>ှQ & A with Suu – March 18th 2011

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ
မတ်လ ၁၈၊ ၂၀၁၁ RFA အစီအစဉ်
အရှင်ဓမ္မသီရိ၊  ဦးအေးခိုင် (ကျောက်ပန်းတောင်း)၊ ကိုကျော်ဇောဝေ(ကနေဒါ)၊ ကိုဖြိုးဝဏ္ဏ (ထိုင်းနိုင်ငံ)၊ နိုင်ကဆော့မွန် (လွတ်လပ်သောမွန်သတင်းအေဂျင်စီအယ်ဒီတာ)၊ ကိုမောင်မောင်မြတ်ညို၊ ကိုထူးချစ်
စက်တင်ဘာအရေးအခင်း၊ စီအာရ်ပီပီ လွှတ်တော်၊ ပြည်ပက မြန်မာတွေ ညီညွတ်ဖို့၊ အာရပ်နဲ့ မြန်မာ၊ တိုင်းရင်းသားဖွံ့ဖြိုးရေး၊ အကာအကွယ်မဲ့ ထိုင်းက မြန်မာအလုပ်သမား၊ ရွေှ့ပြောင်းအလုပ်သမားမိသားစုများ
မေးသူ။        ။ အရှင်ဓမ္မသီရိ
မေးခွန်း။        ။ဒကာမကြီးဒေါ်စု (၂၀၀၇) စက်တင်ဘာ အရေးအခင်းကာလတုန်းက၊ စစ်အစိုးရကနေသံဃာတော်တွေကို ဓာတ်တိုင်
ကြိုးတုတ်ပြီးတော့ ရိုက်နှက်ကန်ကျောက်ဆဲရေးတိုင်းထွာမှုများ ပြုလုပ်ခဲ့တယ်။ အဲဒီလိုပြုလုပ်ခဲ့ခြင်းဟာဘာသာရေး ရိုင်းပြမှု၊ ဘာသာရေးစော်ကားမှု၊ သာသနာညှိုးနွမ်းမှုမမြောက်ဘူးလား။ အကယ်၍မြောက်ခဲ့မယ်ဆိုပါလျှင် ဘယ်နေရာကနေပြီးတော့ အရေး ယူနိုင်ပါသလဲ။ အဲဒါကိုသိချင်ပါတယ်။ ဘာသာရေးကိစ္စဟာ ဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။ ရှေးလူကြီးတွေက ဆိုဆုံးမခဲ့တာရှိတယ်။ အမျိုးဘာသာသာသနာကို စော်ကားလာလျှင် အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ရမယ်လို့ ဆိုဆုံးမထားတယ်။ အဲဒီတော့ ကိုယ့်ဘာသာ၊ ကိုယ့် သာသနာကို ကာကွယ်စောင့်ရှောက်တာဟာ နိုင်ငံရေးပြစ်မှုတခု ဖြစ်ပါသလား။ အဲဒါကို သိချင်ပါတယ်။
ဖြေ။        ။ ရဟန်းမဟုတ်တဲ့ လူပုဂ္ဂိုလ်တဦးကိုတောင်မှ ဓာတ်တိုင်မှာ ကြိုးတုပ်ပြီးတော့ ရိုက်တယ်ဆိုတာဟာ တရားဥပ
ဒေနဲ့မညီပါဘူး ဘုရား။ မည်သူကိုမဆို ဘယ်လောက်ပဲ အပြစ်ကြီးကြီး၊ တရားဥပဒေအရသာ အရေးယူရမှာ ဖြစ်ပါ တယ်။ အခြေခံ လူ့အခွင့်အရေးဘက်က ကြည့်ရမယ်ဆိုရင်တော့ ကိုယ့်ဘာသာသာသနာကိုလည်း စောင့်ရှောက်ပိုင်ခွင့်အပြည့်အ၀ ရှိရပါ မယ်ဘုရာ့။ ဒါ့ကြောင့် အခြေခံလူ့အခွင့်အရေးများကို အာမခံပြီး ဥပဒေစိုးမိုးရေးရှိမယ့် နိုင်ငံအုပ်ချုပ်ရေးမျိုးကို တပည့်တော်မတို့က လိုလား တာပါဘုရား။ လိုလားနေရုံနဲ့လည်း မပြီးတာမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မူအရကို တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးတွေ ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်နေပါတယ်ဘုရား။
မေးသူ။        ။ ဦးအေးခိုင် (ကျောက်ပန်းတောင်း)
မေးခွန်း။        ။ အမေစုခင်ဗျား၊ ဘယ်တုန်းက အမေစုတို့ဟာ တိုင်းရင်းသားပေါင်းစုံဖွဲ့စည်းပြီးတော့၊ NLD ပါဝင်ပြီးတော့ CRPP
ကို ဖွဲ့ပါသလဲ။ ဖွဲ့တဲ့အချိန်မှာ ကျွန်တော်တို့ အင်မတန်အားရပါတယ်။ ပြည်သူလူထု တယောက်အနေနဲ့။ ကျွန်တော်တို့ CRPP သည် (၉၀) ခုနှစ်ရွေးကောက်ပွဲမှာ ရွေးချယ်ခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ခေါ်မယ်။ ခေါ်ပြီးတော့အစိုးရဖွဲ့ ပေးမယ်။ လွှတ်တော်ကိုယ်စားပြုကော်မတီတရပ်အနေနဲ့ လုပ်ရမယ့်အလုပ်တွေကို လုပ်မယ်လို့ ကျွန်တော်တို့မှာ ယူဆခဲ့ပါတယ်။ သို့သော် လည်း ကနေ့အချိန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ လွှတ်တော်ကို ခေါ်ဖို့ကိစ္စကို လုပ်ခြင်းမလုပ်ခြင်းတော့ ကျွန်တော်တို့ မသိပါ။ နောက်ထပ် ရွေးကောက်ပွဲတခုပေါ်ပေါက်လာတယ်။ အဲဒီအတွက် ကျွန်တော်တို့မှာ အင်မတန်ဝမ်းနည်းမှု ဖြစ်ပါတယ်။ အဲဒီတော့ ဒီလွှတ်တော် ကိုယ်စားပြုကော်မတီကရော (၉၀)ခုနှစ်ရွေးကောက်ပွဲကို အခြေခံပြီးတော့ ထပ်ပြီးတော့ လွှတ်တော်တခုကို ဖွဲ့ဖို့အစီအစဉ် ရှိပါသလား။ ဖြေ နိုင်လည်း ဖြေပေးပါ အမေစု။
ဖြေ။        ။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဟာ ပြည်သူ့လွှတ်တော်တခု လုပ်ဆောင်ရမယ့်အလုပ်တွေကို တတ်နိုင်သ
မျှ လုပ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်အတိုင်းပဲ ဖွဲ့စည်းပြီးတာနဲ့ နိုင်ငံအတွက်  မသင့်တော်တဲ့ ဥပဒေတွေ ရုတ်သိမ်းပေးရန် စသဖြင့် တောင်းဆိုချက်တွေကို လုပ်ခဲ့ပါတယ်။ ဖိနှိပ်မှုတွေ ဖမ်းဆီးမှုတွေ ကြောင့် လှုပ်ရှားရတာ မလွယ်မကူ မထိမရောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အခုတိုင် ပြည်သူ့လွှတ်တော်တရပ်က ဆောင်ရွက်ရမယ့် အဓိကတာဝန်ဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းနေပါတယ်။ ဦးအေးခိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် တယောက်ဆိုတော့ ကျွန်မအနေနဲ့ ပြောချင်တာက ဖြစ်စေချင်တာတွေ မဖြစ်ရင် ၀မ်းနည်းနေရုံနဲ့တော့ မပြီးပါဘူး။ ဖြစ်မြောက်တဲ့အထိ လုပ်ဆောင်သွားနိုင်လောက်အောင်လို့ ၀ီရိယစိုက်ထုတ်စေချင်ပါတယ်။
မေးသူ။        ။ ကိုကျော်ဇောဝေ(ကနေဒါ)
မေးခွန်း။        ။ ဒေါ်စုခင်ဗျား။ ကျွန်တော်ကျော်ဇောဝေပါ။ ကျွန်တော် တိုရန်တို၊ကနေဒါကပါ။ ကျွန်တော်တို့ ကနေဒါမှာရှိတဲ့
မြန်မာမိသားစုပေါ့နော်။ အဲဒါကို မြန်မာနိုင်ငံမှာ အမျိုးသားစည်းလုံးညီညွတ်ရေး ရဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေပြီးတော့ ဆောင်ရွက်ပေးလို့ရမလဲ ဆိုတာလေးတခု သိချင်ပါတယ်။ နောက် ကျွန်တော်တို့ ကနေဒါမှာရှိတဲ့ မြန်မာ မိသားစုပေါ့နော်၊ မြန်မာနိုင်ငံမှာ ခုအုပ်ချုပ်နေတဲ့ ဒီစစ်ဗိုလ်ချုပ်တွေရော၊ မြန်မာနိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားလူမျိုးတွေ အကုန်လုံး အေးအေးချမ်းချမ်းနဲ့ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်တိုးတက်တာကို မြင်ချင်တယ်။ ကျွန်တော်တို့လည်း လုပ်ပေးချင်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။
ဖြေ။        ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေစည်းစည်းလုံးလုံးနေတာကိုဖြစ်စေချင်တယ်ဆိုရင် ယခုကနေဒါမှာရောက်နေတဲ့မြန်မာ
ပြည်ဖွားများနဲ့ တခြားနိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာပြည်ဖွားအားလုံး ညီညွတ်အောင်နေခြင်းက နေစရမယ်လို့ ထင်ပါတယ်။ ပြည်တွင်းပြည်ပမရွေး လက်တွေ့ကျကျ လုပ်နိုင်မယ့်စီမံကိန်းကလေးတွေနဲ့ အချင်းချင်း ကူညီရိုင်းပင်းစေချင်ပါတယ်။ ပြည် တွင်းမှာ ရှိနေတဲ့ ကျွန်မတို့က တကယ့်ကိုပဲ အားလုံးကို အကျိုးပြုမယ့် အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လောက်တမ်းတနေမလဲဆိုတာ ကိုကျော်ဇောဝေတို့ မှန်းကြည့်လို့ ရပါလိမ့်မယ်။
မေးသူ။        ။ ကိုဖြိုးဝဏ္ဏ (ထိုင်းနိုင်ငံ)
မေးခွန်း။        ။ မင်္ဂလာပါ အမေစုခင်ဗျား။ ကျွန်တော့နာမည် ဖြိုးဝဏ္ဏပါ။ ကျွန်တော်ကထိုင်းနိုင်ငံမှာအမြဲနေတာပါ။ အမေစုကို
ကျွန်တော်မေးချင်တာက အခုတလော အာရပ်နိုင်ငံတွေမှာ ဆက်တိုက်ဆိုသလို လူထုအုံကြွမှုတွေ ဖြစ်နေပါတယ်။ တ ကယ်လို့ ဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံမှာလည်း၊ လူထုအုံကြွမှုတွေ ဖြစ်လာရင် အမေစုအနေနဲ့ ဘယ်လိုဦးဆောင်မှုတွေ ပေးသွားမလဲ ဆိုတာ ကျွန်တော် သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဖြေ။        ။ ဦးဆောင်မှုပေးတယ်ဆိုတာ၊ ဦးဆောင်ခံရမယ့်လူတွေက လိုလားမှ ဖြစ်နိုင်မှာပါ။ နောက်ပြီးတော့လည်း ဒီလိုကိစ္စမျိုး
ဆိုတာ တဦးတယောက်ရဲ့ ထင်မြင်ဆုံးဖြတ်ချက်နဲ့သာ မဟုတ်ဘဲ အဖွဲ့အစည်းရဲ့ သဘောတူဆုံးဖြတ်ချက်နဲ့သာ အ ကောင်အထည် ဖေါ်ရမှာ ဖြစ်ပါတယ်။ တနိုင်ငံနဲ့တနိုင်ငံ၊ တချိန်နဲ့တချိန် အခြေအနေတွေ မတူတာမို့ ပုံစံတခုတည်း ကြိုတင်သတ်မှတ်လို့ လည်း မရပါဘူး။
မေးသူ။        ။ နိုင်ကဆော့မွန် (လွတ်လပ်သောမွန်သတင်းအေဂျင်စီအယ်ဒီတာ)
မေးခွန်း။        ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ ဒီမိုကရေစီအိုင်ကွန်သဘောမျိုးမဟုတ်ဘဲနဲ့ ဒီတိုင်းရင်းသားစည်းလုံးညီ
ညွတ်ရေးပေါ့နော်။ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မှာလည်း အိုင်ကွန်ခေါင်းဆောင်တယောက်အနေနဲ့ ဖြစ်စေချင်တာပေါ့နော်။ အဲဒါက ကျွန်တော့ရဲ့ ယုံကြည်ချက်ပါပဲ။ အဲဒါ ဒေါ်စုလုပ်နိုင် မယ်လို့လည်း ကျွန်တော့အနေနဲ့ ယူဆပါတယ်။ ဒါပေမယ့် အခက်အခဲတော့ အများကြီး တွေ့မှာပဲလေ။ နောက်တချိန်ထဲမှာပဲ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေရဲ့ ဒေသမှာ၊ လူမှုရေးအခြေအနေတွေ၊ ဖွံ့ဖြိုးရေးအခြေအနေတွေ တအားနောက်ကျနေခဲ့တာ တွေ့ရတယ်။ အဲဒီကိစ္စတွေ အတွက်လည်း ကျွန်တော့အနေနဲ့ တဖက်တလမ်းကနေပြီးတော့ ၀ိုင်းဝန်းကူညီထောက်ပံ့ဖို့ လိုတာပေါ့နော်။ အဲဒါကတော့ ကျွန်တော့ရဲ့ အမြင်ပါပဲခင်ဗျား။
ဖြေ။        ။ အမေ့အနေနဲ့ အမှန်ပြောရမယ်ဆိုရင်၊ အိုင်ကွန် – ဘယ်လို အိုင်ကွန်မျိုးမှ မဖြစ်ချင်ပါဘူး။ ရိုသေလေးစားတဲ့ စိတ်နဲ့
ပြောတာကို တန်ဖိုးထားပေမယ့်၊ အိုင်ကွန်ဆိုတာကတော့ သင်္ကေတသဘောတရား ဆောင်ပါတယ်။ ဒီမိုကရေစီရရှိ ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ရှင်သန်ခိုင်မြဲအောင် တတ်အားသမျှ လုပ်ဆောင်တဲ့သူတယောက်ပဲ ဖြစ်ချင်ပါတယ်။ တိုင်းရင်းသားဒေသ တွေမှာ လူမှုရေး၊ စီးပွားရေးဘက်မှာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာတွေကို သိရှိပြီးဖြစ်တာကြောင့် ပြည်သူတွေကို အထောက်အကူ ဖြစ်စေမယ့် လူသားချင်း စာနာထောက်ထားတဲ့ လုပ်ငန်းတွေကို တိုင်းရင်းသားဒေသတွေမှာ စတင်ပြီးတော့ လုပ်ဆောင်နေပါတယ်။
မေးသူ။        ။ ကိုမောင်မောင်မြတ်ညို
မေးခွန်း။        ။ အန်တီခင်ဗျား။ ကျွန်တော့နာမည်ကတော့ မောင်မောင်မြတ်ညိုပါ။ ထိုင်းနိုင်ငံကပါ။ ကျွန်တော်တခု အန်တီ့ကိုမေး
ချင်တယ်ဆိုတာထက် အကူအညီတောင်းချင်တယ်လို့ပဲ ပြောပါရစေ။ ထိုင်းနိုင်ငံအတွင်းမှာရှိကြတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေဟာ ဘတ်ငွေသောင်းချီ အကုန်အကျခံပြီးတော့ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ လုပ်ကိုင်ကြတဲ့ ယာယီပတ်(စ) ပို့ကို အခု လုပ်ကိုင်နေကြရပါတယ်။ ဒီယာယီပတ်(စ)ပို့ လုပ်ကိုင်ထားပေမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းအလုပ်သ မားတွေနဲ့ တန်းတူအခွင့်အရေး မရသလို၊ လုံခြုံမှုလည်းပဲ အပြည့်အစုံ မရရှိနိုင်ဘူးဖြစ်နေပါတယ်။ ဒီလိုယာယီပတ်(စ)ပို့ လုပ်ကိုင်ထားပေ မယ့် အလုပ်သမားတွေဟာ ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအာဏာပိုင်တွေရဲ့ မတရားဖမ်းဆီးမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ ခံနေရတဲ့ အချိန်အခါမှာ မြန်မာသံရုံးက တစုံတခု အကာအကွယ်ပေးမှုလည်း မရှိပါဘူး။ ပြီးတော့ ထိုင်းအစိုးရကလည်းပဲ ဘာမှ အကာအကွယ်မပေးတဲ့ အတွက် ဒီနှစ်နိုင်ငံအစိုးရတွေကို အန်တီ့အနေနဲ့ တခုခုဝင်ပြောရင် ကျွန်တော်တို့ သက်သာရာများ နည်းနည်း ရမလားလို့ အကူအညီ တောင်းခံမိတာပါ ခင်ဗျား။ ကျေးဇူးတင်ပါတယ် အန်တီခင်ဗျား။
ဖြေ။        ။ထိုင်းဝန်ကြီးချုပ်နဲ့ တယ်လီဖုန်းပေါ်မှာ စကားပြောခွင့်ရတုန်းက ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာတွေကိစ္စကို ပြောခဲ့
ပါတယ်။ ထပ်ပြီးလည်း တတ်နိုင်သမျှ ထိုင်းရောက်ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းအလုပ်သမားများအရေးကို သက်ဆိုင် သူတွေကို တင်ပြပါ့မယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အနေနဲ့ ကူညီနိုင်မလားဆိုတာကိုလည်း စုံစမ်းပေးပါ့မယ်။
မေးသူ။        ။ ကိုထူးချစ်
မေးခွန်း။        ။ ကျွန်တော်ထူးချစ်ပါ။ ကျွန်တော်တို့ဒီ ထိုင်းနိုင်ငံမှာအခြေချတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ရွှေ့ပြောင်းအလုပ်
သမားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိသားစုတွေအတွက် ပညာရေးလုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ ကျွန်တော်တို့ အဓိကပေါ့နော် ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးမှ ကျွန်တော်တို့ဒီပြင်ထားပါတယ်။ စာတွေ ဘာတွေရေးပြီးတော့ပေါ့။ ကျွန်တော်ဒီပညာရေးလုပ်ငန်းတွေက ကျွန်တော်တို့ တတ်နိုင်သလောက်၊ တတ်သလောက်တော့ လုပ်ပေးနေတယ်။ ဒါပေမယ့် ရေရှည်မှာပေါ့ ကျွန်တော်တို့ ဘယ်လိုမျိုး ကျွန်တော်တို့ပြင်ဆင် မှုတွေကိုလုပ်ရမလဲ။ နောက်ဆုံး ပြည်တွင်းမှာရှိနေတဲ့ တချို့ပညာရေး လုပ်ငန်းလုပ်နေတဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့ ဘယ်လိုဆက်စပ်ပြီးတော့ လုပ်သင့်တယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် အကြံပေးနိုင်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ဖြေ။        ။ ကိုထူးချစ်ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ပေးနေတဲ့အကြောင်းတွေကို အသံလွှင့်ဌာနတွေကနေပြီး တ
ဆင့်ကြားခဲ့ရတာမို့ လေးစားဂုဏ်ပြုပါတယ်။ ကျွန်မထူထောင်ထားတဲ့ ကျန်းမာရေး၊ ပညာရေးရန်ပုံငွေထဲကနေပြီး တော့ ရွှေ့ပြောင်းအလုပ်သမားကလေးများ ပညာရေးအတွက် ကူညီထောက်ပံ့ဖို့ စဉ်းစားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ကိုထူးချစ်တို့ ကနေပြီးတော့ အကြံပြုချင်တာတွေ ရှိလို့ရှိရင် အာဖက်အေကနေတဆင့် ဆက်သွယ်ပြီးတော့ အကြံပြုပေးစေချင်ပါတယ်။ မြန်မာနိုင်ငံထဲက ပညာရေးနဲ့ ပတ်သတ်လို့ လုပ်နေတဲ့အဖွဲ့ထဲမှာ ဆိုလို့ရှိရင်လည်း ကျွန်မတို့ NLD အဖွဲ့က ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။
(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်။)
မတ်လ ၁၈ ရက်နေ့ အစီအစဉ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts