>Letters from Michigan – 59

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>


မစ်ရှီဂန်က ပေးတဲ့စာ(၅၉)
အောင်ဝေး
မတ် ၂၀၊ ၂၀၁၁

“—ကိုယ်လည်း (၅၀)ကို တော်တော်ကျော်လို့ (၆၀)နား ကပ်လာနေတဲ့အချိန်မှာ၊ ကိုယ်တွေ့ကြုံခဲ့ရတဲ့၊ ကိုယ့်အပေါ် လမ်းညွှန်မှု ပေးခဲ့ကြတဲ့လူကြီးတွေရဲ့ ဂုဏ်ကျေးဇူးတွေကို အထူးတလည်ပဲ အောက်မေ့နေမိပါတယ်—“

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါစ။ ဒီတခါတော့ ကျနော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ လူငယ်ဘ၀တလျှောက်မှာ၊ လူကြီးတွေနဲ့ ဘယ်ပုံ ထိတွေ့ခဲ့ရတယ်၊ ဘယ်နည်း ဆက်ဆံခဲ့ရတယ် ဆိုတဲ့ အကြောင်းတချို့ ပြောကြည့်ချင်လာပါတယ်။

ကျနော်တို့ဆိုရင် ၁၉၇၄-၇၅-၇၆ ကျောင်းသားတိုက်ပွဲ မျိုးဆက်ထဲက မဟုတ်လား။ ကျနော်တို့ မျိုးဆက်ခေတ်ဟာ မဆလ စစ်အာဏာရှင် အစိုးရ ဆန့်ကျင်ရေး တိုက်ပွဲတွေ ပြည့်နှက်နေခဲ့ပါတယ်။ ၇၄ ဇွန်အလုပ်သမား၊ ၇၄ ဒီဇင်ဘာဦးသန့်ဈာပန၊ ၇၅ ရွှေတိဂုံ အထွေထွေသပိတ်၊ ၇၆ မှိုင်းရာပြည့်၊ ဒီအရေးအခင်းတွေဟာ ကျနော်တို့ခေတ်က တိုးတက်တဲ့ လူငယ်တိုင်း ရင်ဆိုင် ဖြတ်သန်းခဲ့ရတဲ့ သမိုင်း အတွေ့အကြုံတွေပါ ကိုဒေါင်း။

အဲဒီတိုက်ပွဲတွေ အသီးသီးမှာ ကျောင်းသားတွေ အမြောက်အမြား ဖမ်းဆီးခံရပြီး၊ ထောင်တွေ အသီးသီး ကျခဲ့ပါတယ်။ ကျနော်လည်း အဲဒီခေတ်ရဲ့ တော်လှန်တက်ကြွတဲ့ ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း အကျဉ်းထောင်ထဲ ရောက်ရှိခဲ့ပါတယ်။ မှိုင်းရာပြည့်မှာ ပထမဆုံးအကြိမ် ဆိုပါတော့။ ၁၉၇၆-၇၈။ ပုသိမ်အကျဉ်းထောင်။ နောက်တကြိမ်က၊ ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း၊ NLD ခေတ်မှာ။ ၁၉၈၉-၉၁၊ ပုသိမ်အကျဉ်းထောင်မှာပါပဲ။

ကိုဒေါင်းရေ – အဲဒီလို အကျဉ်းထောင်တွေကပဲ ကျနော်တို့ကို လူကြီးတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခြေအနေ၊ အခွင့်အလမ်းတွေ ပေးခဲ့တယ်လို့ပဲ ဆိုရမယ်။ ပထမအကြိမ် မှိုင်းရာပြည့်နဲ့ ထောင်ကျတုန်းက၊ ပုသိမ်ထောင်ထဲမှာ၊ ကျနော် လူကြီးတယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူ့နာမည် ဦးမောင်မောင် လို့ ခေါ်ပါတယ်။ ဒီတုန်းက သူ့အသက် (၆၀) ၀န်းကျင်လောက်လို့ မှန်းဆရပါတယ်။ သူက အင်းစိန်ထောင်ကနေ၊ ပုသိမ်ထောင်ကို ပြောင်းလာတဲ့ အကျဉ်းသားတွေထဲက တယောက်ပါ။

ထောင်ထဲမှာ ကျနော်တို့ ပုဒ်မ (၅) ကျောင်းသားတွေနဲ့ ဦးမောင်မောင် အတော့်ကို ခင်မင် ရင်းနှီးသွားပါတယ်။ သူက ဆရာဗန်းမော်တင်အောင်ရဲ့ မိတ်ဆွေ ရဲဘော်ရဲဘက်တဦး ဖြစ်နေတာကိုး ကိုဒေါင်းရဲ့။ သူ့မှာလည်း နိုင်ငံရေး အတွေ့အကြုံ အထိုက်အလျောက် ရှိခဲ့သူပါ။ ဦးမောင်မောင်ဆီက၊ ကျနော်တို့ အများကြီး သင်ယူခဲ့ကြရပါတယ်။ သူက ကျနော်တို့ကို နိုင်ငံရေး သဘောတရားတွေ ပို့ချတာ မဟုတ်ပါဘူး။ သူ အမြဲ ပြောပြောပြတတ်တာက ဆရာဗန်းမော်တင်အောင်ရဲ့ ဘ၀ခရီးကြမ်းရှည်ကြီးကိုပါပဲ။


အဲဒီတုန်းက ကျနော်တို့ဟာ ဆရာဗန်းမော်တင်အောင်ရဲ့ စာတွေကို စွဲစွဲလမ်းလမ်း ဖတ်နေခဲ့ကြပါပြီ။ ဦးမောင်မောင်နဲ့ တွေ့တဲ့ အချိန်မှာ၊ ကျနော်တို့ ဆရာဗန်းမော်တင်အောင်အပေါ် ပိုပြီး လေးစား ကြည်ညိုတဲ့စိတ်တွေ မွေးလာတာပါ။ နောက်တော့ ဦးလေး ဦးမောင်မောင် ထောင်ကလွတ်ပြီး ရန်ကုန် ပြန်သွားပါတယ်။ သူလွတ်တော့ ကျနော်တို့က နာမကျန်းဖြစ်နေတဲ့ဆရာ ဗန်းမော်တင်အောင်ဆီကို စာတစောင် သူနဲ့ လျှို့ဝှက် ထည့်ပေးလိုက်ပါတယ်။ သူက ဒီစာကို ဆရာဗန်းမော်တင်အောင်လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် သွားပို့ခဲ့ပါတယ်။

နောက်တလလောက် အကြာမှာ ဦးမောင်မောင် ကျနော်တို့ကို ထောင်ဝင်စာ လာပြန်တွေ့ပါတယ်။ ထောင်ဝင်စာမှာ၊ ဆရာဗန်းမော်တင်အောင် ကျနော်တို့ ရေးလိုက်တဲ့စာကို ဖတ်ပြီး ၀မ်းသာမျက်ရည် ကျခဲ့တယ် လို့ ဦးမောင်မောင်က ပြောပြခဲ့ပါတယ်။

နောက် ကျနော်တို့ ထောင်က လွတ်ကြပြီး၊ မြစ်ဝကျွန်းပေါ် တည်ဆောက်ရေး၊ တွဲဖက် ကျောင်းဆရာတွေအဖြစ်နဲ့ လှုပ်ရှားကြတဲ့အချိန်မှာတော့၊ ဦးမောင်မောင်နဲ့ ကျနော်တို့ အဆက် အသွယ် ပြတ်သွားခဲ့ကြပါပြီ။ ဦးလေး ဦးမောင်မောင် ရှိသေးလား၊ မရှိတော့ဘူးလား ကျနော်တို့ မသိကြတော့ပါဘူး။


ဒါပေမဲ့၊ ဦးမောင်မောင်ဟာ အခုအချိန်အထိ ကျနော်တို့ ရင်ထဲမှာ ရှိနေပါသေးတယ်။ ကျနော် ပထမဆုံး ထိတွေ့ဆက်ဆံရတဲ့ အမှတ်တရ အရှိဆုံး လူကြီးကို ပြောပါ ဆိုရင် ဦးမောင်မောင်ကိုပဲ ပြောရမှာပါ။ ကျနော် ထောင်ကလွတ်ပြီး စာပေလောကထဲ ရောက်လာခဲ့တာလည်း ဦးမောင်မောင်ကျေးဇူးလို့ ဆိုရဦးမှာပါပဲ။

ကိုဒေါင်းရေ – အဲဒီအတွေ့အကြုံကနေ စပြီး ကျနော် လူကြီးတွေအပေါ် လေးစား တန်ဖိုးထားတတ်လာခဲ့တာ လို့ပဲ ဆိုရမှာပါဗျာ။ ဒီလိုနဲ့ ဒုတိယအကြိမ် ထောင်ထဲရောက်တော့၊ ကျနော့်အသက် (၃၅) နှစ် ရှိနေပြီ။ ပထမအကြိမ်တုန်းက (၂၂)နှစ်။ ဒုတိယအခေါက်မှာ အရွယ်ကလည်း ရလာပြီ၊ ဘ၀က အသိကို ပြဋ္ဌာန်းတယ် လို့ ဆိုတဲ့အတိုင်း၊ တစုံတရာ ရင့်ကျက်ပြီ ထင်ရတဲ့ ကဗျာဆရာတယောက်လည်း ဖြစ်နေပါပြီ။

သို့ပေမဲ့ အဲဒီ ကဗျာဆရာကို ထိန်းဖို့ ကျောင်းဖို့၊ လူကြီးတယောက်ကတော့ သူ့အနားမှာ ရှိနေခဲ့ရတာပါပဲ။ သူကတော့ ဦးမြရှိန်ပါ။ မြန်မာ့အလင်း သတင်းစာက အယ်ဒီတာတယောက်ပါ။ သူ့ကလောင်နာမည်က “အောင်စည်ဖိုး”တဲ့။ ဆရာဦးစိန်လှဦးတို့၊ ဦးအုန်းကြိုင်တို့နဲ့ ခေတ်ပြိုင် သတင်းစာဆရာကြီးပေါ့။ ဒီတုန်းက သူ့အသက်(၅၀)ကျော် (၆၀)ထဲမှာလို့ ထင်တာပဲ။

ဦးမြရှိန်က NLD ဧရာဝတီ တိုင်းစည်းထဲကပါ။ ကျနော်နဲ့ အမှုတွဲပါ။ ထောင်ထဲ မရောက်ခင်တုန်းကလည်း၊ သူ ကျနော့်ကို ဧရာဝတီတိုင်း(၂၆)မြို့နယ် စည်းရုံးရေး ခရီးတွေမှာ၊ ဘေးကနေ ထိန်းခဲ့ ကျောင်းခဲ့တာပါ။ အဲဒီတုန်းကတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးကလည်း ပြီးစ၊ NLDရဲ့ နိုင်ငံရေးဒီရေကလည်း မြင့်တက်နေတဲ့အချိန် ဆိုတော့၊ ကိုယ်လည်း သူ့အလိုလို နိုးကြား တက်ကြွနေတဲ့ ကာလပေါ့။

အဲဒီတော့ တချို့မြို့နယ်တွေမှာ၊ တချို့သော လူငယ်တွေနဲ့၊ တချို့မြို့နယ်တွေမှာ၊ တချို့သော လူကြီးတွေနဲ့၊ အဖွဲ့ချုပ်ကိစ္စတချို့ ထိပ်တိုက် တွေ့တာတွေ ရှိခဲ့တာပေါ့။ အဲဒီလို အခါမျိုးတွေမှာ ဦးမြရှိန်ကပဲ၊ ဘေးကနေ ကျနော့်ကို ကောင်းကောင်း ထိမ်းသိမ်း တည့်မတ်ပေးခဲ့တာပဲပေါ့ ကိုဒေါင်းရေ။

ထောင်ထဲရောက်တော့လည်း ထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုး၊ ထောင်ထဲမှာ ရှိနေတဲ့ ဗကပယူဂျီ၊ ဗကသ၊ NLD ၊ လူ့ဘောင်သစ် စတဲ့ နိုင်ငံရေးအင်အားစု အသီးသီး စုစည်း ညီညွတ်ဖို့ ကြိုးစားတဲ့အခါမျိုး၊ ကျနော့်ကို ဘေးကနေ တလျှောက်လုံး ထိန်းကျောင်းပေးနေတဲ့ ဦးမြရှိန်သာ မရှိခဲ့ဘူးဆိုရင်၊ ကျနော် အမှားတွေများ လုပ်ခဲ့မိလေမလားလို့ အခုနေမှာ ကျနော် ပြန်စဉ်းစားကြည့်မိတယ် ကိုဒေါင်းရေ။ အခုတော့ ဒီသတင်းစာဆရာကြီး ဦးမြရှိန် ကွယ်လွန်ခဲ့တာ ကြာပါပြီ။

အခုအချိန်မှာ၊ ကိုယ်လည်း (၅၀)ကို တော်တော်ကျော်လို့ (၆၀)နား ကပ်လာနေတဲ့အချိန်မှာ၊ ကိုယ်တွေ့ကြုံခဲ့ရတဲ့၊ ကိုယ့်အပေါ် လမ်းညွှန်မှု ပေးခဲ့ကြတဲ့လူကြီးတွေရဲ့ ဂုဏ်ကျေးဇူးတွေကို အထူးတလည်ပဲ အောက်မေ့နေမိပါတယ် ကိုဒေါင်းရေ။
အားလုံးကို လေးစား တန်ဖိုးထားလျက်-

အောင်ဝေး
မတ် ၁ – ၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts