>Tu Maung Nyo – No Answer in Regime’s Parliament

>

မေးခွန်းနဲ့အဆိုတွေကို ရုပ်သိမ်းခိုင်းနေတဲ့လွှတ်တော်  
တူမောင်ညို
မတ် ၂၇၊ ၂၀၁၁
 
မတ်လ ၁ ရက်နေ့ကစလို့ လွှတ်တော်ကော်မတီ ၄ ခုဖွဲ့စည်းခဲ့ကြပါတယ်။ ထို့အတူပဲ မတ်လ ၉ ရက်နေ့စပြီး မေးခွန်း များမေးခြင်း ဖြေကြားခြင်း၊ အဆိုများတင်ခြင်း၊ ဆွေးနွေးခြင်း စတဲ့၊ စတဲ့ အစီအစဉ်တွေကို (နအဖ) စစ်အစိုးရ ခေါ်ယူကျင်းပနေတဲ့ “ပြည်သူ့လွှတ်တော်” နဲ့ အမျိုးသားလွှတ်တော်” တွေမှာ ပြုလုပ်နေခဲ့ကြပါတယ်။
အဲဒီလိုလုပ်ဆောင်နေမှုများနဲ့ပတ်သက်ပြီး ကျနော့်မိတ်ဆွေနဲ့ ကျနော် သူ့အမြင် ကိုယ့်အမြင်ပြောဆိုဆွေးနွေးဖြစ်ပါတယ်။
အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြ လိုက်ပါတယ်။
(ကျနော်) လွှတ်တော်တွေထဲမှာတော့ ကော်မတီတွေဖွဲ့၊ မေးတဲ့မေးခွန်းတွေနဲ့ အဆိုတွေဖြေရှင်းဆွေးနွေးနေကြတယ်ဗျ။ ကော်မတီတွေဖွဲ့တာထက် မေးတဲ့မေးခွန်းတွေနဲ့ တင်တဲ့အဆိုတွေက စိတ်ဝင်စားစရာကောင်းတယ်ဗျ။ မေးခွန်း တွေအဆိုတွေရဲ့အများစုကို ချင်းပြည်နယ်ကကိုယ်စားလှယ်တွေက တင်ပြမေးမြန်းနေတာကလည်း ထူးခြားမှု တစ်ခုဗျ။
မေးခွန်းတွေ အဆိုတွေနဲ့ပတ်သက်လို့ ခင်ဗျားထင်မြင်ချက်ကလေးပြောစမ်းပါဦးဗျာ။  
(မိတ်ဆွေ) မေးခွန်းတွေအဆိုတွေနဲ့ပတ်သက်လို့ ကျနော့်သဘောထားကိုအရင်ပြောပါရစေ။
မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကို ထင် ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီမေးခွန်းတွေ၊အဆိုတွေနဲ့တင်ပြတဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အားပေးတယ်ဗျာ။
(ကျနော်) မေးတဲ့မေးခွန်းတွေအဆိုတွေက လက်တွေ့ဖြစ်မလာခဲ့ရင်ခင်ဗျားဘယ်လိုသဘောထားမလဲ။ လောလောဆယ် ကျနော် ကြားရသလောက်ကတော့ မေးသမျှနဲ့ တင်ပြသမျှအဆိုတွေဟာ လွှတ်တော်ထဲမှာပဲတင်ပြခွင့်ရပြီး လွှတ်တော်ထဲမှာပဲ အဆိုတင်တဲ့အဆိုရှင်တွေဘက်ပြန်လည်ရုပ်သိမ်းသွားကြရတာပဲဗျ။  
(မိတ်ဆွေ) ဒါကတော့မဆန်းပါဘူးဗျာ။ အဆုံးအဖြတ်အာဏာကို ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကရယူထားတာ မဟုတ်လား။ ပထမဆုံးအနေနဲ့  မေးတဲ့မေးခွန်းတွေနဲ့ တင်တဲ့အဆိုတွေကိုကျနော်တို့ သတိပြုပြီးကြည့်ကြရ မှာဖြစ်တယ်ဗျ။
မေးခွန်းနဲ့အဆိုတွေက လယ်သမားအရေး၊ ကျန်းမာရေး၊ ပညာရေး၊ တယ်လီဖုန်းဆက်သွယ်ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေး၊ တိုင်းရင်းသားဘာသာစာပေယဉ်ကျေးမှု၊ အသင်းအဖွဲ့ဖွဲ့စည်းရေး၊ တည်ဆဲဥပဒေ၊ စစ်မှုထမ်း ဥပဒေ စတဲ့ကိစ္စတွေပါဝင်နေတယ်ဗျ။
လယ်လုပ်သူလယ်ပိုင်ရေး၊ ဝင်ငွေနည်းပြည်သူများအခမဲ့ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေး၊ တိုင်းရင်းသား ဘာသာစကားနဲ့စာပေကိုလက်ရှိပညာရေးစနစ်မှာထည့်သွင်းပြဌာန်းနိုင်ရေး၊ လက်ရှိပညာရေးစနစ်ကို ပညာရှင် တွေပါဝင်တဲ့ ဘုတ်အဖွဲ့ကစီစစ်ရေး၊ လူမှုရေးဆိုင်ရာ ဘာသာရပ်ဆိုင်ရာအသင်းအဖွဲ့နဲ့ ဖေါင်ဒေးရှင်းများဖွဲ့စည်း ခွင့်စတဲ့ကိစ္စတွေဟာ ပြည်သူတွေအတွက် လက်ရှိမှာ တကယ်လိုအပ်နေတဲ့ကိစ္စတွေမဟုတ်လားဗျ။
(ကျနော်) ဒါပေမယ့်ဗျာ ပြန်လည်ဖြေကြားသူတွေရဲ့အဖြေနဲ့သဘောထားကတော့ ဒီကိစ္စတွေဟာ ဒို့လုပ်ခဲ့ပြီးသား ကိစ္စ တွေဖြစ်တယ်၊ လုပ်နေတဲ့ကိစ္စတွေဖြစ်တယ်၊ ဒါကြောင့် အဆိုတွေကိုပြန်ရုပ်သိမ်းပါဆိုပြီး နိဂုံးချုပ်သွား ရတာ ရှိသလို ဝန်ကြီးကစိတ်ရှည်လက်ရှည်ဖြေရှင်းပြတဲ့အတွက် သဘောပေါက်နားလည်သွားတဲ့အတွက် ရုပ်သိမ်း သွားရတာမျိုးတွေလည်းရှိတယ်ဗျ။  
ပြီးတော့လည်းအဆိုတင်တဲ့သူတွေဘက်က မိမိတင်ပြတဲ့အဆိုနဲ့ပတ်သက်ပြီး အချက်အလက်နဲ့ကိန်းဂဏန်း အတိအကျရရှိပြုစုနိုင်ရေး စတဲ့ ဘက်ကပြောရင် ပြင်ဆင်မှုနဲ့လက်ဦးမှုမဲ့နေတာပဲလေ။
နှစ်ပေါင်း ၂၀ အတွင်း “လွှတ်တော်” ဆိုတာ မရှိခဲ့လို့ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံမရှိပါဘူးလို့ ပြောနေ သော်လည်း ပြည်ထောင်စုအဆင့်တာဝန်ရှိသူများလို့ဆိုနေတဲ့ စစ်အစိုးရဝန်ကြီးများဘက်မှာတော့ လက်ရှိ ဗျူရိုကရေစီယန္တယားကိုချုပ်ကိုင်ထားနိုင်လေတော့အဘက်ဘက်ကအသာစီးရနေတယ်လေ။
ဒါ့အပြင် မေးခွန်းနဲ့ အဆိုတွေကိုလည်း သတ်မှတ်ပုံစံ အတိုင်း၊ နည်းဥပဒေမှာသတ်မှတ် ထားတဲ့ ရက် အတိုင်း ကြိုတင်၊ တင်ပြထားရတာဖြစ်တော့ဖြေဆိုသူတွေဘက်က ပြင်ဆင်ချိန် အလုံအလောက် ရရှိထားတယ်လေ။
နည်းဥပဒေနဲ့ကိုက်ညီမှုရှိမရှိစိစစ်မှု၊ မေးခွန်းအဖြစ်အဆိုအဖြစ်တင်သင့်မတင်သင့်ဆွေးနွေးသင့်မသင့် အထပ် ထပ် စိစစ်ပြီးမှသာ မေးခွင့်တင်ခွင့်ရှိတာပါ။ ပြီးတော့လည်း ထပ်ဆင့်မေးခွန်းထုတ်နိုင်ခွင့်လည်းရှိတာ မဟုတ် ဘူးဗျ။
(မိတ်ဆွေ) ခင်ဗျားထောက်ပြတဲ့အချက်တွေကို ကျနော်လက်ခံပါတယ်။ ဒီလွှတ်တော်ကနေ နိုင်ငံရေးပါတီတွေ မျှော်မှန်း သလိုဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်ဗျာ။
ခင်ဗျားထောက်ပြတဲ့ ရုပ်သိမ်းခံရမှုတွေပြန်ကြည့်ပါ။
ပြည်သူ့လွှတ်တော်မှာတင်တဲ့အဆိုပဲဖြစ်ဖြစ် အမျိုးသားလွှတ်တော်မှာတင်တဲ့အဆိုပဲဖြစ်ဖြစ်၊ တင်ပြသမျှ အဆို အားလုံးဟာ  “ဒို့လုပ်ခဲ့ပြီးသားတွေ/ဆက်လက်လုပ်နေတာတွေဖြစ်တယ်” ဆိုပြီး အဆိုတင်တဲ့သူတွေက ပြန် လည် ရုပ်သိမ်းခဲ့ရတာချည်းပဲဖြစ်ပါတယ်။
“မင်းတို့တင်တဲ့အဆိုတွေရုပ်သိမ်းလိုက်လို့ ဒဲ့ဒိုးနဲ့တိုက်ရိုက်မပြောတာပဲရှိတယ်”၊   အနှစ်သာရကတော့ မေးတဲ့ မေးခွန်းနဲ့အဆိုမှန်သမျှကို ရုပ်သိမ်းခိုင်းတာချည်းပဲဖြစ်နေတယ်။
ဒီတော့ချုပ်လိုက်ရင် တင်ပြလာတဲ့အဆိုတွေက ပြည်သူ့အကျိုးကိုရှေ့ရှုချက်တွေပါရင် ပြည်သူ့အကျိုးစီးပွားကို မျက်နှာမူထားတာတွေပါရင် ၊ “စစ်အစိုးရရဲ့ အတိတ်၊ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဝေဖန်ထိပါးစေနိုင်တဲ့ အချက် အလက်နဲ့အကြောင်းအရာတွေဖြစ်နေရင်၊ ပါရှိနေရင်” ပယ်ချတာပဲ၊ ရုပ်သိမ်းခိုင်းတာပဲဆိုတဲ့အချက်ကို ကျနော် တို့ တွေ့မြင်နိုင် ပါလိမ့်မယ်။
ဒီကိစ္စကိုခင်ဗျားပိုပြီးမြင်သာအောင် အမျိုးသားလွှတ်တော်မှာတင်တဲ့အဆို ၂ ရပ်နဲ့ပတ်သက်ပြီး မဲခွဲအဆုံး အဖြတ်ခံယူတဲ့အခါ ထွက်ပေါ်လာတဲ့ ရလဒ်ကိုကြည့်ပါ။
 ၁။  “လက်ရှိပညာရေးစနစ်ကို ပညာရှင်တွေပါဝင်တဲ့ ဘုတ်အဖွဲ့ကစီစစ်ရေး” အဆိုကိုမဲခွဲဆုံးဖြတ်တော့
ထောက်ခံသူ ကန့်ကွက်သူ ကြားနေသူ
  (၂၂) မဲ   ( ၁၈၁)   (၈)
၂။ “ဟားခါး တွင် တက္ကသိုလ်/ကောလိပ်ဖွင့်ရေးအဆို”
ထောက်ခံသူ ကန့်ကွက် သူ ကြားနေသူ
  ( ၁၃)   (၁၉၀)   (၁၀)
အဲဒီရလဒ်မှာဖေါ်ပြနေတဲ့ “ကန့်ကွက်သူ” အများစုဟာ ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကကိုယ်စားလှယ်တွေပဲဖြစ်တယ်ဗျ။
ဒီတော့ကျနော်ပြောချင်တာကတော့ ဒီရလဒ်ကနေ “ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ကကိုယ်စားလှယ်တွေရဲ့ ရင်တွင်း ဆန္ဒဘာလဲ” ဆိုတဲ့အချက်ကို ပြည်သူတွေနဲ့ နိုင်ငံတကာက ပိုပြင်ရှင်းလင်းစွာသိမြင်နိုင်ပါတယ်။
 ဒါ့အပြင် “စပေ့ရှိတယ်/အရွေ့ရှိတယ်/ပါရာဒိုင်းအသစ်/ မရှိတာထက်ရှိတာကောင်းတယ်” လို့ ဆိုနေသူတွေ လည်း သူတို့ဘာသာဆင်ခြင်နိုင်မယ်ဆိုရင် ပြန်လည်ဆင်ခြင်လို့ရတာပေါ့ဗျာ။
ပြီးတော့ ဒီလက်တွေ့ကြုံတွေ့ရတာတွေဟာ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ရေမရောတဲ့ လက် တွေ့ဖြစ်တယ်။လွှတ်တော်ပြင်ပကနေပြီး ဘယ်သူကမျှ ဝင်ရောက်သွေးထိုး ပေးခဲ့တာတွေမဟုတ်ပါဘူး။
(ကျနော်) ဟုတ်တယ်ဗျ။ ပြည်သူ့လွှတ်တော်မှာတင်တဲ့အဆိုတွေအားလုံးကိုတော့ သက်ဆိုင်ရာဆွေးနွေးသူ ဝန်ကြီးက ရုပ်သိမ်းပါလို့ပြောဆိုတာနဲ့ပဲအဆိုရှင်ကပြန်လည်ရုပ်သိမ်းသွားရတယ်ဗျ။
အမျိုးသားလွှတ်တော်မှာလိုဘာကြောင့်မဲခွဲပြီးအဆုံးအဖြတ်မယူတာလည်းမသိဘူးဗျ။ ခင်ဗျားဘယ်လိုထင်သလဲ။
(မိတ်ဆွေ) အကြောင်းရင်းဇစ်မြစ်ကိုတော့ ကျနော်လည်း တိတိကျကျ ထင်မြင်ချက်မပေးတတ်ပါဘူးဗျာ။
ပြည်သူ့လွှတ်တော်မှာမဲခွဲပြီးအဆုံးအဖြတ်မယူတာထက် အမျိုးသားလွှတ်တော်မှာ မဲခွဲပြီးအဆုံးအဖြတ်ယူလိုက် တာကတော့ “ကြံ့ဖွံ့ပါတီနဲ့စစ်တပ်ကကိုယ်စားလှယ်တွေ”ရဲ့ သဘောထားဟာ လွှတ်တော်ရင်ပြင်မှာ “ဆင်” သွားသလို ထင်ရှားသွားတာတော့အမှန်ပဲဗျ။
 (ကျနော်) ဒါပေါ့ဗျာ။
အခမဲ့ဆေးကုသပေးနေတယ်၊ ဆေးရုံတိုင်းမှာ အခမဲ့ဆေးကုသပေးနေတယ်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ် လို့ပြောတဲ့ကျန်းမာရေးဝန်ကြီးအပြောနဲ့လူထုလက်တွေ့ကတော့မိုးနဲ့မြေလိုကွာခြားနေတော့တာပေါ့ဗျာ။ ဖွင့်ထားတဲ့ဆေးရုံဆေးခန်းဆိုတာက အဆောက်အဦးပဲရှိပြီး ဆရာဝန်၊ သူနာပြုနဲ့ ဆေးဝါးပစ္စည်း ကရိယာက စုံစုံလင်လင်ရှိတာမဟုတ်ဘူးဗျ။ မရှိတာကများတယ်။ဒီအချက်က ပြည်နယ်တွေမှာပိုပြီးသိသာထင်ရှားတယ်။
ပြည်ထဲရေးဝန်ကြီးဆိုသူရဲ့ရှင်းလင်းချက်ကိုနားထောင်လိုက်ရတော့ တိုင်းရင်းသားဘာသာစာပေနဲ့ ယဉ်ကျေးမှု တွေကို အလေးဂရုမထားတဲ့သဘောကလည်းပေါ်လွင်တယ်ဗျာ။
တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တန်းတူရေးဆိုတာကို ခပ်ပြောင်ပြောင်ပဲချလိုက်တာပဲဗျ။ ဒါတောင် ဘာသာစကား၊ စာပေနဲ့ယဉ်ကျေးမှု ဆိုင်ရာကိစ္စတွေပဲရှိသေးတယ်နော်။ နိုင်ငံရေးဘက်ကဆိုရင်တော့ အဆို တင်ခွင့် တောင်ရှိပါ့မလားမသိဘူးဗျ။
လယ်လုပ်လုပ်သူလယ်ပိုင်ခွင့်ပေးလိုက်ရင် လယ်ယာမြေရောင်းချမှုတွေနဲ့ မြေပိုင်ရှင်စနစ်ပြန်လည်ကြီးစိုးလာ မယ်တဲ့ဗျ။ လက်တွေ့တော့ဗျာ လယ်မြေယာမြေဥယျာဉ်ခြံမြေနဲ့ စားကျက်မြေတွေကို အစိုးရနဲ့ အုပ်ချုပ်ရေး ဆိုင်ရာအဆင့်ဆင့်ရယ်၊ ဒေသခံတပ်မတပ်ရင်းတွေရယ်၊ ပုဂ္ဂလိကကုမ္မဏီကြီးတွေက အကြောင်းပြချက်ပုံစံ အမျိုးမျိုးနဲ့ ပူးပေါင်းသိမ်းပိုက်နေကြတာပဲမဟုတ်လားဗျာ။
(မိတ်ဆွေ) ဒီလို သိမြင်နားလည်သဘောပေါက်သွားမှာစိုးရိမ်လို့ထင်ပါရဲ့ဗျာ။
မေးခွန်းတွေနဲ့ တင်ပြတဲ့အဆိုတွေကို သတင်းစာ၊ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာအကျယ်တဝင့်မဖေါ်ပြတာ ဖြစ်မယ်။သူတို့အစိုးရဝန်ကြီးတွေက ရှင်းလင်းတာတွေကိုတော့အပြည့်အစုံထုတ်လွှင့်ပေးနေတယ်ဗျ။ ဒါကလည်း များပြားလှတဲ့ မမျှတမှုတွေထဲက မမျှတမှုတစ်ခုပဲဗျ။
 ပြည်တွင်း ပြည်ပသတင်းဌာနတွေကိုလည်း သတင်းယူခွင့်/သတင်းရေးခွင့်မပြုဘူးဗျ။
(ကျနော်) ဖန်ခွက်ထဲက ရေတစ်ဝက်ကိုပဲမြင်ပြီး “လွှတ်တော်” ထဲ ဝင်သွားကြသူတွေ ဆင်ခြင်ကြဖို့နဲ့ သုံးသပ်ကြ ဖို့ ပေါ့ဗျာ။
ဒီလိုဆိုရင် စောစောပိုင်းမှာ ခင်ဗျားဆွေးနွေးခဲ့တဲ့  
  “မေးတဲ့မေးခွန်းနဲ့ တင်ပြတဲ့အဆိုတွေဟာ ပြည်သူတွေရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ ရေရှည်အကျိုးစီးပွားကို ထင်ဟပ်နေမယ်။ ရှေ့ရှုနေမယ်၊ ဦးတည်နေမယ်၊ မျက်နှာမူနေမယ် ဆိုရင် အဲဒီမေးခွန်းတွေ၊ အဆိုတွေနဲ့ တင်ပြတဲ့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ကျနော့်အနေနဲ့ ကြိုဆိုတယ်၊ အားပေးတယ်” ဆိုတဲ့ ခင်ဗျား သဘောထား က သိပ်စောလွန်းမနေဘူးလားဗျာ။
(မိတ်ဆွေ) ဒီအချက်ကိုတော့  နောက်ထပ်ဖြစ်ထွန်းမှုတွေပေါ်လာတဲ့အခါ ခင်ဗျားနဲ့ကျနော်ထပ်မံဆွေးနွေးကြဖို့ ထားလိုက် ကြရအောင်ပါဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts