>treasure of my life, poems from my heart – 16

>

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၆)
တင်မိုး
မတ် ၂၁၊ ၂၀၁၁


၁။
နှင်းပွင့်နှင်းဝတ်မှုန်တို့ အဖတ်ဖတ်အလွှာလွှာတို့ကျဆင်းချိန်။ အိမ်ပေါ်ကနှင်း၊ တောင်ပေါ်ကနှင်း၊ တိမ်ပေါ်ကနှင်း၊ သစ်ပင်သစ်ဖျားက တွဲလျားကျနေတဲ့နှင်း၊ လမ်းမတလျှောက်မှာ ဖွေးဖွေးလှုပ်အောင် ကျတဲ့နှင်း။ ကနေဒါဆောင်းကနှင်း။

နှင်းရဲ့အလှ စာသလို့ကုန်နိုင်ဖွယ်မရှိ။ မနှစ်က တိုကျိုမြို့တော်ရဲ့နှင်းအလှ။ ဟိုးတနှစ်က နော်ဝေးနိုင်ငံ အော်စလိုက နှင်းတောင် နှင်းထွတ် နှင်းဆွတ်ဆွတ်အလှ။ ဘယ်လိုပဲကျကျ နှင်းရဲ့အလှသန့်အေးမြ၀င်းပပ။ နှင်းပေါ်မှာနေရောင်ခ စိန်ပွင့် စိန်တုံး စိန်ခိုင် တလက်လက်နဲ့သာပ။ လှပါပေ့ နှင်းသဘာဝ။

၂။
အခုလို နှင်းမှုန်ရီ ဆောင်းရာသီတွင် မြန်မာပြည်မှာ စာဆိုပွဲသဘင် နွှဲဆင်နေကျမို့ အမှတ်ရမိတယ်။ လွမ်းဆွတ်မိတယ်။ စာပေလွတ်လပ်ခွင့်ဆုံးရှုံးခဲ့ရတဲ့ စာဆိုလများကို သတိရမိတယ်။

ဒီနှစ်တော့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အယ်ဂျယ်လိစ်မှာ စာပေပွဲဆင်နွှဲရင်း အရိပ်ခိုခဲ့တယ်။ အေးအေးဆေးဆေး နားနားနေနေ အပန်းဖြေနေခဲ့တယ်။ ဒီအတွင်းက ကနေဒါ မြန်မာမိသားစုက ဖိတ်ပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ဆယ်နှစ်မြောက်ဂုဏ်ပြုပွဲနဲ့ စာပေပွဲ တွဲလျက် ကျင်းပမတဲ့။

အော်တ၀ါမှာ ကနေဒါ မြန်မာမိတ်ဆွေဖြစ်အသင်းက ဦးစီးကျင်းပတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးကို ဟောတယ်၊ ပြောတယ်၊ ကဗျာရွတ်တယ်။ ကိုကျော်မိုးနဲ့ ကိုတိုးကြည်တို့က သူတို့တတ်အားသမျှ အင်္ဂလိပ်လို ပြန်ပြကြတယ်။ ကနေဒါမိတ်ဆွေများ စိတ်ဝင်စားဟန်ရှိရဲ့။ မြန်မာကဗျာရဲ့အသံကို နားထောင်တယ်။ ရစ်သမ်အလှကို ခံစားကြတယ်။
သိချင်တာကိုလဲ ပွင့်ပွင့် လင်းလင်းမေးကြတယ်။ ပွဲကစိုစိုပြည်ပြည်။ ဒေါ်စုရဲ့ဂုဏ်ရည်ကိုလဲ ဖွင့်ဆိုတယ်။ ဦးညွှတ်အလေးပြုတယ်။

အော်တ၀ါပွဲမှာ နှင်းခဲတွေကြုံတွေ့ရမယ်လို့ မျှော်လင့်ရပေမယ့် နှင်းရည်မခ နှင်းမကျ။ နေခြည်ထွန်းပ နေသာစွ။

ပြီးတော့ … အော်တ၀ါမြို့တော်တ၀ိုက်က အနုပညာပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ လွှတ်တော် စသည် တို့ကို လိုက်လံပြသကြတယ်။ ဗန်ဂိုး၊ ပီကာဆို၊ ကလော့မိုနေး၊ ရူဘင်၊ ဂိုဂင် စတဲ့ ကမ္ဘာကျော်လက်ရာများကိုခံစားပြီး civilization museum ကိုရောက်တော့ ကနေဒါနိုင်ငံသားတွေရဲ့ ခေတ်အမျိုးမျိုးက နေထိုင်စားသောက် လုပ်ကိုင်ခဲ့တဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုအစုစုတို့ကို တခမ်းတနား ပြသထားတာ တွေ့ရတယ်။ ကျွန်တော့်စိတ်ထဲမှာ အကြိုက်ဆုံးလူသားဖြစ်စဉ်လို့ ဆိုချင်ပါတယ်။ ပြပုံကလဲ စနစ်ကျ ခမ်းလဲခမ်းနားလှပါပေ့။ ငါတို့နိုင်ငံမှာလဲ ဒီလိုပြတိုက်မျိုး ဖွင့်ပေးနိုင်ရင် ကောင်းလေစွလို့ တောင့်တမိပါတယ်။

၃။
နောက် …ကိုကျော်မိုးရဲ့လမ်းညွှန်မှုကြောင့် ကိုမျိုးမင်းစိုးတို့ လိုက်ပို့ကြတဲ့ ကနေဒါအညာရွာ။ စိန့်လောရင့်မြစ်ကမ်းဘေးမှာတည်ရှိတဲ့ ကနေဒါရှေးဟောင်းမြို့ကလေး။ လမ်းတလျှောက်မှာတော့ ဖွံ့ဖြိုးပြီးတိုင်းပြည်များပီပီ ကုန်တိုက်များ၊ စက်ရုံများ၊ ဈေးဆိုင်များကို လျှပ်စစ်မီး လိုလေသေးမရှိ။ ဆက်သွယ်ရေး လိုလေသေးမရှိ။ ပြည့်စုံလှပစွာ တွေ့ရတယ်။
Upper Canada ရောက်တော့ သီးသန့် ဘူတာရုံဟောင်းကလေး၊ ရှေးခေတ်က မီးရထားတွဲအိုကလေး၊ တောကဖေးဆိုင်အဟောင်းကလေး တွေ့ရတယ်။ ကဲ … လက်ဖက်ရည် တောဆိုင်လေးကို အညာသားတောသားစတိုင်နဲ့ ကျကျနန ထိုင်လိုက်မဟဲ့လို့ အားခဲထားမိတယ်။ စည်းရိုးကာထားတဲ့ ရွာထဲကို လှမ်းမျှော်ပြီး ကြည့်လိုက်ပါတယ်။ လူစလူနမမြင်ရ။
လူရိပ်လူခြေ မတွေ့ရ။ ကလေးဆိုင်ကိုဝင်တော့ ချမ်းခိုက်ခိုက်တုန်နေတဲ့ ကြွက်ပေါက်စ ကလေးသာ သက်ရှိတွေ့ခဲ့ရတယ်။ ဘယ်သူ ဘယ်ဝါမျှမရှိ။ စိန့်လောရင့်မြစ်ကမ်းက သာယာပျံ့ပျူးပါတယ်။ ဒါနဲ့ စုံစမ်းရေးစခန်းကို သွားကြည့်တော့လဲ လူသူမရှိ။ ရွာဝင်တံခါးမှ အထဲကိုလှမ်းမျှော်ကြည့်တော့လဲ မရှိ။ ဖွင့်ရက်မဟုတ်လို့ ပိတ်ထားသတဲ့။

ကနေဒါတည်ထောင်စက နေကြတဲ့လူတွေရဲ့ စားပုံ၊ ၀တ်ပုံ၊ နေထိုင်ပုံဓလေ့အတိုင်း ရွာကလေးကို ရှေးပုံစံခင်းကျင်းပြသထားတယ်ဆိုလို့ လာကြည့်ကြတာပါ။ သက်ရှိဆိုလို့ ကြွက်ကလေးတကောင်သာတွေ့ခဲ့ရလို့ ရယ်ခဲ့ကြရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ရာခန့်က ရွာလို့သာဆိုတယ် … အိမ်ကောင်း၊ ယာကောင်း၊ အသုံးဆောင်ပစ္စည်းများက အကောင်း။ ဒီတော့ ဒီလို ကမ္ဘာဦးပုံစံရွာအတိုင်း ပြတိုက်လုပ်စတမ်းဆိုရင်ဖြင့် ငါတို့နိုင်ငံကို ခြံစည်းရိုးခတ်ပြပြီး ဒေါ်လာကောက်ခံရရင် “ထော”မှာပဲလို့ တွေးမိတယ်။ တို့နိုင်ငံမှာ လျှပ်စစ်မီးမရှိ။ ကတ္တရာလမ်းမရှိ။ လှည်းလမ်းအတိုင်းသာရှိ။ သက်ငယ်မိုး ၀ါးထရံကာ ထမ်းရွက်တဲအစုံရှိ၊ အခုထက်ထိ။ ရှေးခေတ် လူနေမှုပုံစံ အပြည့်ပါကလား။ ဟိုး … နှစ်ပေါင်းများစွာ နောက်ကျနေဆဲ မဟုတ်လား။

ဒီတော့ ခပ်လှောင်လှောင်ကဗျာတပုဒ် ရေးချင်စိတ်ပေါ်မိတယ်။

၎။
ကဗျာက ဒီလိုပါ …

ကမ္ဘာဦးက တို့မြန်မာ

စိန့်လောရင့် မြစ်ကမ်းနံဘေးမှာ
ရှေးရှေးက ကနေဒါရိုးရာ
(လွန်ခဲ့တဲ့ နှစ်နှစ်ရာက)
အညာရွာကလေးတရွာရှိသတဲ့။
ဒီရွာကလေးဟာ အခုတော့ပြတိုက်ဖြစ်
၂၁ ရာစုသစ်မှာ အထူးအဆန်း
ရထားလမ်းကလဲအဟောင်း
အိမ်ကလဲအဟောင်း
ခုလိုပြောင်းလဲတိုးတက်ကမ္ဘာနဲ့
အလှမ်းကွာသွားပြီ … တဲ့။
ဗမာပြည်ကလာတဲ့ ငါ့အဖို့တော့
သူရို့နိုင်ငံက ခေတ်ဟောင်းဆိုတာ
ရယ်စရာတောင်ကောင်းနေသေးရဲ့။
ရာစုတွေဘယ်လိုပြောင်းပြောင်း
တို့ဗမာက ဘယ်တော့မှမပြောင်း
ပုဂံခေတ်ဟောင်းကအစဉ်အလာအတိုင်း
ဘာကိုမှမတိုးတက်
လျှပ်စစ်တောင်ပျက်နေဆဲမဟုတ်လား။
သက်ငယ်တဲထရံကာ
နွားညို နွားပြာနဲ့ လှည်းတစင်း
မြေပဲခင်း ပြောင်းနှမ်းခင်းနဲ့
ပုလွေတစင်းနဲ့ ရှေးကအတိုင်း
ခပ်ဝိုင်းဝိုင်းမန်ကျည်းပင်မှာ
ရေချမ်းစင်ကလေးတောင်ရှိသေး
ကလေးတသိုက်ကလဲ
ခွေးလိုက် ပတတ်လိုက်
ပုဇွန်လုံးနှိုက်နေဆဲမဟုတ်လား။
ဒီတော့ တပြည်လုံးခြံခတ်ပြီး
အရပ်ရပ်ကလာသမျှ
ပြတိုက်ပြပြီး ဒေါ်လာချူရရင်
သဲ့ယူလို့တောင်ရနိုင်တယ်။
တဲပုတ်ကလေးမှာ
ပဲပြုတ်နဲ့လွေးနေရတဲ့ စည်းစိမ်နဲ့
ဂျက်ကလိန်ဂျောင်း
မောင်းထောင်းဆန်ပြာ၊ နားပန်းဆံ
တခါခါနဲ့
တို့တရွာလုံးပြတိုက်ဖြစ်
တန်ဖိုးအသစ်တွေရကုန်ပြီ
ကမ္ဘာဦးက တို့မြန်မာ
ကြွားစရာမဟုတ်ပါလားကွယ်။
တင်မိုး
၁၃၊ ၁၂၊ ၂၀၀၁

ကဲ စာဖတ်သူ …
ကျွန်တော်တို့ရဲ့ ရှေးအကျဆုံး လူနေမှုစနစ်နဲ့ စစ်အစိုးရထူထောင်နေတဲ့ မြန်မာနိုင်ငံကို ပြတိုက်လုပ်ဖို့ သဘောတူပါစ။ ။

တင်မိုး
၁၉၊ ၁၂၊ ၂၀၀၁
ခေတ္တတိုရမ်တို

မူရင်း – ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၄)၊ ဇန်န၀ါရီ ၂၀၀၂




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts