>Maung Swan Yi – Remembering Khin Myo Chit

>

အမကြီး ဒေါ်ခင်မျိုးချစ်
မောင်စွမ်းရည်
ဇန်န၀ါရီ ၁၇၊ ၂၀၀၉

ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ၁၉၁၅ ခုနှစ်မှာ ၁ နှစ်တည်း မွေးဖွားကြသူများ ဖြစ်ပါတယ်။ ဒေါ်ခင်မျိုးချစ်နဲ့ ကျနော်ဟာ အသက် ၂၀ ကျော် ကွာလို့ အမေအရွယ် ဒေါ်ခင်မျိုးချစ်ကို ဒေါ်ဒေါ်ချစ်၊ အမေချစ် ဆိုတာမျိုး ခေါ်သင့်ပေမယ့် ကျနော်က အမကြီးပဲ ခေါ်လိုက်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ငယ်စဉ်က ရှုမ၀မဂ္ဂဇင်းမှာ ဆရာသော်တာဆွေရေးတဲ့ ဟာသ၀တ္ထုတွေမှာ ဒေါ်ခင်မျိုးချစ်ကို “အမကြီး” လို့ ခေါ်ဝေါ်သုံးစွဲလေ့ရှိလို့ ကျနော်လည်း နှုတ်ကျိုးနေခဲ့ပါတယ်။
ဘဘလတ်နဲ့ အမကြီးတို့ဟာ အလွန် သဘောသကာယ ကောင်းပြီး လူငယ်တွေကို ပြုစုပျိုးထောင် အားပေးချင်တဲ့ စိတ်ထား အလွန်ပြင်းပြပါတယ်။ ကမာရွတ်မှာရှိတဲ့ သူတို့အိမ်ဟာ စစ်ပြီးစ ခေတ်က စာရေးဆရာပေါက်စ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရှုမ၀မဂ္ဂဇင်းမှာ ပါဝင်ရေးသားတဲ့ စာရေးဆရာ လူကြီး လူငယ်အပေါင်းတို့ရဲ့ စားအိမ် သောက်အိမ် ဖြစ်ခဲ့ပါတယ်။ (တက္ကသိုလ်ဝင်း၊ တကောင်းဆောင်နောက်က အိမ်အိုဟောင်းတခု၊ ဧရိပ်သာလို့ အမည်ပေးခဲ့)။

ပထမမျိုးဆက်ဟာ ၁၉၅၀ – ၆၀ လောက်အတွင်းမှာ၊ ဒုတိယမျိုးဆက်မှာ ပါဝင်တဲ့ ကျနော်တို့က ၁၉၇၀ – ၈၀ ခုနှစ်အတွင်းမှာ စုစည်းမိကြတာ ဖြစ်ပါတယ်။ ( တက္ကသိုလ် လိုင်းပေါက်ဝင်းရှေ့က ပြည်ရိပ်သာလမ်းက အိမ်ကို ဆိုလိုတာ ဖြစ်ပါတယ်)။

လူငယ် စာပေသမားတွေကို အင်္ဂလိပ်စာ သင်တန်း ဖွင့်ပေးတာဟာ ကမ္ဘာ့စာပေသမိုင်း ပို့ချသလို အပင်ပန်းခံပြီး သင်ပြ ပို့ချခဲ့ကြတာ ဖြစ်ပါတယ်။ ဘဘလတ်ဟာ ကျောင်းဆရာကြီးဖြစ်ပြီး အမကြီးက ပီဘိစာရေးဆရာမကြီးပါပဲ။ အင်မတန် လွတ်လပ် ပွင့်လင်းပါတယ်။

မိုးမခမှာ ဦးဝင်းတင်က အမကြီး အကြောင်းကို အမှတ်တရ ရေးထားတာလေး ဖတ်ပြီးတော့ ကျနော်နဲ့ ဦးဝင်းတင် နှစ်ဦးတည်း အမကြီးဆီ အလည်သွားခဲ့ကြတာကို သတိရမိပါတယ်။ ဒီအကြောင်းကို ပြည်တွင်းမှာ ရှိနေတုန်းက ကျနော် ရေးခဲ့ဖူးပေမယ့် ထပ်ရေးပါရစေအုံး။ ဒီအကြောင်းကို လက်ဆော့ရေးပြီးတော့ အမကြီး “ဆဲ” မှာ ကြောက်တာနဲ့ နှစ်ပတ်လောက် အလည်မသွားဘဲ ရှောင်နေခဲ့တော့ ဘဘကြီးနဲ့ အမကြီးတို့ နှစ်ဦးလုံး အိမ်ကိုရောက်လာပြီး “လာခဲ့ … တုတ်ကောက်ခဲ့” ဆိုပြီး ကျနော်ကို ခေါ်ပါတယ်။

အမကြီးရယ်၊ ဦးဝင်းတင်ရယ် ကျနော်ရယ် ၃ ယောက်တည်း ဆုံတော့ အမကြီးက သူငယ်စဉ်က လူကြီးမိဘတွေ မကြိုက်တာတွေ အကုန်လုပ်ခဲ့ကြောင်း စပ်မိစပ်ရာ ပြောပါတယ်။ နိဂုံးချုပ်တော့ “ဒို့များ တသက်လုံး အမှားတွေ လုပ်ခဲ့တယ်။ အမှန်လုပ်ခဲ့တာ တခုပဲရှိတယ် ဆိုရင်တော့ ငါ့အနေနဲ့ ကိုလတ်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခြင်းပါပဲ” တဲ့။

ဒီလိုပြောဆဲမှာ ဘဘလတ်အပြင်က ပြန်လာပြီး “ဘာတွေ ပြောနေကြတုန်းဟေ့ …” လို့ ပြောပြောဆိုဆို ၀င်လာပါတယ်။ ကျနော်က “ အမကြီးဟာ တသက်လုံး အမှားတွေ လုပ်ခဲ့သတဲ့။ သူ့ဘ၀မှာ မှန်တာ တခု လုပ်ခဲ့တာ ရှိတယ် ဆိုရင်ဖြင့် အဲဒါဟာ ဘဘလတ်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့ခြင်းပါပဲ လို့ ပြောနေပါတယ်။ ဘဘလတ်အနေနဲ့ ဆိုရင် တသက်လုံး မှန်တာတွေချည်း လုပ်ခဲ့ပြီး အမှားတခု လုပ်ခဲ့တာ ရှိတယ်ဆိုရင် … အဲဒါဟာ …” လို့ ကျနော်က ဖြည့်ပြီး ပြောလိုက်ပါတယ်။ ဒီမှာတင် အမကြီးက ယုဒဿန်အဘိဓာန်ထဲက စကားလုံးတလုံးနဲ့ ကျနော့်ကို “ဆဲ” နေကျအတိုင်းအတိုင်း “ဟဲ့ … ပြင်တလင်းသား” လို့ ခေါ်ပြီး ကျောကို ဗျောတီးတော့တာပါပဲ။ အဲဒါကို ကျနော်က ဆရာသော်တာဆွေ အားကျပြီး မဂ္ဂဇင်းတစောင်မှာ ရေးခဲ့တာပါ။ (ဒါက အမကြီးရဲ့ အမူအရာကို စာဖြည့် အဖြစ် ရေးလိုက်တာပါပဲ။)

အမကြီးက ဟာသသမားဖြစ်ပါတယ်။ မြန်မာမှု မြန်မာ့ဓလေ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရယ်ရယ်မောမော နေတတ်တယ်။ အညာက ရှေးဟောင်းနှောင်းဖြစ် အပြောကောင်းသူတွေ လာရင် အမကြီးဆီ ခေါ်သွားပြီး လက်ဖက်ရည်အဖန်ဝိုင်း ဖွဲ့ကြပါတယ်။ နွားထိုးကြီးက ဆိတ် ငါး ကောင် ဦးခင်မောင် ဆိုတာရယ်၊ ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်) ရယ်၊ မုံရွာဦးလေးခန့် ရယ် ကျနော်ခေါ်သွားခဲ့ဖူးတာတွေ သတိရပါတယ်။ သူတို့ဟာ မြန်မာမှု မြန်မာစာ အရွတ်အဖတ် ကောင်းတဲ့အပြင် ရွှေဘိုဖက်က လှတောသားစကား၊ စကားတောင်စား စကားတွေတို့လို ဟာတွေကို လေယူလေသိမ်းနဲ့တကွ ပြောဆိုတတ်သူတွေပါ။ ကွက်စိတ်ဆရာတွေလိုပါပဲ။

အမကြီးက လွတ်လပ်ရေး မော်ကွန်းဝင် တဦးပါ။ ဒါပေမယ့် သူငယ်စဉ်က ဘာလုပ်ခဲ့တယ်ဆိုတာတွေကို ကြွားကြွားဝါ၀ါ ပြောလေ့မရှိပါဘူး။ မြင်းခြံကျေးလက်က ကျနော့်ဦးလေး ဘီအိုင်အေ၊ ဘီဒီအေ၊ ပြည်သူ့ရဲဘော်ဟောင်းတွေဟာ ရန်ကုန်လွတ်လပ်ရေးပွဲကို မော်ကွန်းဝင်တွေအဖြစ် တက်ရောက်ဖို့ လာကြတော့ သူတို့ကို လိုက်ပို့ရင်းက ဂျပန်ခေတ်စစ်ရုံးချုပ်မှာ အမကြီး အလုပ်လုပ်ခဲ့စဉ်က အကြောင်းတွေကို စကားစပ်မိခဲ့ဖူးပါတယ်။ ဒါကြောင့် ဆက်စပ်မေးမြန်းပြီး ပြောဖြစ်ခဲ့တာပါ။ ဒီလို မစပ်မိရင် ဘာမှ ပြောမှာ မဟုတ်ပါဘူး။

ဂျပန်ခေတ် စစ်ရုံးချုပ်ဟာ ခုအခါက ကမာရွတ် အထက ၁ ခေါ် မရမ်းခြံကျောင်းနေရာမှာ တည်ရှိခဲ့ပါတယ်။ ဖက်ဆစ်တော်လှန်ရေးလုပ်ဖို့ စစ်ထွက်ကြတော့ မရမ်းခြံကနေ တော်လှန်ရေးပန်းခြံနေရာကို ချီတက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းက “နီးရာ ရန်သူကို ရှာတိုက်ကြ၊ အရာရှိ တပ်သား မခွဲခြားဘဲ တိုက်ပွဲဝင်ကြ …” လို့ မိန့်ခွန်းပြောခဲ့တဲ့အကြောင်း လူတိုင်းကြားဖူးကြပါတယ်။

အဲဒီ မရမ်းခြံ စစ်ရုံးချုပ်မှာ စစ်သားတွေ ၀တ်ဖို့ ချုပ်ထားတဲ့ စစ်ယူနီဖောင်းဖို့ယို့ဖားယားကြီး ကို ၀တ်ပြီး ဒေါ်ခင်မျိုးချစ်ဟာ ရုံးချုပ်မှာ “ချာပရာစီ” ခေါ် ၀င်စာထွက်စာ ဖိုင်တွဲရတဲ့ စာရေးအလုပ်မျိုးကို ဟန်ဆောင်လုပ်ရင်း လျှို့ဝှက်တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။

အဲဒီတုန်းက ရန်ကုန် ရွှေတောင်ကြားထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း စတဲ့ ခေါင်းဆောင်တွေ နေကြတယ်။ ဒေါ်ခင်မျိုးချစ်က လူလစ်ရင် ရုံးနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ မီးဖိုချောင်လို အဆောက်အဦးတခု အတွင်းကို သွားပြီး ရေဒီယိုကလာတဲ့ ကမ္ဘာ့သတင်း၊ အထူးသဖြင့် စစ်သတင်းတွေကို လက်နှိပ်စက်နဲ့ လိုက်ကူးပြီး သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း စတဲ့ ခေါင်းဆောင်တွေဆီကို လက်ဆွဲခြင်းထဲမှာ စာတွေ ဖုံးဝှက် ယူသွားပြီး ပို့ရပါတယ်။ ဂျပန်က ရေဒီယို နားထောင်ရင် သေဒဏ် အမိန့်ကြေညာထားတဲ့အတွက် ဒီကိစ္စကို သိသွားရင် အသက်ပေးရမှာပါ။ ရုံးချုပ်မှာ စစ်တပ်အရာရှိတွေ ရှိပေမယ့် ဘယ်သူမှ မသိရပါဘူး။ ဓမ္မိကဘသန်းတို့လို အလွန်ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေက ရိပ်မိဟန် ရှိပေမဲ့ မသိဟန်ဆောင်နေခဲ့ကြပါတယ်တဲ့။ ရုံးချုပ်မှာက ဒေါ်ခင်မျိုးချစ်က တဦးတည်းသော အမျိုးသမီး စစ်မှုထမ်းပါ။ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ကုလားစကားနဲ့ ဂျပန်စကားတွေ ၀ိုင်းဝန်း သင်ပေးကြရာမှာ မဟုတ်က ဟုတ်က တလွဲတွေ သင်ပေးကြလို့ လူရယ်ခံရသတဲ့။

ဗိုလ်နေ၀င်းဟာ လူကြီးတဦးဖြစ်ပေမယ့် နိုင်ငံရေးကိစ္စတွေမှာတော့ သိပ်အားမကိုးရလို့ ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို သူနဲ့တန်တဲ့ စစ်ပစ္စည်းတွေ ထားရှိရာ ဆပ္ပလိုင်းရုံးမှာပဲ ခပ်လှမ်းလှမ်းပို့ပြီး အုပ်ချုပ်ခိုင်းထားသတဲ့။ ကိစ္စရှိတဲ့အခါ ရုံးကို လာရတယ်။

တနေ့တော့ ဗိုလ်နေ၀င်း ရုံးချုပ် လာတယ်။ သူတို့ ဆပ္ပလိုင်းရုံးက စာတွေ ရုံးချုပ်မှာ ရောက်နေလို့ ဒေါ်ခင်မျိုးချစ်က ကြုံတုန်း ပေးလိုက်ချင်တယ်။ ဒါကြောင့် “ဗိုလ်နေ၀င်းတို့ ‘ဒေါရဘော ဘိုထိုင်း’ ကစာတွေ ရောက်နေတယ်။ ကျမ ပေးလိုက်ချင်တယ် …” လို့ ဗိုလ်နေ၀င်းကို လှမ်းပြောသတဲ့။

ဗိုလ်နေ၀င်းကလည်း ဒေါ်ခင်မျိုးချစ်နဲ့ ရင်းနှီးနေတော့ နာမည်ရင်း “မခင်မြ”လို့ပဲ ခေါ်တယ်။ “ဟဲ့ မခင်မြ … ခုန ဘာပြောလိုက်တာလဲ။ ပြန်ပြောစမ်း …” လို့ ဆိုသတဲ့။

“ဒေါရဘော ဘိုထိုင်းအတွက် စာတွေ ၀င်နေတာ ရှိတယ် …” လို့ ပြန်ပြောလိုက်တော့၊ ဗိုလ်နေ၀င်းက “ဒေါရဘော ဘိုထိုင်း” ဆိုတာ အဓိပ္ပာယ် သိရဲ့လားလို့ ပြန်မေးသတဲ့။ “ဂျပန်လို ဆပ္ပလိုင်းရုံးလို့ ခေါ်တာမဟုတ်လား၊ သူများတွေ အဲသလို ခေါ်ကြတာကြားလို့ မှတ်ထားတာ” လို့ ပြန်ဖြေတယ်။

ဗိုလ်နေ၀င်းက ဒေါ်ခင်မျိုးချစ်ရဲ့ အနီးကို လာပြီး ခေါင်းပုတ်ရင်း “ဟဲ့ အဲဒါ ဂျပန်လို သူခိုးဌာန လို့ ခေါ်တာဟဲ့။ ဟုတ်ပါတယ်လေ၊ ငါတို့ဌာနကလည်း သူခိုးချည်းပါပဲ …” လို့ ရယ်ရယ်မောမော ပြောရင်း သူ့တို့ဌာနက စာတွေ ယူပြီး ပြန်သွားပါရောတဲ့။

ဒီအကြောင်းတွေကို မရမ်းခြံကျောင်းနှစ်ပတ်လည်မဂ္ဂဇင်းအတွက် ထည့်ဖို့ ဆရာမ ၂ ဦးက အမကြီးကို လာရောက်တွေ့ဆုံ မေးမြန်းပါတယ်။ ကျနော်ပြောပြလို့ လာတွေ့တာပါ။ မဂ္ဂဇင်းထွက်တော့ ပါမလာဘူး။ ဘယ်အဆင့်က ဘယ်သူက ပယ်လိုက်မှန်း မသိလိုက်ရပါဘူး။

လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်)မှာ ဘဘလတ်နဲ့ အမကြီးတို့ နှစ်ဦးစလုံး လုပ်ကြတယ်။ ဗိုလ်နေ၀င်းက မကြိုက်တော့ “ကိုလတ်တို့ ပင်ပန်းကြပြီ၊ သံအမတ်အဖြစ်နဲ့ ဘယ်နိုင်ငံသွားချင်သလဲ” လို့ ခေါ်ပြောသတဲ့။ ဘဘလတ်က “ဗိုလ်ချုပ် ဘာဆိုလိုတယ် ဆိုတာ သိပါပြီ။ ကျနော်တို့ကို မလိုလားတော့ဘူး မဟုတ်လား။ သံအမတ်လုပ်ဖို့ ၀ါသနာမပါဘူး။ ကျောင်းဆရာပဲ ကိုယ့်ဘာသာ ပြန်လုပ်ပါ့မယ်” လို့ ဖြေတယ်။ “မခင်မြ စိတ်မကောင်းမှာ စိုးလို့” လို့ ဗိုလ်နေ၀င်းက ဆက်ပြောတော့ “စကတည်းက လုပ်ချင်တာ မဟုတ်ဘူး။ ခုလို အလုပ်ပြုတ်တဲ့ သတင်းကြားရင် မခင်မြက ထ က မှာ” လို့ ပြောပြီး နှုတ်ဆက်ပြန်ခဲ့တော့ ဗိုလ်နေ၀င်းဟာ ပါးစပ်ဟောင်းလောင်းနဲ့ ကျန်ရစ်ပါလေရောတဲ့။

သံအမတ်ရာထူးကို သူတို့ စစ်အရာရှိတွေနဲ့ သာမန်လူတွေကသာ မက်ကြတာကိုး။ ဘဘလတ်က စာရေးဆရာသတ္တိကို ပြလိုက်ခဲ့တာပါပဲ။ (ဆရာ တက်တိုးကိုလည်း သံအမတ် ရာထူးပေးပြီး ဖယ်ရှားခဲ့ပါတယ်။ ဆရာတက်တိုးကလည်း ငြင်းခဲ့ပါတယ်။ ဘဘလတ်လည်း သတင်းစာတိုက်ကို ပြန်သွားပြီး သူနဲ့ အထူးရင်းနှီးတဲ့ ကြေးမုံဦးသောင်း (အောင်ဗလ)နဲ့ ဦးဝင်းတင်တို့ကို လှမ်းခေါ်ပြီး လက်ဖက်ရည်ဆိုင်မှာ ရှယ်လက်ဖက်ရည် မှာတိုက်ရင်း အလုပ်ပြုတ်အောင်ပွဲကြီး ကျင်းပလိုက်ခဲ့ပါသတဲ့။

အိမ်ရောက်တော့ အမကြီးကို “ဒို့ ၂ ယောက်လုံး အလုပ်ပြုတ်ခဲ့ပြီ။ ဗိုလ်နေ၀င်း ကိုယ်တိုင် ဖြုတ်လိုက်တာ” လို့ ပြန်ပြောတော့ အမကြီး တကယ် ထ က သလား၊ မက သလားတော့ မသိရပါ။ ဒါပေမယ့် သတင်းစာသမိုင်းမှာဖြင့် ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာတက်တိုးနဲ့ အမကြီး ဒေါ်ခင်မျိုးချစ်တို့ရဲ့ “စာရေးဆရာ မာန်” ဟာဖြင့် ဂုဏ်ရောင်ပြောင် ကျန်ခဲ့ပါပြီ။ ကျနော်ကလည်း ရောက်ရာ အရပ်မှာ ဒီအကြောင်းတွေကို အရသာခံပြီး ဖြန့်ချိလျက်ပါပဲ။ ပြည်တွင်းမှာတော့ ဒီအကြောင်းတွေကို ရေးလို့ ပြောလို့ မရဘူးလေ။

စာရေးဆရာ သတင်းစာဆရာကြီး ကွယ်လွန်သွားကြတော့ ပြည်သူတွေက တလေးတစား လှလှပပ ပို့ဆောင် သဂြိုဟ်ခဲ့ကြပါတယ်။ နှစ်လည်အခမ်းအနားတွေလည်း ကျင်းပကြပါတယ်။ စာရေးဆရာကြီးတွေ ကွယ်လွန်ပေမယ့် သူတို့ဂုဏ်သတင်းက ထာဝရ ရှင်သန် ထွန်းပြောင်နေလျက်ပါပဲ။ ဗိုလ်နေ၀င်း ကွယ်လွန်တော့ ဘယ်သူတွေက လိုက်လံ ပို့ဆောင်ပြီး ဘယ်လို သင်္ဂြိုဟ်ခဲ့ကြပါလိမ့်။ သူ့နှစ်လည်ကို ဘယ်သူတွေက ဘယ်လို ကျင်းပကြတယ် မသိ။ ကျနော်သိတဲ့ ဂျပန်ခေတ်က “ဒေါရဘော ဘိုထိုင်း” ဗိုလ်မှူးကြီးအကြောင်းကတော့ဖြင့် အမကြီးအတွက် ရေးတဲ့ ဆောင်းပါးထဲမှာ အဆစ်ပါသွားလေရဲ့။ ။


မောင်စွမ်းရည် ( ဇန်န၀ါရီ ၉၊ ၂၀၀၉)

(ဓာတ်ပုံ – ၁၉၇၀ ၀န်းကျင်၊ ဒေါ်ခင်မျိုးချစ်နဲ့ သူ့မြေး အမွှာ ၂ ယောက်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts