>100 Fishermen Drifted by Storm arrived Rangoon

>

လေပြင်းဒဏ်ကြောင့် ဖောင်ပျက်သည့် ရေလုပ်သား ၁၁၀ ရန်ကုန်သို့ ထပ်ရောက်
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၂၂၊ ၂၀၁၁
ယခုလ ၁၁ ရက်နေ့က မိုးနှင့် လေပြင်းဒဏ်ကြောင့် ငါးဖောင်ပျက်စီးပြီး ပင်လယ်တွင်မျောပါသွားခဲ့ကြသည့် ရေလုပ်သားများအား ထိုင်းငါးဖမ်းလှေနှင့် မြန်မာ့အစိုးရ ရေတပ်မှ ကယ်ဆယ်ပြီး ဒုတိယအသုတ်အနေဖြင့် ရန်ကုန်သို့ရောက်ရှိလာသည်။
ယမန်နေ့က ပထမအသုတ်အနေဖြင့် ၅၉၀ ရောက်ရှိပြီး ယနေ့ ဒုတိယအသုတ်အနေဖြင့် ၁၁၀ ဦးရောက်ရှိလာသည်ဟု သိရသည်။ ယနေ့ထပ်မံရောက်ရှိလာသည့် ရေလုပ်သားများအား ဒဂုံဧရာ အဝေးပြေးဂိတ်မှ ခေါ်ယူလာသည့် ဧရာဝတီတိုင်းသို့ ပြေးဆွဲလျက်ရှိသည့် ဘတ်စကားများဖြင့် ဖျာပုံမြို့သို့ပို့ဆောင် ပေးသည်ကိုတွေ့ရသည်။
ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာသည့် ရေလုပ်သားများအား လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ၀န်ကြီးဋ္ဌာနမှ တာဝန်ယူပြီး ဖျာပုံမြို့နယ် နေထိုင်သည့်ကျေးရွာများသို့ ထွက်ခွာသွားခဲ့သည်ဟု သတင်းထောက်တစ်ဦးကပြောသည်။
ပုံမှန်အားဖြင့် မတ်လ ဆန်းတွင် မိုးနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားလေ့ မရှိသော်လည်း လွန်ခဲ့သည့် သီတင်းတပတ်ကျော်က ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင် ရက်ဆက်မိုးရွာသွန်းခဲ့ပြီး ၁၁ ရက်နေ့တွင် ဧရာဝတီတိုင်း တောင်ပိုင်း ဖျာပုံခရိုင် ဒေသအချို့တွင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် ပင်လယ်ဝတွင် ကျားဖောင်ဖြင့် ငါးဖမ်းနေကြသည့် ရေလုပ်သားများ ပင်လယ်ထဲ မျောပါသွားခဲ့ကြသည်။ ထိုသို့မျောပါမှုကြောင့် အသက်ဆုံးရှုံးသူမည်မျှ ရှိသည်ကို မသိရှိရသေးသော်လည်း ယခုရန်ကုန်မြို့သို့ ၇၀၀ ဦး ရောက်ရှိလာပြီး ကော့သောင်ဘက်တွင် ၃၅၀ ခန့်ရောက်ရှိနေသည့်ဟု သတင်းဖေါ်ပြချက်များအရ သိရှိရသည်။
ဧရာဝတီတိုင်း တောင်ပိုင်းဖြစ်သည့် ဖျာပုံမြစ်ဝ၊ ဘိုကလေးမြစ်ဝတို့တွင် ၀ါးပိုးလုံးများဖြင့် အခိုင်အမာဆောက်ထားသည့် ကျားဖောင်များပေါ်တွင် ရေလုပ်သားများနှင့် သူတို့ဇနီး သားသမီးများအထိ နေထိုင်ပြီး ငါးနှင့် ပုဇွန်များဖမ်းဆီး အသက်မွေးလေ့ရှိကြသည်။ မိုးရာသီဝင်သည့်အခါမှ ၀ါးဖောင်များ မှ နေရင်း ကျေးရွာများသို့ ပြန်လာလေ့ရှိသည်ကိုတွေ့ရသည်။
ယခု အဖြစ်အပျက့် သတင်းကို အစိုးရပိုင် သတင်းမီဒီယာများတွင် ဖေါ်ပြခြင်း လုံးဝမရှိခဲ့သော်လည်း ထိုင်းငါးဖမ်းလှေများနှင့် ရေတပ်မှ ကယ်ဆယ်သည့် အခါတွင်မှ ပြည်တွင်း သတင်းမီဒီယာများတွင် ပထမဆုံး ဖေါ်ပြခဲ့သည်ကိုတွေ့ရခြင်း ဖြစ်သည်။
၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း နာဂစ်ကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ လူပေါင်း ၂ သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ရသည်။ ရေလုပ်သားအများအပြားနှင့် လယ်လုပ်ငန်း ၊ ဆားလုပ်ငန်းလုပ်ကိုင်သူနှင့် မိသားစုပေါင်း များစွာ အသက်ဆုံးရှုံးခဲ့ရသော်လည်း ယခုအချိန်ထိ လုံလောက်သည့် သဘာဝဘေးအန္တရာယ် သတိပေးစနစ် မတွေ့ရှိရသေးပေ။ 
(၂၀၀၈ နာဂစ်မုန်တိုင်းအပြီး၊ ဘင်္ဂလားပင်လယ်အော်အ၀တွင် တွေ့ရသော ကျားဖောင်တစီး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts