>Biography of Mann Win Maung, President of Burma in 1957 (Part – 5)

>

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ – အပိုင်း ၅
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၁၇၊ ၂၀၀၉
ထိုင်းဘုရင်ကြီး ဘူမိဘောနှင့်အတူ ရွှေတိဂုံစေတီတွင် တွေ့ရသော သမ္မတမန်းဝင်းမောင်

အကောက်ခွန်ဌာနမှာ ကာကွယ်ရေး အရာရှိရာထူး လစ်လပ်တော့ ပါပါ လျှောက်ပါတယ်။ သုံးလေးနေရာ လစ်လပ်ပါတယ်။ ကာကွယ်ရေး အရာရှိရာထူးဟာ ရာဖြတ်အရာရှိထက် လစာနည်းပါတယ်။ အဲဒီအချိန်မှာ လက်ထောက်မင်းကြီး (ကာကွယ်ရေးဆိုင်ရာ)ဟာ အင်္ဂလိပ်လူမျိုးဖြစ်ပြီး ရဲဝန်ထမ်းအဖွဲ့ (ပထမတန်း)မှ ဖြစ်ပါတယ်။ လက်ထောက်မင်းကြီး (ကာကွယ်ရေးဆိုင်ရာ)ဟာ ပါပါ့ကို ခေါ်တော့ စစ်ဆေး မေးမြန်းပါတယ်။ အင်္ဂလိပ်လူမျိုး ဖြစ်တဲ့ အကောက်ခွန်မင်းကြီးဟာ ကာကွယ်ရေးအရာရှိ ခန့်တဲ့နေရာမှာ လက်ထောက်မင်းကြီး (ကာကွယ်ရေးဆိုင်ရာ)ကို အာဏာ ပေးအပ်ထားပါတယ်။ လက်ထောက်မင်းကြီး (ကာကွယ်ရေးဆိုင်ရာ) နှင့် ပါပါ တွေ့ဆုံ အစစ်ခံပြီး တပတ်အကြာမှာ ပါပါ့ကို ခန့်အပ်ကြောင်း စာလာပါတယ်။

ကာကွယ်ရေးအရာရှိ ရာထူးကို ပါပါ လက်ခံပြီး ၀င်လုပ်ပါတယ်။ ပါပါ ၀င်လုပ်တဲ့ ရည်ရွယ်ချက်ဟာ ကာကွယ်ရေးအရာရှိ အလုပ်မှ ရာဖြတ်အလုပ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် ဖြစ်ပါတယ်။ အဲဒီလို ပြောင်းရွှေ့ ခန့်ထားခြင်းခံရပြီး လုပ်ကိုင်တဲ့လူတွေလည်း ရှိပါတယ်။ ကာကွယ်ရေး အရာရှိအဖြစ် ပထမ ပါပါ အလုပ်သင်ရပါတယ်။ ပါပါ ပထမဆုံး သင်ရသော အလုပ်ဟာ ပင်လယ်ကူးသင်္ဘောပေါ် တက်ရောက် စစ်ဆေးရသောအလုပ် ဖြစ်ပါတယ်။ ကာကွယ်ရေးအရာရှိ လုပ်သူမှာ ၀င်လာသော ပင်လယ်ကူးသင်္ဘောပေါ် တက်ရောက်ပြီး လှေကားထိပ်နားမှာ လက်နက်များခွင့်မပြု ဆိုင်းဘုတ်ကို ချိတ်ဆွဲထားရပါတယ်။ ၎င်းနောက် မာလိန်မှူးနှင့်အတူ သင်္ဘောစတိုခန်းသို့ သွားရပါတယ်။ တက်ရောက် စစ်ဆေးသော သင်္ဘောမှာ သင်္ဘောသားအားလုံး မည်မျှရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှာ ဘယ်နှစ်ရက် ကြာမည် ဖြစ်ကြောင်း၊ မာလိန်မှူးအား မေးမြန်းပြီး သင်္ဘောစတိုးခန်းထဲမှာ ရှိသော စားသောက်ဖွယ်ရာယိုဘူးများ၊ စီးကရက်၊ အရက် စသည်တို့ကို တွက်ချက်ပြီး ထုတ်ပေးရပါတယ်။ ၎င်းနောက် စတိုးခန်းကို ချိတ်ပိတ်ထားရပါတယ်။ အကယ်၍ သင်္ဘောသည် မူလ သတ်မှတ်ထားသောရက်များထက် ပိုနေလျှင် ပိုနေသောရက်များအတွက် တွက်ချက်ပြီး စတိုခန်းမှ စားစရာ သောက်စရာများကို ထပ်မံ ထုတ်ပေးရပါတယ်။ ၎င်းနောက် စတိုခန်းကို ထပ်မံ ချိတ်ပိတ်ရပါတယ်။ နေ့လယ်စာစားရန် အချိန်ရောက်သောအခါ မာလိန်မှူးနှင့်အတူ စားရပါတယ်။ မာလိန်မှူးက စားကောင်း သောက်ဖွယ်များနှင့် တည်ခင်း ဧည့်ခံသည့်အပြင် ပြန်တော့လည်း အလိပ်ငါးဆယ်ဝင် စီးကရက်ဘူးများလည်း လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ကာကွယ်ရေးအရာရှိ၏ တာဝန်ဝတ္တရားများမှာ သင်္ဘောပေါ် တက်ရောက် စစ်ဆေးရသော တာဝန်အပြင် ရေထဲ ပတ်တရောင်လှည့်ရသော တာဝန်နှင့် ဆိပ်ကမ်းဂိုဒေါင်မှာ လုပ်ရသော တာဝန်များလည်း ရှိပါတယ်။

ကာကွယ်ရေးအရာရှိအဖြစ် တလကြာမျှ တာဝန်ထမ်းဆောင်ပြီး နောက်၊ ပါပါသည် အကောက်ခွန်မင်းကြီးနှင့် ၀င်ရောက် တွေ့ဆုံပြီး ကာကွယ်ရေးအရာရှိအလုပ်မှ ရာဖြတ်အလုပ်သို့ ပြောင်းရွှေ့ လုပ်ပိုင်ခွင့် ရှိမရှိ အကောက်ခွန်မင်းကြီးအား မေးမြန်းပါတယ်။ ပါပါသည် အကောက်ခွန်မင်းကြီးအောက်မှာ အရာရှိကလေးပင် ဖြစ်သော်လည်း ပါပါကို ယဉ်ကျေးစွာဖြင့် လက်ခံတွေ့ဆုံ စကားပြေပါတယ်။ အလုပ်ကို ပြောင်းရွှေ့ လုပ်ကိုင်နိုင်သော်လည်း မည်မျှကြာမျှ လုပ်ကိုင်နိုင်မည်ကို သူ အတိအကျ မပြောနိုင်ကြောင်း မရုတ်မလွန် ပါပါ့ကို ပြန်ပြောပါတယ်။
ပါပါသည် အကောက်ခွန်မင်းကြီးနှင့် တွေ့ဆုံပြီး မကြာမီ ကာကွယ်ရေးအရာရှိ ရာထူးမှ နှုတ်ထွက်လိုက်ပါတယ်။ ၎င်းနောက် ဘဏ္ဍာရေးမင်းကြီးရုံးသို့ ပြန်လည်၍ စာရေးအလုပ်ကို လုပ်ပါတယ်။ ဘဏ္ဍာရေးမင်းကြီးရုံးမှာ ပါပါနှင့်အတူ အလုပ်လုပ်ပြီးနောက်ပိုင်း ရာထူးကောင်းကောင်း ရရှိသူများလည်း ရှိပါတယ်။ ၎င်းတို့မှာ ဦးလှအောင် (နိုင်ငံခြားရေးဝန်ထမ်းအငြိမ်းစား)၊ ဦးဘချစ် (နိုင်ငံခြားရေးရုံး ဌာနခွဲမှူး၊ အငြိမ်းစား)၊ ဦးထွန်းသိန်း (စက်မှုလက်မှုဌာန ညွှန်ကြားရေးဝန် အငြိမ်းစား)တို့ ဖြစ်ကြပါတယ်။ ဦးလှအောင်နှင့် ဦးထွန်းသိန်းဟာ ညီအစ်ကိုဖြစ်ပါတယ်။

ပါပါ ဘဏ္ဍာရေးမင်းကြီးရုံးမှာ အလုပ်ပြန်လုပ်ပြီး များမကြာမီ ဒုတိယကမ္ဘာစစ်ကြီး စတင် ဖြစ်လာပါတယ်။ စစ်ကြီး ဖြစ်လာတဲ့အတွက် မေမြို့မှာ စစ်ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်ပါတယ်။ စစ်ဗိုလ်လောင်း သင်တန်းကျောင်း မတက်မီ ပထမဆင့်အနေဖြင့် စစ်သားရိုးရိုး အဖြစ် သုံးလကြာမျှ စစ်သားသင်တန်း တက်ရပါတယ်။ စစ်သားသင်တန်း အောင်မြင်မှသာ စစ်ဗိုလ်လောင်းသင်တန်း တက်ရပါတယ်။ တတိယ အကြိမ်မြောက် စစ်ဗိုလ်လောင်းသင်တန်း တက်ရောက်ရန် ပါပါလျှောက်ထားရာ ၀င်ခွင့်ရရှိပါတယ်။ စစ်သား ရိုးရိုးသင်တန်း ပထမအဆင့်အနေဖြင့် သင်ကြားရန် ပါပါ မေမြို့သို့ ထွက်ခွာသွားပါတယ်။

မေမြို့သို့ ပါပါ ၁၉၄၁ ခု၊ အောက်တိုဘာလကုန်မှာ ရောက်ရှိပါတယ်။ မေမြို့သို့ ပါပါ ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်ပါတယ်။ ပထမအကြိမ် ရောက်ရှိစဉ်က ကောလိပ်ကျောင်းသား ဘ၀က ဖြစ်ပါတယ်။ ၁၉၃၄ ခု နွေရာသီ ကျောင်းပိတ်ရက်မှာ ယူတီစီ (UTC) ခေါ်တဲ့ တက္ကသိုလ်စစ်တပ်ရင်းဟာ မေမြို့တက်ပြီး စခန်းချကာ လေ့ကျင့်ရေးများ ပြုလုပ်မည်ဖြစ်၍ ပါပါဟာ အဖွဲ့ဝင်စစ်သားတယောက်အနေဖြင့် လိုက်ပါသွားခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ကောလိပ်ကျောင်းစစ်သားတွေဟာ တပျော်တပါးကြီး အထူးမီးရထားဖြင့် ရန်ကုန်မှ နံနက်အချိန် စထွက်ပြီး နောက်တနေ့ နံနက်အချိန်မှာ မန္တလေးမြို့သို့ ရောက်ရှိသွားပါတယ်။ ပါပါ့အနေနဲ့ မန္တလေးသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်ပါတယ်။ မေမြို့သို့ နေ့လယ်မှ မီးရထားဆက်ထွက်မှာ ဖြစ်တဲ့အတွက် မန္တလေးမြို့ထဲသို့ အဖော်များနှင့်အတူ လျှောက်လည်ကြပါတယ်။ နန်းတော်ထဲ သွားကြပါတယ်။ အဲဒီတုန်းက နန်းတော်ဟာ ဟောင်းသည်မှတပါး ပျက်စီးခြင်း သိပ်မရှိသေးပါ။ တိုင်တလုံးတလုံးမှာ လူတဖက်မက ကြီးပါတယ်။ မျှော်စင်လည်း ရှိပါသေးတယ်။ လူတက်လို့ မရတော့ကြောင်း သိရပါတယ်။

၁၉၄၁ ခု၊ နိုဝင်ဘာလ (၁)ရက်နေ့မှာ ပါပါ စစ်သားသင်တန်း တက်ရပါတယ်။ ပထမနေ့မှာ စစ်ဝတ်စစ်စား ယူနီဖောင်း ထုတ်ပေးတာနဲ့ အချိန်ကုန်သွားပါတယ်။ စစ်သင်တန်းဟာ သုံးလ ကြာပါတယ်။ သုံးလအတွင်း တန်းစီလမ်းလျှောက်၊ ဘယ်လှည့်၊ ညာလှည့်၊ လေ့ကျင့်ရေး အငယ်စားလက်နက်များ ကိုင်တွယ်ရေး (အဲဒီတုံးက ဒသမ ၃၀၃ ရိုင်ဖယ်နှင့် ဘရင်းခေါ်တဲ့ စက်သေနတ် အငယ်စားပဲ သင်ရပါတယ်) လှံစွပ်ထိုးနည်း၊ စစ်ချီတက်နည်း၊ အခက်အခဲ ကျော်လွှားသွားနည်း အစရှိသည်တို့ ဖြစ်ပါတယ်။ လှံစွပ်ထိုး နှင့် အခက်အခဲကျော်လွှား လေ့ကျင့်ရတဲ့အခါ အလွန်မှ ပင်ပန်းပါတယ်။ ထမင်းစား ပျက်ပါတယ်။ စစ်သားသင်တန်း ပြီးဆုံးခါနီးမှာ ပစ်ကွင်းရှိရာသို့ သွားပြီး ရိုင်ဖယ်သေနတ် လေ့ကျင့်ရပါတယ်။

စစ်သားသင်တန်း တက်နေစဉ် ခရစ်စမတ်ပွဲတော်အတွက် ကျောင်းတပတ် ပိတ်ပါတယ်။ ကျောင်းတပတ်ပိတ်စဉ်အတွင်း ပါပါ ရန်ကုန်သို့ ဆင်းသွားပါတယ်။ ပါပါ ရန်ကုန်သို့ ရောက်တဲ့နေ့ဟာ ဂျပန်တို့ ဗုံးလာချပြီး နောက်တနေ့ ဖြစ်တယ်။ မြို့ဟာ ကျီးလန့်စာစား ဖြစ်ပြီး၊ လူတွေဟာ ခြေဦးတည့်ရာသွား နေကြပါတယ်။ ပါပါရောက်တဲ့အချိန်ဟာ နံနက်ပိုင်းဖြစ်ပြီး မီးရထားတွေ တိုးချောင်ကလေး၊ သင်္ကန်းကျွန်း ရောက်တော့ လူတွေဟာ အထုပ်ကြီး အထုပ်ငယ်နဲ့ မီးရထားလမ်းအတိုင်း၊ ကားလမ်းအတိုင်း အထက်သို့ သွားနေတာကို တွေ့ရပါတယ်။ မြို့ထဲရောက်တော့ ဗုံးဒဏ်ကြောင့် သေတဲ့ လူတွေရဲ့ အလောင်းများ ဖယ်ရှားရှင်းလင်းပစ်တာ တွေ့ရပါတယ်။ ပါပါလည်း အဲဒီနေ့မှာပဲ မန္တလေးသို့ မွန်းလွဲ ၂း၃၀ အချိန်မှာ ပြန်ထွက်တဲ့ မီးရထားနဲ့ မန္တလေးမြို့သို့ ပြန်တက်လာပါတယ်။ စစ်ဝတ်စစ်စားနဲ့ ဖြစ်လို့ သွားလာရေး လွယ်ကူတယ်။

ပါပါစစ်သားသင်တန်း တက်ရောက်နေစဉ် ဦးညွန့်လွင် (ဒုဗိုလ်မှူးကြီးဟောင်း)၊ ဦးပက်ထရစ်ဖိုးလှ (ဗိုလ်မှူးဟောင်း၊ ဩစတြေးလျပြည်ရောက်) ဦးစံသိန်း (လျော်ကြေးပေးအရာရှိချုပ်၊ လယ်ယာမြေ ပြည်သူပိုင်လုပ်ရေးဌာန၊ အငြိမ်းစား)၊ ဦးအေးငွေ (ဗိုလ်မှူးဟောင်းအိုးဘို၊ ကြည့်မြင်တိုင် ) တို့နှင့် အပေါင်းအသင်း ဖြစ်ပါတယ်။ ဦးညွန့်လွင်ရဲ့ ယောက်ဖ ဦးအေးဖေဟာ အဲဒီအချိန်မှာ မန္တလေး မီးရထားဌာန ပို့ဆောင်ရေးဝန်ထောက် ဖြစ်ပါတယ်။ ပါပါတို့ စစ်သားသင်တန်းကျောင်းဟာ စနေနေ့တိုင်း နေ့လယ် (၁၂) နာရီမှာ ပိတ်ပြီး တနင်္လာနေ့၊ နံနက် (၆) နာရီအချိန်မှာ ပြန်ဖွင့်ပါတယ်။ စနေ၊ တနင်္ဂနွေ လျှောက်လည်ချင်ရင် သက်ဆိုင်ရာကို ပြောသွားရပါတယ်။ ပါပါတို့ အပေါင်းအသင်းဟာ စနေနေ့ မွန်းလွဲတိုင်းလိုလို ဦးညွန့်လွင့်ကို အကြောင်းပြုပြီး မန္တလေး ညအိပ် ညနေ သွားကြပါတယ်။ ဦးအေးဖေအိမ်မှာပဲ တည်းခိုစားသောက်ကြပါတယ်။ ဦးအေးဖေ အလွန်မှ စိတ်ကောင်းရှိပြီး ဖော်ရွေပါတယ်။ ပါပါတို့ကို အမြဲတမ်း စားကောင်းသောက်ဖွယ်များ နှင့် ဧည့်ခံ ကျွေးမွေးပါတယ်။ နောက်ပိုင်း ပါပါ ပို့ဆောင်ဆက်သွယ်ရေးဌာန ၀န်ကြီး ဖြစ်လာတော့ ပါပါနဲ့ ဦးအေးဖေ ပြန်လည် ဆုံဆည်း ကြပါတယ်။ ပါပါ သမ္မတဖြစ်ပြီး မြင်းပေါ်မှ လိမ့်ကျတော့ ဦးအေးဖေ လာကြည့် ပါတယ်။ ပါပါ အချုပ်ခံရပြီး ပြန်လွတ်လာတော့လည်း မေမြို့မှာ နေထိုင်စဉ် ဦးအေးဖေဟာ မေမြို့လာတိုင်း ပါပါဆီ အလည်လာပါတယ်။

ပါပါစစ်သားသင်တန်း ပြီးဆုံးပြီး အောင်မြင်သဖြင့် စစ်ဗိုလ်လောင်းသင်တန်း တက်ခွင့်ရပါတယ်။ စစ်ဗိုလ်လောင်းသင်တန်း မတက်ရောက်မီ ကျောင်း ဆယ့်ငါးရက် ပိတ်ထားပါသဖြင့် ရန်ကုန်သို့ ပါပါသွားပါတယ်။ ရန်ကုန်မှာရှိတဲ့ရုံးတွေဟာ အထက်ဗမာပြည်သို့ ပြောင်းရွှေ့ဖို့ အစီအစဉ် လုပ်နေကြပါတယ်။ ပါပါ စစ်ထဲဝင်သော်လည်း လစာကတော့ ဘဏ္ဍာရေး မင်းကြီးရုံးက ထုတ်ပေးပါတယ်။ ဘဏ္ဍာရေးမင်းကြီးရုံးမှာ ပါပါ ရသင့်တဲ့ လစာငွေတွေ ထုတ်ယူပြီး ပုသိမ်ရှိ ပါပါ ကျောင်းအုပ်ဟောင်း ဦးရွှေတောဆီ အလည်သွားပါတယ်။ ကျောင်းအုပ်ကြီး ဦးရွှေတောဆီရောက်တော့ သူတို့လည်း ပုသိမ်မှ ပြောင်းရွှေ့ဖို့ ထုပ်ပိုး ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ထားဝယ်ကျပြီး၊ မော်လမြိုင်ကျပြီး ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပါပါလည်း ပုသိမ်မှာ နှစ်ရက်နေပြီး ရန်ကုန် ပြန်လာတယ်။ ရန်ကုန်အပြန် ရေကြည်မြို့မှာ တထောက်နားပြီး တရက်နေပါတယ်။ ရေကြည်မြို့ဟာ ပုသိမ်၊ ဟင်္သာတ မီးရထားလမ်းပေါ် တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ရေကြည်မြို့မှာ ပါပါ သိကျွမ်းတဲ့ ဌာနအုပ် (စခန်းမှူး) ဦးမိုင်ကယ်မောင်ထင်ထံ ၀င်လည်ခြင်း ဖြစ်ပါတယ်။ (ဂျပန်ခေတ်မှာ ပါပါဟာ ကျနော် တို့အမေ ဦးမိုင်ကယ် မောင်တင် ညီမနဲ့ အိမ်ထောင် ကျပါတယ်။)

မေမြို့သို့ စစ်ဗိုလ်လောင်းသင်တန်းကျောင်း မဖွင့်မီ တရက်အလိုမှာ ပါပါ ပြန်ရောက်ပါတယ်။ ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်တော့ သင်တန်းတက်ခွင့်ရတဲ့ လူတချို့ ပြန်လာသည်ကို မတွေ့ရပါ။ အဲဒီအချိန်ဟာ ဂျပန်တွေ မော်လမြိုင်၊ ထားဝယ်သိမ်းပြီးချိန် ဖြစ်ပါတယ်။ ဗိုလ်လောင်းသင်တန်းမှာ မြေပုံဖတ်နည်း၊ အိမ်မြှောင်ဖြင့် ခရီးသွားနည်း၊ စစ်တိုက်ခိုက်ရေးနည်း ပရိယာယ်၊ သေနင်္ဂဗျူဟာ၊ တပ်ရင်း၊ တပ်ခွဲ၊ တပ်စိတ်ဖွဲ့စည်း အုပ်ချုပ်ပုံ အစ ရှိသည်တို့ ဖြစ်ပါတယ်။ စစ်တိုက်ခိုက်ရေး နည်းပရိယာယ် သေနင်္ဂဗျူဟာ သင်ကြားရာမှာ တိုက်ခိုက်ရမည့် နေရာကို ရွှံ့ဖြင့် ပုံစံထုလုပ်ပြီး ချီတက်ရမည့် လမ်းကြောင်း၊ စစ်သားဖြန့်ထားရမည့်နေရာ၊ အစရှိသည်တို့ကို သဘာဝကျကျ သင်ကြားပါတယ်။ ဗမာပြည်အောက်ပိုင်းမှာ တမြို့ပြီးတမြို့၊ တနေရာပြီး တနေရာ ဂျပန်သိမ်းပိုက်ကြောင်း သတင်းတွေ ပါလာသည်နှင့်အမျှ ဗိုလ်လောင်းသင်တန်းကျောင်းက ဆရာတွေလည်း တက်သုတ်ရိုက် သင်ကြားနေပါတယ်။ အရေးကြီးသော ကိစ္စရပ်များကိုသာ သင်ကြားပါတယ်။ သင်တန်းမဆုံးမီ လူတချို့ကို ဗိုလ်ရာထူးပေးပြီး ကုလားပြည်ကို စေလွှတ်တာလည်း ရှိပါတယ်။ အင်္ဂလိပ်ဘက် ၀င်ကူတိုက်ပေးတဲ့ ချန်ကေရှိတ်တရုတ်တပ်နှင့် ဂျပန်တို့တောင်ငူမှာ အကြိတ်အနယ် တိုက်ခိုက်ချိန်မှာ ဗိုလ်လောင်းသင်တန်းကျောင်း ပိတ်ပါတယ်။

ကျောင်းမပိတ်မီ တပတ်အလိုမှာ ဗိုလ်လောင်းသင်တန်းကျောင်းအုပ်ကြီးဟာ ပါပါ့ကို ခေါ်ပြောပါတယ်။ ကုလားပြည် လိုက်သွားပြီး ထောက်လှမ်းရေးသင်တန်း တက်ရန်၊ နောက် လေထီးနှင့် ဗမာပြည်ထဲသို့ ပြန်ခုန်ဆင်းပြီး သူလျှိုအလုပ် လုပ်ရန် ပြောပါတယ်။ ပါပါက ဒီအလုပ် မလုပ်လိုကြောင်း ပြန်ပြောပါတယ်။ ဒီအလုပ်ကိုလက်ခံပြီး လိုက်သွားတဲ့ လူတွေလည်း ရှိပါတယ်။ ပါပါက ဒီအလုပ်ကို လက်မခံသဖြင့် နောက်တနေ့ ဒုတိယကျောင်းအုပ်က ပါပါသွားလိုရာ သွားနိုင်ကြောင်း ခေါ်ပြောပါတယ်။ အဲဒီအချိန်မှာ သွားစရာနေရာ မန္တလေး၊ မေမြို့အထက်ပိုင်းရှိ အရပ်ဒေသများသာ ဖြစ်သဖြင့် မြစ်ကြီးနားသို့ သွားရန် မီးရထားဝရမ်းယူပြီး ပါပါ မြစ်ကြီးနားသို့ သွားပါတယ်။

ပါပါ ရန်ကုန်မြို့ ဘဏ္ဍာရေးမင်းကြီးရုံးမှာ အလုပ်လုပ်စဉ် မြစ်ကြီးနားသား ဦးစက်တင်ဆိုသူနှင့် သိကျွမ်းခဲ့ပါတယ်။ ဦးစက်တင်က ကုန်သည် ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဗုံးကြဲခံရပြီးနောက် သူ မြစ်ကြီးနားသို့ ပြန်တက်သွားပါတယ်။ သူ့ဇနီးဟာ ရန်ကုန်ဆေးရုံကြီးမှ သူနာပြုဆရာမ ရီဘယ်ကာ ဖြစ်ပါတယ်။ ကချင်အမျိုးသမီးဖြစ်၍ ကချင်နာမည်ဟာ မခွမ် ဖြစ်ပါတယ်။ ပါပါ မြစ်ကြီးနားရောက်တော့ ဦးစက်တင် – ဒေါ်ရီဘယ်ကာအိမ်မှာသွား နေပါတယ်။ မြစ်ကြီးနားကို ဂျပန် မသိမ်းပိုက်မီ အချိန်ကလေးမှာ ဗမာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ် နှင့် ဆာပေါ်ထွန်းတို့ မြစ်ကြီးနားမှတဆင့် ကုလားပြည်သို့ လေယာဉ်ပျံဖြင့် သွားကြောင်း ကြားသိရပါတယ်။ ပါပါ မြစ်ကြီးနားရောက်ပြီး ဆယ်ရက်အကြာမှာ ဂျပန်တွေ ဗန်းမော်ကနေပြီး မြစ်ကြီးနားကို ချီတက်လာကာ မြစ်ကြီးနားနှင့် သိပ်အလှမ်းမဝေးသော ကဆူးသို့ ရောက်နေကြောင်း၊ မြစ်ကြီးနားမြို့မှာ ရုပ်တရက် သတင်း ထွက်ပေါ်လာပါတယ်။ အဲဒီသတင်း ထွက်ပေါ်လာတော့ မြစ်ကြီးနားမြို့က လူတွေ ရုတ်ချည်း ပြောင်းရွှေ့ကြပါတယ်။ ပါပါလည်း ဦးစက်တင်တို့ နောက်လိုက်ပြီး မြစ်ကြီးနား တဖက်ကမ်း ဓားလွယ်ခုတ်လောက်မှာ တည်ရှိတဲ့ မိုင်းနားရွာသို့ ပြောင်းရွှေ့ နေထိုင်ကြပါတယ်။

(ပါပါ သမ္မတဖြစ်ပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ မနောပွဲကို တက်ရောက်တဲ့ အခါမှာ ပါပါ မိုင်းနားရွာကို သွားလည်ပါတယ်။ ဦးစတက်တင်တို့နှင့်အတူ ပါပါ တည်းခို နေထိုင်ခဲ့တဲ့ အိမ်ကို သွားပါတယ်။ အိမ်ရှင်တွေနှင့်တွေ့ပြီး သူတို့ကို စောင်များ ပေးပါတယ်။ ငွေလည်း ပေးသုံးပါတယ်။ အိမ်ဝင်းထဲမှာတော့ ဦးစက်တင်နှင့် ပါပါတို့ ပြောင်းရွှေ့ပြီးနောက် ဗုံးကျလို့ ဗုံးကျင်း ခပ်ကြီးကြီးတကျင်းကို တွေ့ခဲ့ပါတယ်။ မဟာမိတ်တွေ လာချတဲ့ဗုံးလို့ ပြောပါတယ်။)

ပါပါတို့ မိုင်းနားရွာကို ရောက်ပြီး သုံးရက်အကြာ ၁၉၄၂ ခု မေလ(၆) ရက်နေ့မှာ ဂျပန်စစ်တပ်တွေ အခုအခံမရှိဘဲ မြစ်ကြီးနားမြို့ကို သိမ်းပိုက်လိုက်ပါတယ်။

ဂျပန်တို့ဝင်လာသောအခါ

မိုင်းနားရွာဟာ ရှမ်းရွာဖြစ်ပါတယ်။ မြစ်ကြီးနားဘက်က ရှမ်းစကားဟာ ရှမ်းပြည်က ရှမ်းစကားနဲ့ မတူဘူးလို့ ပြောကြတယ်။ ဘယ်လောက် ကွာခြားသလဲဆိုတာ ပါပါမသိပါ။ ပါပါတို့ တည်းခို နေထိုင်တဲ့အိမ်ဟာ မြစ်ကမ်းပါးနဲ့ ကိုက်လေးရာလောက် ဝေးပါတယ်။ ပါပါတို့နဲ့အတူ ဦးမောင်မောင်တင် – ဒေါ်ကိုင် တို့လည်း တည်းခိုပါတယ်။ သူတို့လင်မယားဟာ ဦးစက်တင် – ဒေါ်ရီဘယ်ကာတို့ရဲ့ မိတ်ဆွေများ ဖြစ်ကြပါတယ်။ ဦးမောင်မောင်တင်ဟာ ထားဝယ်သားဖြစ်ပြီး မြစ်ကြီးနားခရိုင်ဝန်ရုံးမှာ အမှုထမ်းပါတယ်။ ဒေါ်ကိုင်ကတော့ သူနာပြုဆရာမ ဖြစ်ပါတယ်။ နောက်များမကြာမီ ဒေါ်သဲနု ရောက်လာပါတယ်။ သူ့ ကရင်နာမည်က အကလောင်း လို့ ခေါ်ပါတယ်။ (ယခု မြောက်ဥက္ကလာပဆေးရုံမှာ စစ်စတာဒေါ်သဲနု ဖြစ်ပါတယ်။)

ပါပါ မိုင်းနားမှာ နေတာ ပါပါနဲ့ အတူတူနေတဲ့ ဦးစက်တင်၊ ဦးမောင်မောင်တင်တို့က လွဲရင် ဘယ်သူ့မှ စစ်ပြန်ဆိုပြီး မသိကြဘူး။ ရန်ကုန်က စာရေးတယောက်လိုပဲ သိကြတယ်။ မိုင်းနားမှာ နေတဲ့အတွက် အိမ်ရှင်ကို ဦးစက်တင်တို့က အိမ်လခပေးပါတယ်။ ထမင်းတော့ ကိုယ့်ဟာကိုယ် ချက်စားပါတယ်။ သုံးရေသောက်ရေ ခပ်တဲ့အလုပ်ကတော့ ပါပါ ဒိုင်ခံလုပ်ပြီး၊ တခါတလေ ထမင်း ၀င်ကူချက်ပါတယ်။ အိမ်ရှင်လုပ်တဲ့ လူတွေက စပါးထောင်းစားတော့ သူတို့ စပါးထောင်းတဲ့အခါ ပါပါ ၀င်ကူထောင်းပေးပါတယ်။ အားလပ်တဲ့ အချိန်မှာ ပါပါ ရှမ်းစကား သင်ပါတယ်။ ဘယ်သွားမလဲ ဘယ်ကပြန်လာသလဲ ‘ရေခပ်ပြီးပြီလား’ ‘နေကောင်းရဲ့လား’ ‘အိမ်လည်လာပါဦး’ အစရှိသည်တို့ ပါပါ တတ်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ မေ့ကုန်ပါတယ်။ အင်္ဂလိပ်တွေ ဗုံးလာကြဲမယ်ဆိုလို့ ပါပါတို့ မိုင်းနားမှာ နေစဉ် ဗုံးခိုကျင်း တူးရပါသေးတယ်။ လေယာဉ်ပျံတော့ လာပါတယ်။ ဗုံးမကြဲဖြစ်ဘူး။

မြစ်ကြီးနားကို ဂျပန်တွေ သိမ်းပိုက်ပြီး တပတ်အကြာမှာ ဂျပန်အာဏာပိုင်များက မိုင်းနားကို ထွက်ပြေး တိမ်းရှောင်နေတဲ့ မြစ်ကြီးနားက မြို့မိမြို့ဖများကို တွေ့လိုကြောင်း ပြောပါတယ်။ ဒါနဲ့ နောက်တနေ့နံနက် လူဆယ့်ငါးယောက် လှေနှစ်စင်းနှင့် သွားကြတယ်။ ပါပါလည်း လိုက်သွားတယ်။ မြို့မိ၊ မြို့ဖအနေနှင့် လိုက်သွားခြင်း မဟုတ်၊ လှေလှော်သမားတယောက် အနေနှင့် လိုက်သွားခြင်း ဖြစ်တယ်။ ဂျပန်စစ်ဌာနချုပ်ဟာ ကမ်းနားမှာရှိတဲ့ ယခင် အစိုးရ ဗိုလ်တဲ ဖြစ်တယ်။ ဗိုလ်တဲဆိပ်မှာ လှေဆိုက်ပြီး ဗိုလ်တဲသို့တက် သွားကြတယ်။ ပါပါက လှေလှော်သမားဖြစ်တော့ နောက်ဆုံးမှာ တက်သွားတယ်။ ဗိုလ်တဲနားမှာရှိတဲ့ သစ်ပင်ကြီးမှာ အင်္ဂလိပ်စစ်သားဟာ ပါပါ့ကို စီးကရက်တောင်းသောက်ပါတယ်။ ပါပါက ပေးသောက်ချင်သော်လည်း ဂျပန်စစ်သား စောင့်နေလို့ မပေးတတ်ပါ။ (၎င်း အင်္ဂလိပ်စစ်သားကို ညနေကျ ဂျပန်တွေက လည်ပင်းဖြတ် သတ်ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။) ဗိုလ်တဲအပေါ်ထပ်မှာ မြို့မိ၊ မြို့ဖလုပ်တဲ့လူတွေက ဂျပန်စစ်ဗိုလ်နဲ့ သွားတွေ့တယ်။ ပါပါတို့ လှေလှော်သမားလေးယောက်ဟာ အောက်မှာ စောင့်နေကြတယ်။ ခဏအကြာမှာ ဂျပန်စစ်သားတယောက်က ပါပါတို့ဆီ လာပြီး စကားပြန်နဲ့ ကမ်းနားမှာ သောင်တင်နေတဲ့ သင်္ဘောကို တွန်းချဖို့ လာပြောပါတယ်။ ပါပါတို့ လှေလှော်သမား လေးယောက် ပွဲဦးထွက် ဂျပန်ခိုင်းတာကို လုပ်ရတော့မယ့်ဆဲဆဲ မြို့မိ၊ မြို့ဖများ ပြန်ဆင်းလာလို့ သက်သာရာ ရသွားပါတယ်။ ပါပါတို့အားလုံး လှေပေါ်ပြန်တက်ပြီး မိုင်းနား ပြန်သွားကြတယ်။

မိုင်းနားမှာနေစဉ် တနေ့ မိုင်းနားရွာသား အဖော်တယောက်နဲ့ အမဲပစ်ရန် သွားပါတယ်။ ရွာပြင် နှစ်မိုင်ခန့် အဝေးကျတော့ ကျားကြီးခြေရာ တွေ့ရတယ်။ ရွာသားမုဆိုးက ကျားခြေရာများကို ကြည့်ရင်း ကျားဟာ တကောင်တည်းဖြစ်ပြီး၊ ဒီခြေရာတွေဟာ သိပ်မကြာသေးဘူးလို့ ပြောတယ်။ ဒီလိုဆိုရင် ကျားကြီးဟာ ပါပါတို့ ရောက်သွားတဲ့ နေရာနဲ့ သိပ်မဝေးဘူးဆိုတာ တွက်ဆလို့ ရတယ်။ ကျားကြီးခြေရာတွေ့ပြီး ပါပါတို့ နောက်ကြောင်း ပြန်ဆုတ်ရပါတယ်။ အပြန်မှာ သစ်ပင်တပင်ပေါ်မှာ အောက်ချင်းတအုပ် နားနေတာ တွေ့ပါတယ်။ အောက်ချင်းဆိုတာ အထီးသေရင် အမပါ လိုက်သေတယ်။ အမသေရင်လည်း အထီးပါ လိုက်သေတယ်ဆိုတာ ကြားဖူးတော့ ပါပါမပစ်တော့ဘူး။ ကျားရန်ကလည်း ကြောက်ရသေးတော့ ရွာကိုပဲ သုတ်ခြေတင် ပြန်လာခဲ့တယ်။

မိုင်းနားရွာမှာ ပါပါတို့ တလနီးပါးမျှနေပြီး မြစ်ကြီးနားဘက်ကမ်း၊ မြစ်ကြီးနားမြို့နဲ့ သုံးလေးမိုင်ခန့် ဝေးကွာတဲ့ ဦးလှရင်ခြံသို့ တဖန် ပြောင်းရွှေ့သွားပြန်တယ်။ ဒီတခါဦး မောင်မောင်တင်၊ ဒေါ်ကိုင်တို့ ပါမလာတော့ပါ။ ဦးလှရင်ခြံထဲမှာ ဆောက်ထားတဲ့ တဲအိမ်တအိမ်မှာ ပါပါတို့ နေပါတယ်။ တခြားတဲအိမ်တွေလည်း ရှိပြီး စစ်ပြေးတွေ နေကြတယ်။ ဦးလှရင်ခြံမှာ နေစဉ် မီးရထားဒေါက်တာဦးသိန်းမောင် – ဒေါ်တီ (မီးရထား ခရိုင်ဆရာဝန် ဦးသိန်းမောင် ကွယ်လွန်)၊ ဦးဘကြည် (မီးရထား အင်ဂျင်နီယာ)၊ ဦးစိန်ခန့် (မီးရထားရုံပိုင်)၊ ဒေါက်တာမောင်ကျော်၊ စစ်ဆေးရုံ ဗိုလ်မှူး မောင်ကျော် (ကွယ်လွန်) တို့နှင့် တွေ့ဆုံ သိကျွမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာသိမ်းမောင်ဇနီး ဒေါ်တီဟာ ကိုယ်ဝန် အရင့်အမာနှင့်ဖြစ်နေပြီး ၎င်းတို့နေထိုင်တဲ့ တဲအိမ်မှာပဲ သားဦး မွေးဖွားပါတယ်။ ပါပါတို့ တဲအိမ်က ဦးစက်တင်ဇနီး ဒေါ်ရီဘယ်ကာ (ဒေါ်ခွမ်)လည်း ကိုယ်ဝန်နဲ့ ဖြစ်နေတော့ ပါပါ ‘ချက်ထိုး’ အလုပ်ကို လုပ်ရပါတယ်။ တောဝက်သား၊ ဂျီသား၊ ဆတ်သား တခါတလေ လာရောင်း ပါတယ်။ လာရောင်းတဲ့အခါ အမြဲတမ်း ၀ယ်ပြီး အမျိုးမျိုး ချက်စားပါတယ်။ မြစ်ကြီးနားတခွင်မှာ ငှက်ဖျားရောဂါ ရတတ်တဲ့အတွက် ရေကို အမြဲ ကြိုသောက်ရပါတယ်။

မြစ်ကြီးနားမြို့မှ တိမ်းရှောင်နေတဲ့ လူတွေလည်း အခြေအနေကောင်းလာသဖြင့် တဖြည်းဖြည်း မြို့ထဲသို့ ပြန်ပြောင်းရွှေ့ နေထိုင်ကြပါတယ်။ ပါပါတို့လည်း ဦးလှရင်ခြံထဲမှာ တလနီးပါးမျှ နေထိုင်ပြီး မြစ်ကြီးနားမြို့သို့ ပြန်ပြောင်း နေထိုင်ကြတယ်။ အဲဒီအချိန်မှာ မြစ်ကြီးနားမှ မန္တလေးသို့ မီးရထား အပြန်အလှန် စတင်ပြေးဆွဲနေပါတယ်။ ပါပါလည်း သက်ဆိုင်ရာနှင့် ပြောဆိုပြီး မီးရထားလက်မှတ် ယူပါတယ်။ ၎င်းနောက် ဦးစက်တင်- ဒေါ်ရီဘယ်ကာတို့အား ကျေးဇူးတင်ကြောင်း၊ ကျေးဇူး မမေ့ကြောင်း၊ မြစ်ကြီးနားကိုလည်း အခါအခွင့်သင့်လျှင် ပြန်လာဦးမည် ဖြစ်ကြောင်း ပြောဆိုနှုတ်ဆက်ပြီး ပါပါ မြစ်ကြီးနားမှ မီးရထားဖြင့် ထွက်ခွာလာပါတယ်။ အချိန်က ဇူလိုင်လ ဒုတိယပတ်မှာ ဖြစ်ပါတယ်။

ဂျပန်ခေတ် မီးရထားစီးရတာ မလွယ်ပါ။ အလွန်မှ စိတ်ညစ်စရာ ကောင်းပါတယ်။ လူစီးတွဲ မလုံလောက်လို့ ကုန်တွဲမှာ စီးရပါတယ်။ အမိုးအကာ ပါတဲ့ ကုန်တွဲဆိုလျှင် တော်သေးတယ်။ အမိုးအကာ မပါတဲ့ တွဲပက်လက်တွေစီးလို့ မိုးရွာရင် တကိုယ်လုံးစိုရွှဲပါတယ်။ ဂျပန်တွေက ရပ်ချင်တဲ့နေရာ အကြာကြီးရပ်ပြီး ထွက်ချင်တော့ ရုတ်တရက် ကောက်ထွက်ပါတယ်။ ရုတ်တရက် ကောက်ထွက်လို့ စင်္ကြံပေါ် ထွက်လျှောက်တဲ့ ခရီးသည်တွေ ကျန်ရစ်တာလည်း ရှိပါတယ်။ ခရီးသည်တွေကိုလည်း သွားလိုရာ ခရီးမရောက်မီ လမ်းခုလတ်ဘူတာမှာ ဆွဲချချင်လည်း ဆွဲချထားပါတယ်။ စိတ်မထင်ရင် ခရီးသည်တွေကို ပါးချ နားချ လုပ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts