>Rangoon Street Journalist – March 3rd Week 2011

>

ရန်ကုန် ရှုခင်း – မတ်လ တတိယပတ်၊ ၂၀၁၁
တိတ်တဆိတ် တပ်မတော်နေ့၊ ဂျပန်ငလျင်နဲ့ မြန်မာနာဂစ် နှိုင်းယှဉ်ချက်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်


အချိန်အခါ မဟုတ် ရွာတဲ့မိုး

မတ်လ ၁၀ ရက်နေ့ ရန်ကုန်မိုး (ဓာတ်ပုံ – Ping Long)


နွေရာသီ မတ်လ လယ်မှာ မိုး ၉ ရက်ဆက် ရွာတဲ့ အဖြစ်မျိုး ရန်ကုန်မှာ မကြုံဖူးကြဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ မတ်လ ၁၀ ရက်နေ့ ကတည်းက ဆက်တိုက် ရွာခဲ့တဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ ရွာခါစရက်မှာတော့ တနေ့ တကြိမ်လောက်သာ ရွာပြီး အပူချိန် သိပ်လည်း မနိမ့်ခဲ့ပေမယ့် မတ်လလယ် ၁၆ ရက်နေ့မှာတော့ တနေ့လုံး မိုးစွေနေခဲ့ပြီး ညနေဘက်မှာ အေးစက်တဲ့လေ တိုက်ခတ်တာနဲ့ အတူ မိုးကလည်း ဖွဲဖွဲ ရွာသွန်းနေပါတယ်။ ဒါကြောင့် အလုပ်ကိစ္စနဲ့ အပြင်ထွက်သူတွေ၊ မိုးထဲလေထဲ အလုပ် လုပ်နေသူတွေ အတွက် တော်တော်လေး ဒုက္ခ ရောက်ကြတာပါ။

ရန်ကုန်မြို့ရဲ့ လမ်းဘေး၊ အိမ်အဖီတွေမှာ နေထိုင် စားသောက်နေကြတဲ့ ဈေးသည်တွေ၊ ဆိုက်ကားသမားတွေ တော်တော်လေး ဒုက္ခရောက်ခဲ့ကြတဲ့ ညနေလို့ ဆိုရမှာပါ။ အမိုးအကာ လုံလောက်အောင်မရှိလည်း အိပ်လို့အဆင်ပြေတဲ့ ရန်ကုန်မြို့ဟာ ဆောင်းရာသီလယ် အအေးထက်တောင် ပိုအေးပြီး မိုးကြောင့်လည်. ကြေညာတဲ့ အပူချိန်ထက် ပိုအေးတဲ့ သဘောမျိုး ခံစားရပါတယ်။

ကမ္ဘာကြီး ပိုမိုပူနွေးလာတဲ့ အချက်ပေါ် အကြောင်းခံပြီး ရာသီဥတု ပြောင်းလဲ ဖေါက်ပြန်လာတာရဲ့ အကျိုးဆက်တခု အဖြစ် ယခုလို နွေရာသီမှာ မိုး ဆက်တိုက်ရွာသွန်းတဲ့ အဖြစ်အပျက်ကို ရှုမြင်ကြပါတယ်။
မိုးရပ်သွားပြီးနောက် တစ်ရက်ထိ မိုးအုံ့ပြီး ရာသီဥတုက ဆောင်းတွင်းအတိုင်း အေးနေသေးတာမို့လို့ နွေရာသီမှာ အနွေးထည် ၀ယ်ယူကြရတဲ့ အဖြစ်မျိုးတောင် တွေ့ရပါတယ်။

ယခုနှစ် တပ်မတော်နေ့ (တော်လှန်ရေးနေ့) ခမ်းခမ်းနားနား မကျင်းပ
ခါတိုင်းနှစ် ခမ်းခမ်းနားနား လုပ်တဲ့ တပ်မတော်နေ့ အခမ်းအနားကို ဒီနှစ် မလုပ်တော့ဘူးလို့ သတင်းဖေါ်ပြချက်များအရ သိရပါတယ်။ နှစ်စဉ်နှစ်တိုင်း တပ်သား အရာရှိ စုစုပေါင်း တစ်သောင်းကျော် သုံးပြီး နေပြည်တော် စစ်ရေးပြကွင်းမှာ ကျင်းပခဲ့တာ ၅ နှစ်ရှိခဲ့ရာမှ ယခုနှစ်ကျမှ မလုပ်တော့ဘူး ဆိုလို့ လူအများ အံ့သြနေကြတာပါ။

ကုဋေချီ သုံးတဲ့ စစ်ရေးပြမှု (reuters photo)

နေပြည်တော် မပြောင်းခင် ရန်ကုန်မှာရှိစဉ်က တပ်မတော်နေ့ အခမ်းအနားနီးပြီ ဆိုရင် ရန်ကုန်တမြို့လုံး အေးအေးဆေးဆေး မနေရလောက်အောင် ဧည့်စာရင်းတွေစစ်၊ လမ်းဆုံ လမ်းခွတွေမှာ ညဘက် ဖြတ်သန်းသမျှ ကားတွေစစ်၊ စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေကိုပါ ည ၈/၉နာရီ ပိတ်ခိုင်းတာတွေ လုပ်ခဲ့ပါတယ်။ တော်လှန်ရေး ပန်းခြံရှိရာ ရွှေဂုံတိုင် အနောက်ဘက် တ၀ိုက်က ဆိုင်တွေ လုပ်ငန်းတွေကတော့ ပိုပြီး ဆိုးပါတယ်။ မတ်လ ၂၇ ရက် ချီတက်ပွဲ မတိုင်ခင် တစ်ပတ်လောက်ဆို နေ့တ၀က်လောက် လမ်းတွေပိတ်တာနဲ့ ထမင်းဆိုင်လည်း မဖွင့်ရ၊ လက်ဖက်ရည်ဆိုင်လည်း မဖွင့်ရ ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်ကာလတွေဟာ ရန်ကုန်တမြို့လုံး ကျီးလန့်စာစား နေခဲ့ကြရတဲ့ ကာလဖြစ်ပါတယ်။ နအဖ စစ်တပ်ရဲ့ အရေးပါလှတဲ့ အခန်းကဏ္ဍကို ပေါလစ်တင်ဖို့ လုပ်တဲ့ပွဲကြီး ဖြစ်တာကြောင့် နည်းနည်းမှ အထိခိုက်မခံနိုင်တဲ့ သဘောပါ။

အဲလိုနဲ့ နေပြည်တော် ပြောင်းပြီးနောက်မှာ ရန်ကုန်မြို့ခံတွေ တော်တော်လေး ၀မ်းသာသွားကြတာ တွေ့ရပါတယ်။ တပ်မတော်နေ့ ကျင်းပခါနီးရင် ခါတိုင်းလို လုံခြုံရေး တင်းကျပ်တာ၊ ဧည့်စာရင်းစစ်တာတွေ သိပ်မလုပ်တော့ လို့ပါပဲ။

ဒီနှစ်တော့ နေပြည်တော်မှာလည်း ခမ်းခမ်းနားနား မလုပ်တော့ဘူး ဆိုတာဟာ ဘာကြောင့်ပါလဲ။ ရွေးကောက်ပွဲ လုပ်ပြီးနောက် အရပ်သားအစိုးရဆိုတဲ့ အမည်နဲ့ အုပ်ချုပ်တော့မှာမို့ နအဖ စစ်တပ်ဟာ တပ်မတော်အခန်းကဏ္ဍကို အနည်းငယ် မှိန်လိုက်တဲ့ သဘောလား၊ ဒါမှမဟုတ် တပ်ချုပ်လို့ လူတွေ အတိုကောက် ခေါ်နေကြတဲ့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို မကြာခင်မှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပေးတော့မှာမို့ ဆက်ခံသူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်အပေါ်မှာ ပုဂ္ဂိုလ်ရေးသြဇာ မလွှမ်းမိုးစေချင်တာလား ဆိုတဲ့ အကြောင်း နှစ်ချက်ပဲ ခန့်မှန်းလို့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မှ တရားဝင်ရာထူးအနေနဲ့ စွန့်ခွာတော့မှာ ဖြစ်လို့ တပ်ချုပ်ရဲ့ အခန်းကဏ္ဍကို အရင်လို မြှင့်ထားချင်ပုံ မရတာကတော့ သေချာပါတယ်။

တိုင်းပြည်အနေနဲ့တော့ နှစ်စဉ် တပ်မတော်နေ့ အခမ်းအနား ကျင်းပဖို့ရာ နှစ်လခန့်ကြိုတင်ပြီး တပ်သား တစ်သောင်း တစ်သောင်းခွဲကျော် အတွက် လေ့ကျင့် ပြင်ဆင်ရတဲ့ စရိတ်ဟာ သိန်းပေါင်း ထောင်သောင်းချီ ကုန်မှာ သေချာပါတယ်။

ယခုနှစ်မှာ တပ်မတော်နေ့ အခမ်းအနားအတွက် ငွေ သိန်းထောင်သောင်းချီ သက်သာပေမယ့် အခြားတစ်ဘက်မှာ ခမ်းနားလှတဲ့ လွှတ်တော်အတွက် ကုန်ကျစရိတ်တွေ သိန်းပေါင်း သန်းနဲ့ချီ ကုန်ကျခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်ဆူနာမီဖြစ်တာနဲ့ မြန်မာပြည်မှာ ဆားဈေး ၄ဆကျော် တက်
ညောင်ဦး ကမ်းပါးပြို စမ္ပာနဂိုမှာ နွားမပေါင်ကျိုးတယ် ဆိုပြီး မဆီမဆိုင် ကိစ္စတွေကို ဥပမာပေး ပြောကြတဲ့စကား တခွန်း ရှိပါတယ်။ ဒါပေမယ့် ဂျပန်မှာ ငလျင်လှုပ်တာနဲ့ မြန်မာပြည်မှာ ဆားဈေးတက်တာ မဆိုင်ဘူး လို့တော့ မပြောပါနဲ့။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့ရွာကြီးထဲ ဒေါင့်တနေရာကနေ ပါနေတာမို့လို့ ဂျပန်ငလျင်ကြောင့် အဏုမြူ ဓါတ်ပေါင်းဖိုတွေ ပေါက်ကွဲ၊ လေထုထဲ ရေထုထဲ အဏုမြူ ဓါတ်သတ္တိတွေ ညစ်ညမ်းပြီလားလို့ တရုတ်နိုင်ငံက စိုးရိမ်တာ၊ အဏုမြူ ဓါတ်သတ္တိသင့်တာကို အိုင်အိုဒင်းဆားနဲ့ ကာကွယ်မယ်လို့ စဉ်းစားစိတ်ကူးကြလား မသိပါ။ မြန်မာနိုင်ငံက ဆားဈေးတွေ ၄ဆမှ ၆ဆလောက်ထိ တက်ကုန်တာတော့ အမှန်ပါပဲ။

ယခင် ၂၅ ကျပ်ကနေ ၄၀ ကျပ် ၀န်းကျင်ရှိတဲ့ ဆားတပိသာက အခုရက်ပိုင်း ကျပ် ၂၂၅ လောက်ထိ ရောက်ကုန်ပြီလို့ သတင်းဂျာနယ်တွေမှာ ဖေါ်ပြထားပါတယ်။ ဂျပန်ငလျင်လှုပ်တဲ့ အဖြစ်ဟာ မြန်မာနိုင်ငံ အပေါ် သက်ရောက်မှု ရှိလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ကြပေမယ့် အခုတော့ အကျိုး သက်ရောက်တာကို လက်တွေ့မြင်နေရပါပြီ။

ဂျပန်ငလျင် ဆူနာမီက မြန်မာ နာဂစ်နဲ့ နှိုင်းယှဉ်စရာ ဖြစ်လာ
ဂျပန်အရှေ့မြောက်ဒေသမှာ လှုပ်တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီရေဘေးကြောင့် ယနေ့ထိ လူပေါင်း ၈၀၀၀ ကျော် သေဆုံးတယ်လို့ ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။ ပျောက်ဆုံးနေသေးတဲ့ စာရင်းက ၁၂၀၀၀ ကျော်ရှိတယ်လို့လည်း ကြေညာပါတယ်။

ဂျပန်မှာ ဖြစ်ပွားတဲ့ ငလျင်နဲ့ ဆူနာမီရေဘေး တင်မကပဲ ထပ်ဆင့်ပြီး အဏုမြူ အန္တရာယ်က ခြိမ်းခြောက်လျက်ရှိပါသေးတယ်။ ဒီနေရာမှာ ပြောချင်တာက သဘာဝဘေးအန္တရာယ်ကို ဂျပန်အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ၊ နိုင်ငံတကာ အကူအညီကို ဘယ်လို လက်ခံယူသလဲ ဆိုတာတွေကို ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ် မုန်တိုင်းကာလနဲ့ နှိုင်းယှဉ်စရာ ဖြစ်လာပါတယ်။

ကိုယ့်အားကိုယ်ကိုးခဲ့ရတဲ့ မြန်မာပြည်သားများ


တိုင်းပြည်ကို ကာကွယ်နေတယ်ဆိုတဲ့ တပ်မတော်သားတွေက နာဂစ်မှာ ဒုက္ခရောက်နေသူ ပြည်သူတွေကို ကယ်ဆယ်တာ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ပါဘူး။ ဖြစ်ပွားတဲ့ ဒေသမှာ လုံခြုံရေး အရ နေရာယူတာမျိုး အခြားမြို့တွေမှ လာရောက် လှူဒါန်းတာတွေကို စောင့်ကြည့်ဖို့ လုံထိန်းရဲတွေကို အနှံ့အပြား ချထားတာကိုသာ နေရာ အနှံ့ တွေ့ရပါတယ်။

ဒုက္ခသည် လူထုရဲ့ အသက်အန္တရာယ် ကာကွယ်ဖို့၊ စားရေး သောက်ရေး အဆင်ပြေဖို့၊ ဘေးကင်းရာကို ခေါ်ဆောင်ဖို့လိုမျိုး ကယ်ဆယ်ရေး လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် မလုပ်ခဲ့သလို ပြည်ပက ကူညီမယ့် အလှူရှင်တွေကို ဗီဇာပေးဖို့ သီတင်းပတ် အတော်ကြာ ဆိုင်းငံ့ခဲ့ပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့တို့က ကြားဝင် တိုက်တွန်းတော့မှ ဗီဇာထုတ်ပေးခဲ့တာပါ။ နိုင်ငံတကာက အကူအညီတွေကို သူတို့လက် အပ်နှံဖို့ စစ်အစိုးရက တောင်းဆိုလေ့ရှိပြီး လက်ထဲရောက်တဲ့ အကူအညီတွေကို ကြံ့ဖွံ့အလံအောက်မှ တဆင့် သို့မဟုတ် စစ်တပ်က ကူညီသလိုမျိုး တံဆိပ်ပြောင်းကပ်ပြီး မလိမ့်တပတ်လုပ်တဲ့ အဖြစ်တွေလည်း သက်သေနဲ့ တကွရှိခဲ့တာပါ။

ဂျပန်အစိုးရကတော့ သူ့နိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ် အတွက် အဘက်ဘက်မှ ကြိုတင် ပြင်ဆင်ထားတဲ့ တိုင်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ လူအားဖြင့်၊ ပစ္စည်းအားဖြင့်၊ ကူညီပေးတာကို ၀မ်းမြောက်ဝမ်းသာ လက်ခံလျက်ရှိတာ တွေ့ရပါတယ်။ နိုင်ငံတကာမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူ၊ လူနဲ့ ပစ္စည်းအင်အားနဲ့ ၀ိုင်းဝန်းလုပ်ဆောင်ရင် အသက်ရှင် ကျန်ရစ်နိုင်သေးတဲ့ သူတွေကို ပိုပြီး ကယ်ဆယ်နိုင်မယ့်အပြင် အသက်ရှင် ကျန်ရစ်သူတွေရဲ့ နေထိုင်စားသောက်တဲ့ ဒုက္ခကိုပါ ပို သက်သာမှာဖြစ်တယ်လို့ ယုံကြည်ပြီး ဂျပန်အစိုးရအဖွဲ့က လက်ခံတာပါ။ ဖြစ်ပျက်ပြီးမကြာခင်မှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘော `ရော်နယ်ရီဂင်´ဟာ ဂျပန်ကို ဦးတည်ခုတ်မောင်းပြီး ကူညီဖို့ သွားရောက်ခဲ့ပါတယ်။

နာဂစ် တိုက်ခတ်ပြီးတုန်းကလည်း မြန်မာနိုင်ငံ အစိုးရကို ကူညီဖို့ အမေရိကန် အစိုးရက ကမ်းလှမ်းခဲ့ပြီး၊ အမေရိကန် ရေတပ်က အသင့်ပြင်ပြီး မြန်မာနိုင်ငံ ရေပိုင်နက်အနီးမှာ စောင့်ဆိုင်းနေခဲ့ပါတယ်။ သို့ပေမယ့် မြန်မာပြည် စစ်ခေါင်းဆောင်တွေက အမေရိကန် ရေတပ်က ကူညီဖို့ ၀င်လာပြီးရင် ပြန်မထွက်တော့ဘူး ဆိုတဲ့ စိုးရိမ်မှုနဲ့ လုံးဝကို အ၀င်မခံခဲ့ပါဘူး။ နိုင်ငံတကာ အကူအညီကို မယူခဲ့သလို ပြည်တွင်းက တပ်၊ လက်နက်ကိုင် တပ်ဖွဲ့၊ အရပ်ဘက် ကျွမ်းကျင်သူတွေနဲ့ ဒုက္ခရောက်သူတွေကို ကယ်ဆယ် ကူညီတာ ထိထိရောက်ရောက် မလုပ်ခဲ့လို့ လူထုကပဲ စည်းစည်းလုံးလုံးနဲ့ ထပြီး ကူညီကြတဲ့ အဖြစ်က စစ်အစိုးရကို အရှက်ရစေခဲ့တာပါ။

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတနိုင်ငံ ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စွမ်းဆောင်ရည်၊ ခေတ်မှီတဲ့ နည်းပညာအရာမှာ မဖွံ့ဖြိုးသေးတဲ့ မြန်မာနိုင်ငံကို သွားနှိုင်းယှဉ်မယ်ဆိုရင် မမျှတရာကျပေမယ့် အစိုးရတစ်ရပ်ရဲ့ လူထုအပေါ် ထားရှိတဲ့ စေတနာ၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုတွေကိုတော့ နှိုင်းယှဉ်ကြည့်ဖို့ လိုအပ်တာ အမှန်ပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts