>father’s words

>

အဖေပေးတဲ့ အားဆေးတစ်ခွက်
အရှင်ဉာဏိက
နိုဝင်ဘာ ၁၆၊ ၂၀၀၈


မနေ့ (နိုဝင်ဘာလ ၁၄ ရက်၊၂ဝဝ၈) ညက မြန်မာပြည်ကို ဖုန်းဆက်ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် မြို့ကိုရောက်နေတဲ့ ဒကာကြီးနဲ့ စကားပြောဖြစ်တယ်။ ဒကာကြီးက အများအားဖြင့် ရွာမှာအနေများတာမို့ ဆယ်ခါတစ်ခါ သူနဲ့ဆုံ ဖြစ်ဖို့က မလွယ်ပါဘူး။ ဆုံဖြစ်လို့ ပြောဖြစ်ပြန်လျှင်လည်း စကားကို များများစားစား မပြောတတ်သူမို့ ကိုယ်မေးသလောက်ပဲ သူကပြောပြီး ဖုန်းကို ညီတွေဆီ လွှဲပေးတတ်လေ့ရှိပါတယ်။ ဒကာကြီး ဘာများမှာဦးမလဲလို့ ဆိုလျှင်လည်း ဦးဇင်း ကျန်းမာရေး ဂရုစိုက်ပြီး နေထိုင်ဖို့ ဆိုတာနဲ့ ဦးဇင်းဒကာမကြီးက ဦးဇင်းပြန်လာဖို့ကိုပဲ မှာလိုက်တယ် ဆိုတဲ့ စကားနှစ်ခွန်းကိုပဲ သူ့ဆီက ပုံမှန်ကြားရလေ့ရှိပါတယ်။

ဦးဇင်းအတွက် မှာဖို့ပြောတာမဟုတ်ဘူး၊ ဒကာကြီးအတွက် ဘာများမှာလိုတာရှိသလဲမေးတာ လို့ ပြောပါမှ “လူကြုံရှိလျှင် အားဆေးလေး ထည့်ပေးချင်ပေးလိုက်ပေါ့ဘုရား” လို့ ပြောတတ်ပါတယ်။ ဒီတော့ သူအလွန်ဆုံးမှာခဲ့တာကတော့ အားဆေးပါပဲ။ ဒီထက်ပိုပြီး ဘာမှလိုချင်တယ်လို့ မပြောခဲ့သလို ဒီထက်ပိုပြီးလည်း ဘာမှ အပိုမမှာခဲ့ပါဘူး။ ဒီတစ်ခါတော့ သူ့အနီးအနားမှာ ဘယ်သူမှ မရှိတာကြောင့် သူနဲ့ တော်တော်ကြာကြာ ပြောဖြစ်တယ်။ နောက်ပြီး ထူးထူး ဆန်းဆန်းပဲ ဒကာကြီးက သူလိုချင်တာကို လျောက်ထားပါတယ်။ သူ့စကားကြားရတော့ အနှစ်နှစ်အလလက သူ့အပေါ်ထင်ထားတဲ့ အထင်မှားတစ်ခုလည်း မှန်မှန်ကန်ကန် သိခဲ့ရပါတယ်။ သူကိုယ်တိုင် ပညာတတ်တစ်ဦး မဟုတ်ပေမယ့် ပညာရေးအပေါ် သူလည်း စိတ်ထက်ထက်သန်သန် ရှိပေသားရယ်လို့လည်း နားလည်မိရပါတယ်။

ကိုယ်ငယ်စဉ်က ကိုယ့်မွေးရပ်ရွာမှာ မူလတန်းကျောင်းဆိုတာ မရှိပါဘူး။ ဒါကြောင့် ရွာဘုန်းတော်ကြီးက ဘုန်းတော်ကြီးသင်မူလတန်းကျောင်း (ဘ၊က) ဖွင့်ကာ ရွာရှိကလေးငယ်တွေကို မူလတန်းပညာ သင်ကြားပေးပါတယ်။ ကျောင်းသားတွေက တစ်ရာကျော် နှစ်ရာနီးပါး၊ သင်တဲ့ဆရာက ဆရာတော်တစ်ပါးတည်း။ ဒါကြောင့် လေးတန်းအောင်ပြီး ကိုရင် ကျောင်းသားတွေထဲက ခပ်ထက်ထက်သူတွေက ဝိုင်းဝန်းကူပြီး သင်ပြပေးရတယ်။ ကိုယ် လေးတန်းအောင်တော့ ကိုယ့်အသက်က (၉) နှစ်။ ရပ်ရွာထုံးစံအတိုင်း တချို့ လေးတန်းကျောင်းသားတွေက ဆယ့်သုံးလေးနှစ်အထိ ရှိတတ်တာ။ ဒါကြောင့် ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့ ကိုရင်ကျောင်းသားကြီးတွေကို ကိုယ်က စာပြန်သင်ပေးခဲ့ရသေးတယ်။

ဆရာတော် မူလတန်းကျောင်းဖွင့်ရတဲ့ ရည်ရွယ်ချက်က သူ့စကားနဲ့ပဲ ရှင်းနေပါတယ်။ သူတပည့်တွေထဲက တစ်ယောက်တလေ ထွန်းပေါက်သွားလို့ ရပ်ရွာအတွက်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ပြန်လည်ကျေးဇူးပြုနိုင်တယ်ဆိုလျှင်ပဲ သူပင်ပန်းခံရတာ တန်မှာပါလို့လည်း မကြာခဏ ပြောတတ်ပါတယ်။ ဘုန်းတော်ကြီးရဲ့ အမြော်အမြင်ကြီးမှုနဲ့ အပင်ပမ်းခံမှုများကြောင့်သာ ကိုယ့်မှာ မူလတန်းလေး အောင်မြင်အောင် သင်နိုင်ခဲ့တာ။ ကိုယ်ငယ်စဉ်က ကိုယ့်ရွာမှာ မူလတန်းအောင်မြင်သူတောင်မှ ရာခိုင်နှုန်း အတော်နည်းပါသေးတယ်။ သို့ပေမယ့် အသုံးလုံး စီမံကိန်းများ ပြီးကာစအချိန်ဆိုတော့ အစိုးရထုတ်ပြန်တဲ့စစ်တမ်းများမှာတော့ ကိုယ့်နိုင်ငံရဲ့ စာတတ်မြောက်နှုန်းက ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေအောက် မနိမ့်လှပါဘူး။ ဒါပေမယ့် ကိုယ့်ရွာမှာတော့ လူကြီးသူမတစ်ဦးဦး စာဖတ်နေတာမျိုးကိုတော့ ကိုယ်ငယ်စဉ်က သိပ်ပြီး မတွေ့ခဲ့မိဖူးပါဘူး။

ကိုယ့်ဘဝအတွက် မမေ့နိုင်တဲ့အရာတွေထဲက တစ်ခုကိုပြောပြချင်တယ်။ အဲဒီလို ကိုယ်လေးတန်းအောင်တော့ ကိုယ်က အလယ်တန်းနဲ့ အထက်တန်းစာပေတွေကို ဆက်လက် သင်ကြားလိုတယ်။ ဒါပေမယ့် ကိုယ့်မိဘတွေမှာ ကိုယ့်ကို ကျောင်းဆက်ထားပေးနိုင်လောက်အောင် စီးပွားရေးက မပြည့်စုံဘူး။ ကျောင်းဆက်တက်မယ်ဆိုလျှင်လည်း မြို့ကိုပို့ ပေးရမှာ။ မိဘတွေမှာ အဲဒီလို ကိုယ့်ကိုမြို့ပို့ပေးနိုင်လောက်တဲ့ အခြေအနေ မရှိပါဘူး။ အဲဒီအခြေအနေကို အနည်းငယ် မှန်းဆမိပေမယ့် ကောင်းကောင်းတော့လည်း နားမလည်ခဲ့ပါဘူး။ အခြေအနေတွေကို နားလည်ဖို့ထက် ကိုယ်တက်ရောက်ချင်တာကို ဖြည့်ဆည်းမပေးခဲ့တဲ့ ကိုယ့်ဖခင်အပေါ်မှာပဲ ကိုယ့်စိတ်က မကျေမနပ်ဖြစ်နေခဲ့တယ်။ ကိုယ်အလိုချင်ဆုံးဆန္ဒကို မဖြည့်ပေးရကောင်းလားလို့ဆိုပြီး ကိုယ့်မိဘတွေအပေါ်မှာလည်း အတော်နာကျည်းခဲ့မိတယ်။ သူတို့တွေ ပညာမတတ်လို့ ပညာရေးကို အားမပေးတာလို့လည်း ကိုယ်က ထင်ထားခဲ့တယ်။ ကလေးစိတ်နဲ့ပဲ သူတို့ကျောင်းထားမပေးလည်း ဘာအရေးလဲ၊ တချိန်ချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ကျောင်းတက်ဖြစ်အောင်တက်မယ်လို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ထားခဲ့တယ်။ ဒါကြောင့် မြို့မှာနေနိုင်မယ့်နည်းလမ်းတစ်ခုအဖြစ် ကိုရင်ဘဝနဲ့ မြို့မှာ စာသင်ထွက်ခြင်းက အကောင်းဆုံးလို့ ဆုံးဖြတ်ပြီး အဲဒီလမ်းကို ရွေးချယ်ခဲ့တယ်။ တကယ်တော့ တခြားနည်းလမ်းလည်း ကိုယ့်မှာ မရှိခဲ့ပါဘူး။

လူတိုင်းက ကိုယ့်လိုအခွင့်အလမ်းမျိုး ဖန်တီးလို့ ဖြစ်ကောင်းမှ ဖြစ်နိုင်မှာ။ ကိုယ်ငယ်ငယ်က မက်ခဲ့တဲ့ ကျောင်းတက်ချင်လွန်းတဲ့ကိုယ့်အိပ်မက် ခုတော့ တကယ်အကောင်အထည်ပေါ်လာခဲ့ပြီ။ နှစ်တွေ အများကြီး စောင့်ခဲ့ရတာ။ ကိုယ့်လိုပဲ ကျောင်းတက်လိုတဲ့အိပ်မက်မက်နေမယ့် ကလေးငယ်တွေ ကိုယ့်ရွာမှာ ဘယ်လောက်များမယ်ဆိုတာ မသိနိုင်ဘူး။ ကိုယ့်မိဘတွေလိုပဲ ကိုယ့်သားသမီးတွေရဲ့ ကျိုးကြောင်းဆီလျော်တဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့ မိဘတွေဆိုတာလည်း ဘယ်လောက်တောင် များနေမလဲ။ မခန့်မှန်းနိုင်ဘူး။

ကံကောင်းထောက်မစွာ ကိုယ့်မွေးရပ်ရွာမှာ မူလတန်းကျောင်းလေးရှိနေခဲ့တာ အတော်ကြာခဲ့ပြီ။ ဒီကျောင်းလေးရဲ့ အခြေခံကြောင့် ရွာသားထဲက ဆယ်တန်းအောင်မြင်နေသူတွေတောင် လေးငါးယောက်ရှိနေပြီ တဲ့။ ကိုယ်ငယ်ငယ်ကဆို ဒါမျိုးက အိပ်မက်ထဲမှာတောင် မမက်နိုင်ခဲ့တဲ့အရာ၊ ကိုယ့်ရွာသားထဲမှာ ဆယ်တန်း အောင်သူဆိုတာ လုံးဝမရှိခဲ့ဘူး။ အထက်တန်းပညာရေးဆိုတာ သူတို့လိုရွာသားတွေနဲ့ဆိုင်တဲ့အရာလို့လည်း ကိုယ့်ရွာသားတွေ တွေးမိကြဟန် မတူပါဘူး။

ခုတော့ တဆင့်တက်ကာ မူလတန်းကနေ အလယ်တန်းအထိ တိုးမြှင့်နိုင်အောင် အကောင်အထည်ဖော်နေကြတယ် တဲ့။ ကိုယ့်အားကိုယ်ကိုး ဆိုတဲ့ ခေါင်းစဉ်အောက်က ကျောင်းသားမိဘတွေရဲ့ စုပေါင်းထည့်ဝင်ငွေနဲ့ ကျောင်းဆရာငှားကာ ငါးတန်း၊ ခြောက်တန်းနဲ့ ခုနစ်တန်းများကို ရွာမှာပဲ သင်ကြားပေးနေကြတယ် တဲ့။ ဝမ်းသားစရာ သတင်းကောင်းပေါ့။ သို့ပေမယ့် အဆောက်အဦက မပြည့်စုံလို့ သက်ကယ်မိုးထားတဲ့ အကာအရံမဲ့အဆောင်ထဲမှာပဲ သင်ကြားနေကြရတယ် တဲ့။ ဒါကတော့လည်း ဘယ် ကောင်းသတင်း ဟုတ်နိုင်ပါ့မလဲ။

အိမ်နဲ့စာသင်ကျောင်းနဲ့ မဝေးတာကြောင့် ဒကာကြီးက အကာအရံမဲ့ အဆောက်အဦးထဲမှာ စာသင်နေကြရတဲ့ ကလေးတွေရဲ့ ဆင်းရဲတွေကို မြင်မိမှာပါ။ နောက်ပြီး ဒီဆင်းရဲတွေကိုလည်း မကြည့်ရက် မမြင်ရက်လို့ ဖြစ်မှာပါ။ ဒါမှ မဟုတ်လည်း သူ့သားငယ်ငယ်က တောင်းဆိုခဲ့တဲ့ တောင်းဆိုမှုမျိုး သူကိုယ်တိုင် မဖြည့်ဆည်းပေးနိုင်ခဲ့သလို တခြား ကျောင်းသားမိဘတစ်ဦးဦးကို မဖြစ်စေချင်တာကြောင့်လည်း ဖြစ်မလားပါ။ “တတ်နိုင်မယ်ဆိုလျှင် ရွာက အကာ မဲ့နေတဲ့ ကျောင်းလေးအတွက် အကူအညီပေးပါ ဦးဇင်း” လို့ အထူးတလည် လျောက်ထားလာတယ်။ သားဆီက ဘာမှ မတောင်းဆိုဘူး တဲ့။ ဒကာကြီးရဲ့ ဒီတောင်းဆိုမှုဟာ သူ့စိတ်ထဲမှာ အတော် ဆန္ဒပြင်းပြလွန်းလို့သာ ဖြစ်မှာပါ။

ကိုယ့်မှာရှိတာလေးထဲက ဖဲ့ပြီး အိန္ဒိယမှာ ပညာသင်ကြားနေတဲ့ မိတ်ဆွေအချို့၊ ထိုင်းနယ်စပ်ရှိ ကလေးငယ်အချို့နဲ့၊ ကျောင်းတက်နေတဲ့ ရွာက ကလေးအချို့ကို ပညာသင်စားရိတ်တတ်နိုင်သမျှ ထောက်ပံ့ပေးနေခဲ့တာ၊ အတော် ကြာခဲ့ပြီ။ ဒါပေမယ့် ကိုယ့်ရပ်ရွာက စာသင်ကျောင်းလေး အမိုးမခိုင်၊ အကာမရှိ ဖြစ်နေတာကို ပြုပြင်ထောက်ပံ့ပေးဖို့ကိုတော့ ကိုယ်က သတိမရခဲ့ဘူး။ ကိုယ်တစ်ယောက်တည်းရဲ့အားနဲ့ မတတ်နိုင်တာကြောင့် မစဉ်းစားမိခဲ့တာလည်း ပါသပေါ့လေ။

ခုတော့ ကိုယ့်ဖခင်ဒကာကြီးရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးရာရောက်စေ။ ကိုယ်ငယ်စဉ်က တွေ့ကြုံခဲ့ရသလို ပညာကို လိုလိုလားလားသင်ယူလိုပါလျက်ကယ်နဲ့ သင်ခွင့်မရတဲ့သူငယ်မျိုးတွေ မရှိရလေအောင် အလယ်တန်းကျောင်းဆောင် တစ်ဆောင်တော့ ဆောက်ဖြစ်အောင် ဆောက်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ဒကာကြီးကိုလည်း အဲဒီအတွက် တာဝန်ယူပါ့မယ်လို့ အာမဘန္တေခံလိုက်တယ်။ သူကျေနပ်သွားမှာပါ။ အဆောက်အဦက ကျပ်ငွေ သိန်းငါးဆယ်လောက် ကုန်ကျမယ် တဲ့။ ဒေါ်လာ ငါးထောင်ခန့်လောက် ဖြစ်မှာပေါ့။ တောရွာအဆင့်နဲ့တော့ အတန်အသင့် လုံလောက်တဲ့ အဆောက်အဦဖြစ်နိုင်မှာပါ။

ဒေါ်လာငါးထောင်ဆိုတာ ကိုယ်ဒီမှာ ကျောင်းတက်နေတဲ့ ကုန်ကျမှုရဲ့ (one semester) စာသင်ရာသီ တစ်ခုစာလောက်ပဲရှိတာ။ ကိုယ့်အတွက် ဆီမီစတာတစ်ခု ဖျက်လိုက်လျှင် ဟိုက ကလေးငယ်တွေ မြောက်များစွာ အဆင်ပြေသွားကြမှာ။ ဘာလို့ ကိုယ်က ဒီအခွင့်ကောင်းကို လဲလှယ်မယူနိုင်ရမှာလဲ။ ကိုယ့်ဆရာဘုန်းကြီး မိန့်သလို သူတို့တွေထဲမှာ ဘာသာ၊ သာသနာ၊ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးဆောင်နေမယ့်သူတွေ မပါဝင်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ကိုယ့်တိုင်းပြည် ကိုယ်ချစ်တယ် ဆိုလျှင် ကိုယ့်တိုင်းပြည်ထူထောင်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ကြမယ့် ကလေးငယ်တွေအတွက် ကိုယ်က ဘာလို့မကူညီနိုင်ရမှာလဲ။ ဒါဟာ မွန်မြတ်တဲ့အလုပ်ပဲ မဟုတ်လား။ နောက်ပြီးလည်း တိုင်းပြည်တစ်ပြည်မှာ ပညာမတတ်သူတွေများလျှင် ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ကိုယ်ကိုယ်တိုင်လည်း သိထားတာပဲ မဟုတ်လား။ ။

မေတ္တာဖြင့်
အရှင်ဉာဏိက


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts