ စာကြည့်တိုက်အခန်းထဲမှာပါ ဗီရိုတွေကာရံပြီး ကျနော်နဲ့ ဖြစ်သလိုနေတယ်။ အဆောင်အယောင် ဘာမှမရှိပါဘူး။ ၀ိဇ္ဇာဌါနခွဲမှုးဆိုတော့ မြန်မာစာအပြင် သမိုင်း ပထ၀ီ ဘောဂဗေဒ စတာတွေလဲ ပါတာပေါ့။ ဒါပေမဲ့ ကိုဘကောင်းက ကျနော်နဲ့ပဲ နေပါတယ်။ ဦးဘကောင်းလို့ အများကခေါ်ပေမဲ့ သင်ရိုးအဖွဲ့တွေမှာ ကျောင်းသားသမဂ္ဂထဲက လူတချို့လဲပါတော့၊ ရင်းရင်းနှီးနှီးနဲ့ “ကိုကြီးကောင်း”လို့ ခေါ်ကြတာလဲ ရှိပါတယ်။
ရန်ကုန်ဘဆွေက မြ၀တီမဂ္ဂဇင်းမှာ ၀န်ကြီးချူပ်ဦးနုကို ဗိုလ်အောင်ကြီးတို့အလိုကျ တိုက်ခိုက်ရေးသားတဲ့အခါ ဇာတ်လိုက်က ကိုကြီးကောင်းတဲ့။ ကိုကြီးနုကို စောင်းမြောင်းတဲ့ အမည်ပါ။ ကိုကြီးကောင်း ဆိုတာက ကိုဘကောင်းကို သူ့ရဲဘော်တွေက ချစ်စနိုးခေါ်ကြတာပါ။ တချို့ကတော့ “ဆရာကောင်း” လို့ခေါ်တယ်။ ခြောက်ထပ်ရုံး ရုံးချူပ်စာရေးကြီး တယောက်က “ဆရာကောင်း၊ ဆရာကောင်းနဲ့ ဆရာကတော့ ကောင်းပါရဲ့ တပည့်တွေက မကောင်းဘူး” လို့ ပြောလေ့ရှိပါတယ်။ ဆရာကောင်းရဲ့ ရဲဘော်တွေက လွတ်လွတ်လပ်လပ်နေထိုင်လေ့ရှိတော့ စာရေးမကြီးက မျက်စေ့နောက်လေသလား မသိ။ ဆရာကောင်းကတော့ တပြုံးပြုံးပါပဲ။
မိတ်ဆွေများတော့ ဧည့်သည်လဲ များတယ်။ ကျွေးခိုင်းဖို့ လာကြသူတွေရှိသလို၊ ကျွေးချင်လို့ လာကြသူတွေလဲ များပါတယ်။ ဆရာကောင်းက “အစား” ၀ါသနာပါတယ်။ ရန်ကုန်မှာ အစားအသောက်ကောင်းရှိတဲ့ နေရာတွေကို ချောင်ကြိုချောင်ကြားမကျန်သိပါတယ်။ သူက ကြည့်မြင်တိုင်မှာနေသူပါ။
“ကျနော်တို့ ကြည့်မြင်တိုင်သားတွေက အစားအစာဝါသနာ ပါတယ်ဗျာ” ဆိုပြီး တခြား အစားဝါသနာရှင် ကြည့်မြင်တိုင်သားတွေကို စာရင်းလုပ်ပြဖူးပါတယ်။ သူက ဗကသကိုဇော်ဝင်းနဲ့ အတွဲ
များပေမဲ့ ကိုဇော်ဝင်းလို ဆေးလိပ်မစွဲဘူး။ ဆေးပြင်းလိပ်သမား ကိုဇော်ဝင်းက ကိုဘကောင်းထက် အများကြီးငယ်ပေမဲ့ ကိုဘကောင်းရဲ့ အရင်ဆုံးရှာပါတယ်။ အသည်းကင်ဆာနဲ့ ဆုံးခဲ့ရှာပါတယ်။ ကိုဘကောင်းက သူထက်အသက်ကြီးပြီး သူထက်အသက်ရှည်ရှည် နေသွားခဲ့ပါတယ်။
ကိုဘကောင်းက အစားဝါသနာပါသူဆိုတော့ အချက်အပြုတ်လဲ ၀ါသနာပါတယ် လူပျိုကြီးအဖြစ် အကြာကြီးနေခဲ့ရတော့ သူဘာသာ ချက်ပြုတ်စားရတာကြောင့်လဲ အချက်အပြုတ် ကျွမ်းနေပုံရပါတယ်။
အသက် ၅၀ ကျော်မှ အိမ်ထောင်ပြုပါတယ်။ ကြည့်မြင်တိုင်သူ တဦးနဲ့ပါပဲ။
ဇနီးရဲ့အိမ်မှာပဲ လက်ထပ်ပွဲလုပ်တော့ ၀န်ကြီး ဒေါက်တာညီညီ၊ အခြေခံပညာညွှန်ချူပ် ဦးသန်းဦး၊ တကသကိုစိုးသိန်း၊ ဗကသဇော်ဝင်း စတဲ့ ရဲဘော်တွေ တပြုံတမကြီး ကြွရောက်ခြီးမြှင့်ကြပါတယ်။ စစ်ထောက်လှမ်းရေး ဗိုလ်ချူပ်တင်ဦးကလဲ ကျောင်းနေဖက် သူငယ်ချင်းဆိုတော့ ထင်းရှုးသေတ္တာအကြီးကြီးနဲ့ တလုံး ပန်းကန်ခွက်ယောက်တွေ ထင်ပါရဲ့ လက်ဖွဲပါတယ်။ (ကိုဘကောင်းရဲ့ဇနီးက စီးပွားရေးတက္ကသိုလ်ငွေစာရင်းဌါနမှာ လုပ်ပါတယ်။ အရွယ်ရောက်တဲ့ သားသယောက်နဲ့ သမီးတယောက် ကျန်ရစ်ပါတယ်)
ကိုဘကောင်းက မနက်တိုင်း လမ်းလျှောက်လေ့ရှိတယ်။ ကျနော်တို့ မြန်မာစာသင်ရိုးအဖွဲ့က ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်မှာ ခဏပြောင်းနေတော့ တင်မိုးနဲ့ ကျနော်ရှိတဲ့ တောင်ငူဆောင်ကို ကြည့်မြင်တိုင်ရုံးကြီးလမ်းကနေ ကြံတောနာနတ်တောကို ဖြတ်ပြီးခြေလျှင် လာလေ့ရှိတယ်။ ကျောင်းသားဘ၀နဲ့လဲ ဒီလမ်းက လာတာပဲ တဲ့။ အဲ့ဒီအခါက နာနတ်တောမှာ တကယ့်နာနတ်ကိုင်းတောကြီးကို ဖြတ်ပြီးလာရတာ လူနေအိမ်ခြေမရှိသေးဘူးလို့ ပြောဖူးပါတယ်။ အဲ့သလို လမ်းလျှောက်ဝါသနာကြောင့်လဲ အသက်ရှည်တာထင်ပါတယ်။ ကျနော်တို့နဲ့ အတူအလုပ်လုပ်နေတဲ့ ကာလအတွင်းနှစ်ပေါင်း ၂၀ ကျော်မှာ ကိုဘကောင်းက နှာစေးချောင်းဆိုးဖြစ်တာတောင် မကြားခဲ့ရပါဘူး။ ကျနော်တို့ကသာ ဆေးရုံ ခဏ ခဏ တက်နေခဲ့ရတာပါ။
ကိုဘကောင်းက စာပေ၀ါသနာပါတော့ စာအုပ်အစုအဆောင်းလဲ လုပ်လေ့ရှိပါတယ်။ ကျနော်လမ်းလျှောက်ရင်လဲ သူ့အိမ်ကို ရောက်တတ်ပါတယ် နာနတ်တော ၀ဂ္ဂီကနေ လျှောက်တာပါ။ သူ့အိမ်မှာ စာအုပ်တွေကို ကျနော် မွှေလေ့ရှိပါတယ်။ စာအုပ်ဟောင်း စာအုပ်ကောင်းတွေ အပြင် တကသ စာရွက်စာတမ်းဖိုင်တွေလဲ စုဆောင်းထားပါတယ်။ တချို့ကျမ်းပြုသူတွေ ငှားသွားလို့ ပြန်မရဘူးလို့လဲ ပြောဖူးတယ်။ ကျောင်းသားလှုပ်ရှားမှုသမိုင်းကို ပြုစုတဲ့ မောင်အောင်ထွန်းဟာ ကိုဘကောင်းဆီက မှတ်စုမှတ်တမ်းတွေ တော်တော်ရသွားပါတယ်။ ကိုဘကောင်းလဲ သခင်အုန်းမြင့်၊ ဦးမောင်မောင်ကျော်၊ ဦးတင်အေး(မြို့မ)၊ စတဲ့ ရဲဘော်ကြီးတွေနဲ့ ခေတ္တ အဖမ်းခံရပါသေးတယ်။
ဦးဘကောင်းအငြိမ်းစားယူတော့ သူ့ရဲ့စာပေ၀ါသနာအရ “ပညာတန်ဆောင်” ဆိုတဲ့ပညာရေးမဂ္ဂဇင်းမှာ အယ်ဒီတာဝင်လုပ်တယ်။ စာပေပြိုင်ပွဲတွေ အမျိုးမျိုးလုပ်တော့ တင်မိုး၊ မောင်စွမ်းရည်၊ ဦးသန်းထွတ် (ပညာရေးတက္ကသိုလ်)၊ ပျဉ်းမနားမောင်နီသင်း၊ ညွန့်အေး(အင်းဝ)၊ စသူတွေကိုလည်း အကဲဖြတ်အဖွဲ့မှာ ပါဝင်ကြရတယ်။ ဒီအဖွဲ့ဟာ ငွေတာရီမဂ္ဂဇင်းအယ်ဒီတာ မင်းယုဝေ(ဦးဝင်းမော်) နဲ့အတူ ဒို့ကျောင်းသားစာစီစာကုံးပြိုင်ပွဲကိုလည်း လုပ်ခဲ့ဖူးပါတယ် ကျနော်က အများကြီး နောက်ကျမှ ပါဝင်ခဲ့တာပါ။ ရန်ကုန်ပြောင်းလာတာ နောက်ကျလို့ပါ။
ကျနော် ပြည်ပကို ထွက်လာတာက နယ်သာလန်နိုင်ငံ အမ်မစတာဒမ်မြို့က လေဒင်တက္ကသိုလ်မှာ ကျင်းပတဲ့ စာပေညီလာခံတက်ဖို့ပါ။ ဒါပေမဲ့ ကျနော့်သားသမီးတွေတောင် လူစေ့တက်စေ့ အသိပေးနှုတ်ဆက်တာမျိုး မလုပ်ခဲ့ဘဲ၊ ဒေါက်တာသန်းထွန်းနဲ့ ကိုဘကောင်းကိုပဲ နှုတ်ဆက်ခဲ့ပါတယ်။ ကိုဘကောင်းကို ကြည့်မြင်တိုင်က စားသောက်ဆိုင်တဆိုင်မှာ အတူစားကြရင်း နှုတ်ဆက်ခဲ့တာပါ။
ကျနော် ပြည်ပမှာ သောင်တင်နေပြီဆိုတော့ ကိုဘကောင်းက ကျနော့်အိမ်ကို မကြာခဏသွားရောက် စောင့်ရှောက် အားပေးပါတယ်။ ကျနော့်စာအုပ်တွေကို ဟိုလူ ဒီလူဆွဲတော့ မလေမလွင့်ရအောင် ကိုဘကောင်းပဲ စီစဉ်ပေးပြီး လူထုကြီးပွားရေး စာကြည့်တိုက်(မန္တလေး)ကို ပို့ပေးလိုက်ပါတယ်။ ကျနော့်ဇနီးက ကျနော့်အပေါင်းအသင်းတွေထဲမှာ ကိုဘကောင်းကို အထူးလေးစားအားထားပါတယ်။ မကြာခဏလဲ ကန်တော့တတ်ပါတယ်။ ဆိုးကောင်း တိုင်ပင်စရာရှိရင်လဲ ကိုဘကောင်းနဲ့ပဲ တိုင်ပင်လေ့ရှိပါတယ်။
ဥရောပကနေ အမေရိကားကို ၂၀၀၃ ဇန်န၀ါရီလမှာ ကျနော်ရောက်တယ်။ ၂၀၀၆ လောက်မှာ ကိုကြီးကောင်း ဆရာကောင်း လို့ ကျနော်တို့ ခေါ်လေ့ရှိတဲ့ (ရန်ကုန်လူရင်းတချို့က “ဘီကေကြီး” လို့လဲ အတိုကောက် ခေါ်ပါတယ်) ဦးဘကောင်းဆုံးပါတယ်။ မင်းကိုနိုင် ကိုကိုကြီးတို့ လွတ်တဲ့နေ့ရဲ့ နောက်တနေ့မှာ ရက်လည်ဆွမ်း ကျွေးပါတယ်။ သူကွယ်လွန်မှ အသက် ၈၀ ကျော်ဆိုတာ သိရလို့ အံ့သြရပါတယ်။ ကျနော့်ထက် အသက် ၁၀ – ၁၅ လောက်ကြီးပါတယ်။ သူ့ကို ကျနော်တို့က ပုခုံးဖက် ခါးဖက်နဲ့ နေခဲ့တာပါကလား။ ဦးဘကောင်းကွယ်လွန်တော့ တင်မိုးနဲ့ ကျနော် အမေရိကားကနေ သူအိမ်ကို ဖုန်းလှမ်းဆက်ပါတယ်။ သူ့သမီးရဲ့ ရှိုက်သံကို ကြားလိုက်ရတော့ စိတ်မကောင်းပါဘူး။ သမီးလေးရေ … တနေ့တော့ လူတိုင်း ဒီလမ်းကို သွားကြရမှာပါပဲလို့။
ကိုကြီးကောင်းရဲ့ ရက်လည်မှာ မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့အဖွဲ့ လာရောက်ဂါဝရပြုကြတော့ ကျနော့်ဇနီးနဲ့လည်း တွေ့ခဲ့ရတယ်လို့ မင်းကိုနိုင်နဲ့ ဖုန်းဆက်တော့ ပြောပြပါတယ်။ အဘဦးအုန်းမြင့်က ကျနော့်ဇနီးကို မင်းကိုနိုင်တို့နဲ့ မိတ်ဆက်ပေးကြောင်း ကျနော့်ဇနီးကလဲ ဖုန်းဆက်ပြောပါတယ်။
ကျောင်းသားခေါင်းဆောင် မျိုးဆက်ဟောင်းနဲ့ ရဲဘော်ကြီးကို မျိုးဆက် နှစ်ဆက်လောက်ခြားတဲ့ တကသ၊ ဗကသ မျိုးဆက်သစ်များက ထောင်က လွတ်လွတ်ခြင်း သွားရောက် ဂါဝရပြုတယ်လို့ကြားရတော့ ကျနော်တို့အဖို့ တမျိုးတဖုံ အားတက် ၀မ်းသာဖြစ်လိုက်ရပါတယ်။ အဘဦးအုန်းမြင့်ဆိုတာကလဲ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ဆရာတာရာတို့နဲ့ ခေတ်ပြိုင် စာနယ်ဇင်းသမား၊ နိုင်ငံရေးခေါင်းဆောင်တဦးမဟုတ်လား။ စစ်ဗိုလ်ချူပ်တွေ ဘယ်လိုလုပ်လုပ် ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာ ခါးပြတ်မသွား ပါကလား။
(မောင်စွမ်းရည် – ၂၀၁၀ ဖေဖေါ်ဝါရီ ၁၁)