>Brooklyn Monastery’s Burmese Htamane Pwe


>

 မေတ္တာပါရမီကျောင်းတိုက်တွင် ပထမဆုံးအကြိမ် ပဋ္ဌာန်းပွဲတော်နှင့် မြန်မာ့ရိုးရာ ထမနဲပွဲတော် စုပေါင်းကျင်းပ
မိုးမခ အထောက်တော်၊ နယူးယောက်
မတ် ၂၇၊ ၂၀၁၁

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပထမဆုံးအကြိမ် ၂၄ နာရီ အသံမစဲ မဟာပဋ္ဌာန်းပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် တပေါင်းလပြည့်နေ့ မတ်လ ၁၉ ရက်နေ့ မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ 

ပထမနေ့ နံနက်ပိုင်းတွင် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် နယူးယောက်မြို့တွင် သတင်းသုံးနေသော ဆရာတော်အရှင်သူမြတ် ၉ ပါးမှ ဘုရားအနေကဇာတင် ပူဇော်ခဲ့ကြပါသည်။ 
ထို့နောက် ဂျပန်နိုင်ငံတွင် ကျရောက်ခဲ့သော ဆူနာမီဘေးအန္တရာယ်၊ နျူကလီးယား ဘေးအန္တရာယ်နှင့် အခြားနိုင်ငံများတွင် ကျရောက်နိုင်မည့် ဘေးအန္တရာယ်များ တားဆီး ပြေပျောက်စေရေးအတွက် သတင်းသုံးနေကြသော ဆရာတော်များမှ နယူးယောက်မြို့ ဝတ်ရွတ်အသင်းနှင့် ကြွရောက်လာသော ဧည့်ပရိသတ်များနှင့်အတူ ရတနသုတ် ပရိတ်တော်ကို ပူဇော် ကြားနာခဲ့ကြပါသည်။

 
ထို့နောက် ၂၄ နာရီ အသံမစဲပဌာန်းပွဲတော်ကို ဖွင့်လှစ်ရွတ်ဆိုခဲ့ကြသည်။ သံဃာတော်များကို နေ့ဆွမ်း၊ ခဲဖွယ်များဖြင့် ဆပ်ကပ်ပူဇော်အပြီးတွင် မြန်မာ့ရိုးရာ ထမနဲထိုး ပွဲတော်ကို သိုက်သိုက်ဝန်းဝန်း ဆင်ယင်ခဲ့ကြပါသည်။
 
ဒုတိယနေ့တွင် ပဋ္ဌာန်းပွဲတော်ကို ဗုဒ္ဓသာသနံ စိရံ တိဌတုသုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး အလှူရေစက်ချ တရားတော်များ နာကြားခဲ့ကြပါသည်။ ရပ်ဝေးရပ်နီးမှ စည်စည်ကားကား လာရောက်ကုသိုလ်ယူခဲ့ကြသော မြန်မာမိသားစုဝင်များနှင့် အမေရိကန် မိတ်ဆွေများကို မေတ္တာပါရမီကျောင်းမှ ဒံပေါက်ထမင်းဖြင့် ဧည့်ခံကျွေးမွေးကာ ထမနဲများ ပေးဝေလှူဒါန်းခဲ့ပါသည်။
အလှူပွဲတော်ကို နယူးယောက်မြို့ဝန်းကျင်နေ ဓမ္မမိတ်ဆွေ စေတနာရှင်များမှ စုပေါင်း လှူဒါန်းကြခြင်း ဖြစ်ပါသည်။ နယူးယောက်မြို့ ဝတ်ရွတ်အသင်းမှလည်း နှစ်ရက်စလုံး ပဋ္ဌာန်းရွတ်ဆိုပူဇော်ကာ မြန်မာလူမှုရေးအသင်း (နယူးယောက်) အဖွဲ့ဝင်များနှင့်အတူ လုပ်အားပေး ကုသိုလ်ယူခဲ့ကြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts