>Letters from Michigan – 61 (World Poetry Day 2011)

>


မစ်ရှီဂန်က ပေးတဲ့စာ(၆၁)
အောင်ဝေး
မတ် ၂၁၊ ၂၀၁၁

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ကဗျာနေ့ ကျင်းပနေပုံ (ဓာတ်ပုံ-မိုးမခ)

“—ကိုဒေါင်းရေ။ ဒီနေ့ဟာ ကမ္ဘာ့ကဗျာနေ့ ဖြစ်တယ်။ ကိုဒေါင်းရေ၊ ဒီနေ့ဟာ အစဖြစ်တယ်—”


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါစ။ ဒီမှာတော့ နွေဦးပေါက်ပြီ။ သာယာပြီ။ လှပပြီ။ ဒါပေမဲ့ ကိုဒေါင်းရေ – ကမ္ဘာကြီးပေါ်မှာတော့ မသာယာ၊ မလှပနိုင်သေးတဲ့နေရာတွေ၊ ဒေသတွေကလည်း ရှိသေးတာကိုး။ ကျနော်တို့ စာနာစရာ အဖြစ်အပျက်တွေကလည်း ပြည့်နေသေးတာကိုး။

ဆိုပါတော့ဗျာ၊ ကဒါဖီငလျင်ဒဏ်ကို ခံနေကြရတဲ့ လစ်ဗျား ပြည်သူတွေရဲ့ဒုက္ခကို ကျနော်တို့ စာနာလို့မှ မဆုံးသေးဘူး၊ ဟော – ဆူနာမီငလျင်ဒဏ် အလူးအလဲ ခံလိုက်ရတဲ့ ဂျပန်ပြည်သူတွေရဲ့ ဒုက္ခကို ကျနော်တို့ စာနာကြရပြန်ပြီ မဟုတ်လား။

မင်းဆိုးမင်းညစ်တွေရဲ့ မကောင်းဒဏ်ကို ကမ္ဘာ့ပြည်သူတွေ ရင်ဆိုင်နေရတယ်။ သဘာဝ ဘေးဆိုး ဘေးညစ်တွေရဲ့ မကောင်းဒဏ်ကို ကမ္ဘာ့ပြည်သူတွေ ကြုံတွေ့နေရတယ်။ ကိုဒေါင်းရေ၊ မြန်မာ့ပြည်သူတွေကကော—။ ကျနော်တော့ ကမ္ဘာနဲ့ချီပြီးတော့ပဲ စဉ်းစားနေမိတော့တယ်ဗျာ။
အင်္ဂလိပ်စာဆိုကြီး တောမတ်စ်ဟာဒီရဲ့ လူမျိုးများ ပြိုကွဲချိန် ဆိုတဲ့ ကဗျာကို သတိရမိတယ်။
“ဒီနေရာမှာ
စစ်ပွဲတခု
ပူပူနွေးနွေး ဖြစ်သွားတယ်။
ဒီနေရာမှာ
လယ်သမားကလည်း
လယ်ထွန်မပျက် ထွန်နေတယ်။

ဒီနေရာမှာပဲ
ချစ်သူနှစ်ယောက်
တယောက်ခါးကိုတယောက် ဖက်ပြီး
တောတန်းကလေးထဲ
ဝင်ရောက် ပျောက်ကွယ်သွားကြတယ်” တဲ့။

ဥမ္မာဒန္တီပျို့ဆရာဦးရွှန်းရဲ့ “ပြည်ထဲရေးနှင့်၊ ၀မ်းရေးတို့ထက်၊ လွမ်းရေးခက်၏” ဆိုတဲ့ စာသားကိုလည်း သတိရနေမိပါရဲ့။ ပြောရရင်တော့ဗျာ၊ မင်းဆိုးမင်းညစ်တွေ၊ သဘာဝဘေးဒဏ်တွေရဲ့ အခြားတဖက်မှာ၊ ကောင်းမြတ်တဲ့အရာတွေလည်း ရှိနေပါသေးတယ်။ အဲဒီအထဲမှာ “ကဗျာ”လည်း ပါတယ်လေ။ ကိုဒေါင်းရေ၊ ဒီတခါတော့ ကမ္ဘာနဲ့ချီတဲ့ ကဗျာအကြောင်း ပြောချင်တယ်ဗျာ။

အားလုံးလည်း သိကြပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂ ပညာ၊ သိပံ္ပနဲ့ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို)က နှစ်စဉ် မတ်လ(၂၁)ရက်နေ့ကို “ကမ္ဘာ့ကဗျာနေ့” အဖြစ် သတ်မှတ် ကျင်းပလာခဲ့တာ ဆယ်စုနှစ်တခု ကျော်ခဲ့ပါပြီ။
ကိုဒေါင်းရေ၊ ဒီ မတ်လ(၂၁)ရက်နေ့ဟာ အီကွေတာအပေါ်ကို နေရောင်ခြည် တည့်တည့်ကျတဲ့နေ့ရယ်လို့၊ ပထ၀ီဝင် ဘာသာရပ်မှာ သင်ကြားခဲ့ရဖူးပါတယ်။ အဲဒီနေ့ကို ယူနက်စကိုအဖွဲ့ကြီးက “ကမ္ဘာ့ကဗျာနေ့” လို့သတ်မှတ်တာဟာ ထူးခြားမှုတခုလို့ပဲ ဆိုရတော့မယ်။

အဲဒီနေ့မှာ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြတဲ့ လူမျိုး အသီးသီးက၊ သူတို့ရဲ့ ကိုယ်ပိုင် ဘာသာစကားတွေနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာတွေကို ရွတ်ဆိုကြတယ်။ ကဗျာအကြောင်း ဆွေးနွေး ဖလှယ်ကြတယ်။ ကဗျာရေးတဲ့ ကဗျာရှင်တွေနဲ့ကဗျာဖတ်တဲ့ ပြည်သူတွေ တွေ့ဆုံကြတယ်။

မကြာသေးခင်က ဒီမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တိုင်းကျိုးပြည်ဆောင် ပုဂ္ဂိုလ်တွေကို အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်တော့၊ နာမည်ကျော် လူမည်း ကဗျာဆရာမကြီး မာယာအန်ဂျလိုလည်း ချီးမြှင့်ခံရတဲ့ထဲမှာ ပါပါတယ်။ သူ့နိုင်ငံ၊ သူ့ခေါင်းဆောင်၊ သူ့ကဗျာဆရာ၊ မုဒိတာပွားစရာပါ။

ကျနော်တို့ဆီမှာတော့—။ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့၊ ငြိမ်းချမ်းရေး ပိသုကာကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နှစ်(၁၀၀)ပြည့် အခမ်းအနား၊ ကျနော်တို့နိုင်ငံမှာ ကျင်းပခွင့် မရခဲ့ပါဘူး။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ရာပြည့်တွေဟာလည်း၊ ကျနော်တို့နိုင်ငံမှာ မထင်မရှား ကျင်းပခဲ့ရတာပါ။ ဒီကဗျာဆရာကြီးတွေဟာ ကမ္ဘာသိ၊ မြန်မာသိ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။

စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့ အောက်မှာတော့၊ မြန်မာကဗျာဆရာတွေဟာ ပစ်မှတ် ဖြစ်နေခဲ့ရတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ခဲ့တဲ့ အတွက်၊ ဆရာကြီးမင်းသုဝဏ် မင်းမျက်သင့်ခံခဲ့ရပါတယ်။ တိုင်းပြုပြည်ပြု စာဆိုကြီးတဦးကို စစ်အာဏာရှင်တွေက နှိပ်စက် ညှဉ်းပန်းခဲ့တာ အထင်အရှားပါပဲ ကိုဒေါင်း။ ခုတော့ ရွှေတောင်ကြီး ပြိုခဲ့ပါပြီ။

ဒီလိုပဲ၊ လူထုဘက်က ရပ်တည်လို့၊ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်လို့ ဆရာဗန်းမော်ညိုနွဲ့ ဆိုရင်လည်း၊ န၀တ-နအဖ စစ်အာဏာရှင်လက်ထက်မှာ ကွယ်လွန်တဲ့ အချိန်အထိ ကဗျာရေးခွင့် မရခဲ့တော့ပါဘူး။ ဆရာဗန်းမော်ညိုနွဲ့ ရေးခဲ့တဲ့—
လရောင်ဆမ်း၍
ရွာလမ်းမြေမာ
ဝင်းဝင်းဝါ၏။
အုန်းထန်းပေလက်၊
တမာရွက်တို့၊
ရွှေစက်ရွှေပြောက်၊
ရွှေရည်သောက်၏— ဆိုတဲ့ လက်ဖက်ရည်ကြမ်းဝိုင်း- ကဗျာကို လူတိုင်းက သတိရနေကြဆဲပါ။ ခုတော့ လက်ဖက်ရည်ဝိုင်းလည်း သိမ်းခဲ့ပါပြီ။

ပြီးတော့ – အင်းဝက ကဗျာဆရာကြီး ဦးကြည်အောင်။ ခုတော့ ဆရာကြည်အောင်လည်း ကွယ်လွန်ရှာပါပြီ။ ဒုဋ္ဌ၀တီမြစ်ကြီးလည်း ငိုကြွေးခဲ့ပါပြီ။

ကိုဒေါင်းရေ – စစ်အာဏာရှင်စနစ်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကဗျာဆရာတွေ ပြည်ပကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတာတွေလည်း ရှိသေးရဲ့ မဟုတ်လား။ တရုတ်-မြန်မာ နယ်စပ်မှာ ကဗျာဆရာ မောင်လှဝင်း(မြင်းခြံ)တို့၊ ကဗျာဆရာဝင်းတင့်ထွန်းတို့ အခု ရှိနေကြတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ ကဗျာဆရာမောင်လွမ်းဏီ၊ အမေရိကမှာ ကဗျာဆရာကြီး မောင်စွမ်းရည်။ ပြီးတော့ ကဗျာဆရာ မောင်စိုးချိန်၊ ကဗျာဆရာသစ်ကောင်းအိမ် – စသည်ဖြင့်။

ကဗျာဆရာကို လင်လုဘက်လို့ ထင်နေတဲ့ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ခေတ်မှာ၊ ကဗျာဆရာတွေလည်း သူပုန် ဖြစ်ရတော့တာပဲ ကိုဒေါင်းရေ။ တိုင်းပြည်နဲ့လူမျိုးကို အလွန်ချစ်တဲ့ ဖန်မီးအိမ် ကဗျာရှင် ဆရာဦးတင်မိုးဟာ၊ သူချစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို စွန့်ခွာခဲ့ရတယ်။ မစွန့်ခွာခင်ကလည်း စစ်အာဏာရှင်တွေက သူ့ကို ထောင်သွင်း အကျဉ်းချခဲ့သေးတယ်။ ခုတော့ ဖန်မီးအိမ်လည်း ငြိမ်းခဲ့ပါပြီ။

ကိုဒေါင်းရေ – ရန်ကုန်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ကဗျာနေ့တွေကို သတင်းကြားနဲ့ လွမ်းရပါတယ်ဗျာ။ ကဗျာဆရာ မောင်တင်သစ်ရဲ့ –
ဒီနေ့ဟာ ကမ္ဘာပေါ်က အလှဆုံးနေ့တွေထဲက တနေ့ဖြစ်တယ်။
ဒီနေ့ဟာ စစ်ပွဲ စတင်တဲ့နေ့ မဟုတ်ဘူး။
ဒီနေ့ဟာ စစ်ပွဲအောင်နိုင်တဲ့နေ့ မဟုတ်ဘူး။
ဒီနေ့မှာ စစ်ရှုံးသူ မရှိဘူး၊ စစ်နိုင်သူ မရှိဘူး။
ဒီနေ့ဟာငြိမ်းချမ်းမှုစတင်တဲ့နေ့။ ငြိမ်းချမ်းမှုအောင်နိုင်တဲ့နေ့ဖြစ်ရဲ့။
ဒီနေ့ဟာ မေတ္တာ စတင်တဲ့နေ့။ မေတ္တာအောင်နိုင်တဲ့နေ့ဖြစ်ရဲ့ – ဆိုတဲ့ “ဒီနေ့ဟာအစဖြစ်တယ်” လို့ ခေါင်းစဉ်ပေးထားတဲ့ကဗျာကိုဖတ်ပြီးတော့လည်း၊ ရွှေပြည်ကြီးကို လွမ်းမိပါရဲ့ဗျာ။

အကျဉ်းထောင်ထဲ ရောက်နေကြရတဲ့၊ ကဗျာဆရာ ဇော်သက်ထွေးတို့၊ ကဗျာဆရာ နေဘုန်းလတ်တို့ကိုလည်း၊ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းနေမိပါတယ်ဗျာ။

ကိုဒေါင်းရေ။ ဒီနေ့ဟာ ကမ္ဘာ့ကဗျာနေ့ ဖြစ်တယ်။ ကိုဒေါင်းရေ၊ ဒီနေ့ဟာ အစဖြစ်တယ်။

အားလုံးကို အမြဲ သတိရလျက်-
အောင်ဝေး
မတ် ၁၆-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts