>talk with Sithu Zaya

>

ဟင်္သာတထောင်မှ လွတ်မြောက်လာသူ သတင်းထောက် စည်သူဇေယျနှင့် အင်တာဗျူး
ကျော်ဇင်မန်း(ရွှေမြစ်မခ)
http://www.myitmakhamediagroup.com/
ဇန်န၀ါရီလ ၁၄၊ ရန်ကုန်မြို့။



သတင်းထောက် စည်သူဇေယျသည် ၂၀၁၀ သင်္ကြန် ရန်ကုန်ကန်တော်ကြီး H2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲရာတွင် သတင်းဓါတ်ပုံ ရိုက်ယူခဲ့အပြီး ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရသည်။ ယခု ဇန်ဝါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။

မေး။ ။ ဘယ်လို ပုဒ်မတွေနဲ့ အရေးယူခံခဲ့ရတာလဲ။
ဖြေ။ ။ အဖမ်းခံရပြီးနောက်ပိုင်း စစ်ကြောရေးပြီးတော့ အင်းစိန်ထောင် ပို့တယ်။ တရားစွဲတယ် ၁၈ နှစ် ကျတယ်။ အီလက်ထရောနစ်နဲ့ က ၁၀ နှစ် ကျတယ်။ အင်းစိန်ထောင်မှက တဆင့် ဟသာင်္တထောင် ကို ပို့တယ်.။ အထဲမှာ ၁ နှစ်ခွဲလောက်ပဲ နေရတယ်။

မေး။ ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတော့ ဘယ်လိုခံစားရလဲ။ ဘယ်လိုမြင်လဲ။
ဖြေ။ ။ လွတ်လာတာ ပျော်တော့ပျော်တယ်။ ဒါပေမယ့် လွတ်လွတ်လပ်လပ် မပျော် ရသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အပြင်မှာက လူ့အခွင့်အရေးက လွတ်လပ်မူ မရှိသေးဘူး။ တကယ်တမ်း လွတ်လပ်မူရှိပြီ ဆိုမှ ကျွန်တော်တို့က ပြည့်ပြည့်၀၀ပျော်ရမှာ။ ကျွန်တော်တို့ပျော်ရွှင်မူက အားလုံး လွတ်လွတ်လပ်လပ် ဖြစ်ရမယ်။ မီဒီယာသမားတွေလဲ လွတ်လပ်ဖြစ်ရမယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလဲ မီဒီယာသမားတွေ ဖြစ်တဲ့အတွက် ပိုပြီး လွတ်လပ်သင့်တယ်။ အဲဒါမှလဲသူရဲ့မဏ္ဍိုင် (၃) ရပ်ကိုလဲဝိုင်းပြီး ထောက်ပံလို့ ရမယ်။ အကယ်၍ လွတ်လပ်မူမရှိဘူး ဆိုရင်လဲ စတုတ္တမဏ္ဍိုင်ဆိုတာ အမြဲတမ်း ယိမ်းယိုင်နေမှာပဲ။

မေး။ ။ ဟင်္သာတထောင်က ဘယ်နှစ်ဦးလွတ်လာတာလဲ။ အထဲမှာရော ဘယ်နှစ်ယောက်လောက် ကျန်ခဲ့ပါသေးလဲ။

ဖြေ။ ။ အင်းစိန်ထောင်မှာနေခဲ့စဉ်က အင်းစိန်ထောင်ကနေတဆင့် ဟင်္သာတထောင်ကို ပြောင်းတာကိုး။ ဟင်္သာတထောင်မှာကတော့ သုံးယောက်ပဲရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာကတော့ အကုန်လုံး လွတ်ပါတယ် ….(လ.၀.က) တို့လွတ်တယ်။ ဒါပေမဲ့ တချို့ဌာနဆိုင်ရာဥပဒေနဲ့ ကျန်ခဲ့တာလဲရှိတယ်။ ဦးဝင်းမြင့်ဆို တစ်ယောက်ကျန်ခဲ့တယ်။ (လ.၀.က) တွေ အကုန်လွတ်တယ်။ သူတစ်ယောက်ပဲကျန်ခဲ့တာ။ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်ပါတယ်။ သူတစ်ယောက်ပဲကျန်တယ် အားလုံးပေါင်း ၁၀ ယောက် လွတ်ကြပါတယ်။ အင်းစိန်ထောင်မှာ ဘယ်နှစ်ယောက်လွတ်လဲတော့ မသိဘူး။ ဒါပေမဲ့ သတင်းထောက်တွေ တော်တော်များများ လွတ်ကြပါတယ်။

မေး။ ။ ထောင်ကျနေတုန်းကရော မိသားစုနဲ့အဆက်အသွယ်ရပါသလား။
ဖြေ။ ။ ထောင်ကျနေစဉ်ကာလဆိုတော့ ကျွန်တော်လဲ အဖမ်းခံရတယ်။ အဖေလဲ အဖမ်းခံရတယ်။ အဆက်အသွယ် လုံးဝ ပျက်သွားပါတယ်။ ရံဖန်ရံခါတော့ အဆက်အသွယ်လေးတွေ ရှိတတ်တယ်။ ဒါပေမဲ့ အဆက်အသွယ်က ကောင်းကောင်းရခဲ့လား ဆိုတော့ မရခဲ့ပါဘူး။ အဆက်အသွယ်က ပျက်သွားပါတယ်။

မေး။ ။ ရှေ့ဆက်ပြီးတော့ကော ဘာဆက်လုပ်မလဲ။ အန္တရာယ်မကင်းတဲ့ သတင်းထောက်အလုပ်ပဲ ဆက်လုပ်သွားမှာလား။
ဖြေ။ ။ ဒီဟာလုပ်မယ်လို့ အစထဲက ဆုံးဖြတ်ထားတဲ့အတွက် ဒါပဲ ဆက်လုပ် သွားမှာပါ။ အထဲမှာလည်း အနှိပ်စက်ခံရတယ်။ ထောင်ကျတယ် ဆိုတာ အချိုးအကွေ့လေးပေါ့။ ပေးဆပ်မှု တစ်ခုလေးပဲ ရှိပါသေးတယ်။ ဒီထက်လဲ ပေးဆပ်ရင် ပေးဆပ်ရမယ် အသက်လဲပေးဆပ် ရမယ်။ ဒီအတွက် ကျွန်တော်တို့က မီဒီယာ အပေါ် ယုံကြည်ထားတဲ့ အပေါ် မပြောင်းလဲသွားဘူး။ ထောင်ကျတဲ့အတွက် ဘယ်ဘက်မှ ရောက်မသွားဘူး။ နိုင်ငံရေးဘက်လဲ ခုန်ကူးသွားမှာ မဟုတ်ပါဘူး။ သတင်းထောက်ပဲ ဆက်လုပ်သွားမှာပါ။

မေး။ ။ အကိုရှေ့ဆက်ဘာတွေ ဆက်လုပ်မယ်လို့ စဉ်းစားထားပါသလဲ။ ဘယ်လို ရပ်တည်သွားမှာပါလဲ။
ဖြေ။ ။ ကျွန်တော် အရင်တုန်းက UG ဘ၀နဲ့နေပြီးတော့ သတင်း လိုက်ခဲ့တယ် ခုတော့ UG တော့ လုပ်လို့ မရတော့ဘူး။ ဒီအစိုးရလဲ သိသွားပြီဖြစ်တဲ့အတွက် UG မလုပ်တော့ဘူး။ LOCAL အနေနဲ့ ပြည်တွင်းမှာ ဆက်နေမယ်။ ပြည်တွင်းကနေပြီး ရဲရဲဝံ့ဝံ့ ဆက်ပြီးတော့ ရှင်သန်သွားမယ်။ ဘယ်သူတားတား ဆက်ပြီးတော့ နောက်မဆုတ်တမ်း ကြီုးစားသွားမယ် Freelance အနေနဲ့လုပ်ဖြစ်မလား၊ ဘယ်မှာ လုပ်ဖြစ်မလဲ ဆိုတာ မဆုံးဖြတ်ရသေးဘူး။

မေး။ ။ လာမဲ့ လွှတ်တော်ထဲမှာ မီဒီယာ ဥပဒေ မူကြမ်းတင်မယ် ဆိုတာလည်း ကြားမှာပေါ့။ ကိုစည်သူအနေနဲ့ကော မြန်မာနိုင်ငံအတွက် ဘယ်လိုသတင်းမီဒီယာမျိုး ရှိသင့်တယ်လို့ မြင်သလဲ။

ဖြေ။ ။ သူတို့ပြောတာတယ် မီဒီယာဥပဒေကို လူအခွင့်အရေးပေါ်မှာ မူတည်ပြီးတော့ ဆွဲမယ်ပေါ့။ ဒါကတော့ ဖြစ်သင့်တယ် မှန်ပါတယ်။ သူတို့ဘက်ကချည်းဘဲ ဆွဲသွားမယ်၊ သတင်းထောက်တွေဘက်က မစဉ်းစားဘူး၊ ငဲ့ညာမှု မရှိဘူး၊ သတင်းထောက်တွေဘက်က မေးမြန်းမှုမရှိဘူးဆိုရင် ဒါဟာ တစ်ဖက်သတ် ဆွဲတဲ့ ဥပဒေဖြစ်သွားမှာပေါ့။ သတင်းထောက်တွေဆီက အကြံဥာဏ်တောင်းသင့်တယ်။ သတင်းထောက်တွေဆီကနေ အကြံဥာဏ်တောင်းမယ် ဆိုပြီးတော့မှ ဦးခင်ရွှေလိုမျိုး လုပ်တာမျိုးတော့ လက်မခံဘူး အလွဲသုံးစား လုပ်သွားတယ်လို့တော့ ကျွန်တော်မြင်တယ်။ တကယ်တမ်းဥပဒေပေါ်သင့်တယ် ဆိုရင်တော့ လွတ်လပ်မှုရှိရမယ် ဒါပေမဲ့ အဲ့လွတ်လပ်မှု အားလုံးကိုလဲ သတင်းထောက်အားလုံးက တာဝန်ယူရမယ် ကိုယ့်ရဲ့ ကာယကံ ၊ ၀စီကံ ၊ မနောကံကို အားလုံးကိုယ်က တာဝန်ယူရမယ်။ ရဲရဲဝံ့ဝံ့တာဝန်ယူရမယ် အဲ့လိုဘဲ သတင်းလိုက်နေတဲ့ အခါမှာလဲ ဆိုင်ရာပတ်သက်တဲ့လူတွေကလဲ ဒီလိုပဲ ရင်ဆိုင်ရမယ်။ မီဒီယာကို ရှောင်လွှဲတယ်ဆိုတဲ့ လူတော်တော်များများက ဘယ်လိုလူမျိုးတွေ ရှောင်လွှဲလဲဆိုတော့ မဟုတ်မမှန်ပဲလုပ်တဲ့ သူများသာ ရှောင်လွှဲတာများပါတယ်။ အခုချိန်မှာ မီဒီယာသမားတွေတင် လွတ်လပ်ဖို့တင်မကဘူး ပြည်သူလူထုကလဲ လွတ်လပ်မှ ပြောရဲဆိုရဲတာဖြစ်မှာ ပြည်သူလူထုကို သွားကြပ်ထားမယ် မီဒီယာသမားကို လွတ်လပ်ခွင့် ပေးထားမယ်၊ ပြည်သူလူထုကို သွား ကြပ်ထားရင် ပြည်သူလူထုက ဘယ်လိုဖြေမလဲ။ ဒါဆို ကျွန်တော်တို့ သတင်း ဘယ်လိုရမလဲ။ အဲ့ဒါဆိုရင်လဲ ပြုပြင်ပြောင်းလဲရေး ဘယ်လို လုပ်မလဲ။ ဒီလိုဆို ဆိုးကျိုးတွေကို ဆက်လက် ခံစားသွားရမှာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts