>Rangoon Street Journalist – March 2nd Week 2011

>

ရန်ကုန်ရှုခင်း – မတ်လ ဒုတိယပတ် ၂၀၁၁
လူထုအုံကြွမှုဖြစ်မည်ကို နအဖ စစ်အစိုးရ စိုးရိမ်၊ ဓါတ်ဆီဝယ်ခွင့် စာအုပ်ပြန်လုပ်ပြီ
လမ်းလျှောက်ဂျာနယ်လစ် ၊ ရန်ကုန်
ဓါတ်ဆီစာအုပ်ပြန်လုပ်ပြီ
စက်သုံးဆီဖြန့်ဖြူးတဲ့ လုပ်ငန်းကို ပုဂ္ဂလိကပိုင် ပြုလုပ်ပြီး ၉လအကြာမှာ ပထမဆုံးအကြိမ်အဖြစ်  ဓါတ်ဆီသုံးကားတွေ ၀ယ်ယူခွင့်စာအုပ် လုပ်ဖို့လိုအပ်ပြီလို့ အသိပေးကြေညာ ပြန်ပါတယ်။
လွန်ခဲ့တဲ့လမှ စပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လူထုအုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး တနိုင်ငံမှ တနိုင်ငံမြန်ဆန်စွာ ကူးစက်ခဲ့တဲ့အဖြစ်က နအဖ စစ်အစိုးရကို တပ်လှန့်သလိုဖြစ်စေခဲ့ပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်၊ လောင်စာဆီဈေးမြင့်တက်မှုကြောင့် လူထုမကျေနပ်မှု မြင့်တက်လာပြီး လူတွေလမ်းပေါ်ထွက်လာကြမှာကို စိုးရိမ်နေပုံရတယ်လို့ ရန်ကုန်မြို့မှ အယ်ဒီတာတဦးက မှတ်ချက်ချပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လူထုအုံကြွမှုဖြစ်ပွား လာရုံတင်မကပဲ လစ်ဗျားမှာ ပြည်တွင်းစစ်ဖြစ်မယ့် အရိပ်အရောင်တွေပေါ်လာတဲ့အခါ ကမ္ဘာ့ရေနံဈေးလည်း သိသိသာသာ မြင့်တက်လာပြီး တကမ္ဘာလုံးကို စိုးရိမ်ပူပန်စေခဲ့ပါတယ်။ မြန်မာစစ်အစိုးရအဖို့တော့ တဘက်မှာ နိုင်ငံရေးအရ စိုးရိမ်မှုရှိနေတဲ့ အပြင် ရေနံဈေးမြင့်တက်မှုကလည်း ပြည်တွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တာကြောင့် အခြားတစ်ဘက်မှာ စိုးရိမ်နေတာပါ။
ဒါကြောင့် ယခုလို ကားတွေကို ဓါတ်ဆီဝယ်ခွင့် စာအုပ်ပြန်ကျင့်သုံးဖို့ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။
ဒါဟာဓါတ်ဆီဈေး မြင့်တက်လာတဲ့ အချက်က လူထုအုံကြွမှု ဖြစ်ပွားဖို့ အစဖေါ်စေနိုင်တာကြောင့် စစ်အစိုးရက ဓါတ်ဆီဈေးကို ပြန်လည်ထိမ်းချုပ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။
မနှစ် ဇွန်လ၁၀ ရက်နေ့ကစပြီး ပုဂ္ဂလိက စက်သုံးဆီဆိုင်တွေ စတင်ရောင်းချခဲ့ပါတယ်။ ယခင် အစိုးရကတာဝန်ယူဖြန့်ဖြူးစဉ်ကနဲ့ မတူပဲ ကြိုက်သလောက် ၀ယ်ယူနိုင်သလို ဘယ်နယ်မြေမှာ ၀ယ်ရမယ်၊ ဘယ်ဆိုင်မှာဝယ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ ကျော် တောက်လျှောက်ကျင့်သုံးခဲ့တဲ့ ဓါတ်ဆီဝယ်ယူခွင့် စာအုပ်ကိုလည်း သုံးစရာမလိုပဲ ၀ယ်ယူနိုင်ခဲ့ပါတယ်။
ဓါတ်ဆီ တစ်ဂါလံ ၂၅၀၀ ကျပ်နဲ့ လွတ်လွတ်လပ်လပ် ၀ယ်နိုင်တဲ့ကာလဟာ ယမန်နှစ်ဇွန်လဆန်းမှ အောက်တိုဘာ အထိသာ ကြိုက်သလောက် ၀ယ်နိုင်ပြီး အောက်တိုဘာနောက်ပိုင်းမှာတော့ ဂါလံ ပြန်ကန့်သတ်ခဲ့ပါတယ်။
အဲလိုရောင်းချပြီး ၉လအကြာမှာတော့ တဖန်ပြန်ပြီး ခွဲတမ်းနဲ့ ဓါတ်ဆီဝယ်ယူဖို့ ပြန်ဆုံးဖြတ်ခဲ့ပြီး နကိုလမ်းဟောင်းကို ပြန်ကွေ့သွားတဲ့သဘောပါ။ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးခဲ့ပေမယ့် ပုဂ္ဂလိက ဖြန့်ဖြူးသူတွေဆီ အစိုးရ ဓါတ်ဆီကို တဂါလံ ၂၃၅၀ ကျပ်နဲ့ရောင်းပေးပြီး လက်လီရောင်းရာမှာ ၂၅၀၀ ကျပ်ထက်မပိုရလို့ သတ်မှတ်ခဲ့တာပါ။ ဈေးနှုန်းကို ဈေးကွက်က လွတ်လပ်စွာဆုံးဖြတ်တဲ့ စနစ်ဆီသွားဖို့ ဆက်မလုပ်တော့ပဲ နကိုလုပ်နေကြလမ်းအတိုင်း သတ်မှတ်ချက်နှုန်းနဲ့ ရောင်းချခိုင်းတဲ့ စနစ်ဆီ ပြန်လျှောက်သွားတာပါ။
၂၀၀၇ ခုနှစ် သြဂုတ်လလယ်မှာ ဓါတ်ဆီနဲ့ ဒီဇယ်ဆီကို ၂ဆ၀န်းကျင် မြှင့်တက်ပြီးနောက် ၈၈ မျိုးဆက်ကျောင်းသားတွေဦးဆောင်တဲ့  လမ်းလျှောက်တဲ့ လှုပ်ရှားမှုက သံဃာ့အရေးအခင်းကြီးရဲ့ ရှေ့ပြေးဖြစ်ရပ်ပါ။ ဒီအကြောင်းအကျိုးဆက်စပ်မှုကို စစ်အာဏာရှင်တွေ အနေနဲ့ မမေ့သေးပါဘူး။ ဒါကြောင့် ကုန်ဈေးနှုန်းမြင့်တက်လို့ လူတွေလမ်းပေါ်ထွက်လာမှာကို စိုးရိမ်နေမှာ မလွဲပါဘူး။
ကုန်ဈေးနှုန်း တက်မှာစိုးတာကြောင့် ကုန်တန်ပို ပြန်တင်ခွင့်ပြု
အာဆီယံစံနှုန်းလို့ ခေါ်တဲ့ ၀င်ရိုးဘီးအရေအတွက်ပေါ်မူတည်ပြီး သတ်မှတ် ကုန်တန်ချိန်အထိသာ တင်ဆောင်ခွင့်ပြုတဲ့ စနစ်ကို ကျင့်သုံးပြီး လအနည်းငယ်အကြာမှာ အဆိုပါစနစ်ကို ရပ်ဆိုင်းထားလိုက်ပြီး နကိုအတိုင်း ကုန်တင်ယာဉ်တွေ အနေနဲ့ မိမိတင်နိုင်တဲ့ ပမာဏကို တင်ခွင့်ပြန်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်က အာဆီယံစံနှုန်းလို့ခေါ်တဲ့ သတ်မှတ်ကုန်တန်ချိန်သာတင်ရမယ်ဆိုတဲ့ သတ်မှတ်ချက် စည်းမျဉ်းထုတ်ပြန်ပြီးနောက် ဇန်န၀ါရီလထဲမှာ မြန်မာနိုင်ငံမှ ကုန်စည်ပို့ဆောင်ခတွေ ၂ဆနီးပါ မြင့်တက်ကုန်ပါတယ်။ နကိုက ဆေးရွက်ကြီး တထုပ်ကို ရန်ကုန်မှ ဖားအံသို့ ၁၈၀၀ ကျပ် ကျသင့်ရာမှ ဇန်န၀ါရီလမှာ  ၃၀၀၀ ကျပ်အထိ  မြင့်တက်သွားပါတယ်။
ကုန်သယ်ပို့ခမြင့်တက်တာကြောင့်လည်း ကုန်ပစ္စည်းဈေးတွေ မြင့်တက်ကုန်ပါတယ်။ အခုလို ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်သွားတဲ့ အဖြစ်ကြောင့် လူထုအကြား မကျေနပ်မှုတွေ မငြိမ်သက်မှုတွေကို ဖြစ်ပေါ်မှာကို စစ်အစိုးရအနေနဲ့ စိုးရိမ်လာပါတယ်။ ဒါကြောင့် မကြာခင်က နိုင်ငံခြား ဆန်တင်ပို့မှုကို ယာယီ ရပ်ဆိုင်းစေခဲ့ပါတယ်။ ဆန်ဈေးမြင့်တက်၊ လောင်စာဆီဈေးမြင့်တက်၊ ကုန်ပို့ခမြင့်တက်တာတွေ ပေါင်းဆုံသွားရင် လူထုအနေနဲ့ မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။
ဒီ ဆုံးဖြတ်ချက်ကို မတ်လ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယခု တလော ပြည်တွင်းသတင်းဂျာနယ်တွေနဲ့ ပြည်ပ သတင်းဝက်ဆိုက်အချို့မှာ ကုန်ဈေးနှုန်းမြင့်တက်တဲ့ သတင်းတွေနဲ့ ပြည့်လျှံနေတာတွေ့ပါလိမ့်မယ်။ ရွှေဈေးမြင့်တက်တဲ့ သတင်း၊ လောင်စာဆီမြင့်တက်တဲ့သတင်း၊ အိမ်ခြံမြေ ဈေးနှုန်းမြင့်တက်တဲ့သတင်း၊ အခွန်အကောက်မြင့်တက်တဲ့ သတင်း၊ ဆန်ဈေးမြင့်တက်တဲ့ သတင်းတွေ ဂျာနယ်တိုင်းမှာ တွေ့ရ ဖတ်ရှုရမှာပါ။
ဒီလိုဖြစ်ပျက်တာဟာ စစ်အစိုးရရဲ့ တလွဲစီမံခန့်ခွဲမှုတွေကြောင့် ဖြစ်ပါတယ်။ အာဆီယံစံနှုန်း သတ်မှတ်ချက်ကို လိုက်နာဖို့ လုပ်ဆောင်ရတာဟာ ၂၀၁၅မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား တနိုင်ငံနဲ့ တနိုင်ငံ ကုန်သွယ်ရေးအရပါ ကူးလူးဆက်သွယ်လာရင် တခြားနှိုင်ငံတွေရဲ့ စံနှုန်းအတိုင်း လိုက်လုပ်ရမှာမို့လို့ အခုကတည်းက လုပ်ဆောင်တာလို့ စစ်အစိုးရက ပြောပါလိမ့်မယ်။ ဒီအချက်ထက် ကုန်စည်ပို့ဆောင်မှုနှုန်းတွေ ဈေးမြင့်စေတာဟာ အခြားသော အခွန်အကောက်တွေ ၊ စစ်ဆေးရေးဂိတ်တွေ အဆင့်ဆင့်ထားရှိတာကြောင့် ကုန်ကျစရိတ်မြင့်တက်တာတွေလည်း ပါဝင်နေတယ်ဆိုတာ လက်ခံပုံမရပါဘူး။
ဒါကြောင့် လတ်တလော ဖြစ်ပေါ်နေတဲ့ အကြောင်းရင်း တခုကိုသာ ဖြေရှင်းဖို့ကြိုးစားပြီး နှစ် ၃၀၊ ၄၀ ကြာစွဲမြဲနေတဲ့ ကုန်စည်စီးဆင်းမှု အတားအဆီးတွေ၊ စစ်ဆေးပြီး ကောက်ခံတဲ့ အကောက်ခွန်တွေကြောင့် ကုန်ပစ္စည်းဈေးမြင့်တက်လာတဲ့ အဖြစ်ကိုတော့ သိရှိပုံမရပါဘူး။
နိုင်ငံရေးမှာ အင်တာနက် သုံးမှာစိုး၍ နှေးကွေးအောင်လုပ်
ကိုယ့်အိမ်မှာ သုံးနေတဲ့ အင်တာနက်က ဘယ်ဝက်ဆိုက်မှ ၀င်လို့မရ ဖြစ်နေချိန်မှာ ကိုယ့်အနီးအနားမှာရှိတဲ့ အင်တာနက်ကဖေးထဲမှာ လူတွေသုံးနေတာတွေ့မြင်ရတော့ စိတ်ထဲ မခံချိမခံသာဖြစ်လာပါတယ်။ သူတို့ဆိုင်တွေမှာ သုံးလို့ရနေပြီး ငါတယောက်ထည်း အင်တာနက် သုံးမရဖြစ်တာလားပေါ့။ အဲဒီဆိုင်ကသူတွေကျတော့ ဘာလို့သုံးနေနိုင်သလဲ ဆိုပြီး သိချင်စိတ်ရော ကိုယ့်အင်တာနက်လိုင်းကို ဘ၀င်မကျတဲ့ ခံစားချက်တွေနဲ့ သုံးသူ ၇၊ ၈ယောက်ရှိတဲ့ အင်တာနက်ဆိုင်ထဲ ၀င်ပြီး မေးကြည့်မိပါတော့တယ်။
“အင်တာနက်ရလား” လို့မေးလိုက်တဲ့အခါ ဆိုင်ဝန်ထမ်းဖြစ်သူက “မေးလ် တော့မရဘူး ဂျီတော့ခ်တောင် ကြာမှတက်တယ်”လို့ဖြေပါတယ်။ သုံးနေတဲ့သူတွေကို ကြည့်လိုက်တဲ့အခါမှာ ဂျီတော့သုံးသူတ၀က်နဲ့ နက်ဝေါ့ခ ဂိမ်းကစားနေသူ တ၀က်ရှိတာကိုတွေ့ရပါတယ်။ အဲဒီတော့မှ အော် အင်တာနက်က ဘယ်မှာမှမရပါလား လို့သဘောပေါက်သွားပါတယ်။ တပြိုင်နက်ထဲမှာလည်း မြန်မာပြည်မှာ အင်တာနက်ဆိုတာ ဂျီတော့ခ်ကိုလည်း ခေါ်ပါလားလို့ ဆိုတာကိုပါ သိလိုက်ရပါတယ်။
အုပ်ချုပ်သူ စစ်အစိုးရရဲ့ သားသမီး၊ ချွေးမ၊ ခမည်းခမက် နဲ့ စပ်တူ့ပိုင်တဲ့ ကုမ္ပဏီတွေက ၀ိုင်မက်စ်၊ အက်ဖ်တီတီအိတ်စ် (Fibre to Home) ငါးသိန်းဖုန်း အင်တာနက်၊ မက်ဝေးလ် ဖုန်းအင်တာနက်အစရှိတဲ့ ၀န်ဆောင်မှုတွေကို လုပ်ကိုင်ခွင့်ပေးထားပြီး အင်တာနက် လိုင်းတွေအမျိုးမျိုး ချရောင်းနေချိန်မှာ ၀ယ်ပြီးသား သူတွေကတော့ အင်တာနက်မရလဲ အပြစ်တင်ခွင့်မရှိ၊ တလလုံးလုံး လိုင်းကျနေလည်းပဲ လကုန်ရင် လစဉ်ကြေး အပြည့်ပေးသွင်းနေရပါတယ်။
အင်တာနက်ဆိုင်တွေဟာလည်း တလလုံး အင်တာနက် လိုင်းမကောင်းလို့ ၀င်ငွေမရှိလည်းပဲ စည်ပင်သာယာကို လုပ်ငန်းလိုင်စင်ခွန် အပြည့်ဆောင်ရမှာ ဖြစ်သလို မြန်မာနိုင်ငံ သတင်းနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အများသုံး အင်တာနက်ဆိုင် လိုင်စင်ကြေး တလ ၅သောင်း၊ အင်တာနက် လိုင်း လစဉ်ကြေး စတဲ့ကုန်ကျစရိတ်တွေက လျော့ပေါ့ပေးခြင်းမရှိပါဘူး။
မြောက်ဥက္ကလာမြို့နယ်ထဲက အင်တာနက်ဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်သူက လိုင်းကျနေလို့ အင်တာနက် ၀န်ဆောင်တဲ့ မြန်မာ့ဆက်သွယ်ရေးကို ဖုန်းလှမ်းဆက်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးကတော့ ဘာကြောင့် ဖြစ်တယ်။ ဘယ်လောက်ကြာမယ် ၊ ဘယ်တော့ပြန်ကောင်းမယ်ဆိုတာ ရေရေရာရာ အဖြေမပေးဘူးလို့ ပြောပါတယ်။ ဆိုင်ထဲမှာ ကွန်ပျူတာ တ၀က်ကို ဂိမ်းလည်းကစားနိုင်အောင် လုပ်ထားပေးပြီး အနီးအနားက ၁၀နှစ်ကျော် အရွယ် ကလေးတွေ ဂိမ်းကစားနိုင်အောင် ၀န်ဆောင်မှုပေးပြီး ဆိုင်ဝင်ငွေ နည်းနည်းပိုရအောင် လုပ်ထားတာတွေ့ရပါတယ်။ ယခင်လိုင်းကောင်းစဉ်မှာ နိုင်ငံခြားကို အွန်လိုင်းကဖုံးပြောဖို့လာတဲ့ ဖောက်သည်တွေလည်း အင်တာနက် နှေးလွန်းတော့ ပြောလို့မရတာနဲ့ ယခုရက်ပိုင်း မလာတော့ဘူး လို့ပြောပါတယ်။
စစ်အစိုးရအတွက် ဘယ်သူပဲ ဆက်သွယ်ရေး ပြတ်ပြတ်၊ ဘယ်စီးပွားရေးလုပ်ငန်းပဲ ထိခိုက်ပါစေ၊ ဘယ်ကျောင်းသားတွေ ကျောင်းတက်ဖို့ ပညာရေးလေ့လာဖို့ သုံးမရဖြစ်ဖြစ် သူတို့ဂရုမစိုက်ပါဘူး။ အာဏာတည်မြဲရေးကို ခြိမ်းခြောက်နေတဲ့ အရာမှန်သမျှ ပိတ်ဖို့ ဖြတ်ဖို့ အမိန့်ပေးထားပြီးသားပါ။
မြန်မာပြည်မှာ စစ်အစိုးရရဲ့ အာဏာတည်မြဲရေးဆိုတဲ့ အရာဟာ လူထုတစ်ရပ်လုံးရဲ့ စီးပွားရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ လူမှုရေး ဆိုတာတွေထက် အမြဲတမ်းအရေးကြီးနေတာပါ။ ဘယ်သူတွေဘာဖြစ်ဖြစ် သတင်းအချက်အလက်များ လူထုကို အဆက်ဖြတ်လိုသည့်အခါ အင်တာနက် ကျောရိုးကိုလည်း ဖြတ်တောက်ပြစ်ရန် ၀န်လေးသူများ မဟုတ်။
မကြာခင်ကျရောက်လာမယ့် ငွေကြေးဖောင်းပွမှု
ယခုတလော အများဆုံး ပြောဆိုနေကြတဲ့ အကြောင်းအရာကတော့ ၀န်ထမ်းတွေလစာတိုးမယ်ဆိုတဲ့ သတင်းပါ။ နောက်အုပ်ချုပ်မယ့် အစိုးရအသစ်မှာ သမတရဲ့ လစာက သိန်း ၅၀ လို့ဆိုတာကြောင့် ကျန်တဲ့ အဆင့်ဆင့်သော ၀န်ကြီးတွေ၊ ညွှန်ချုပ် ညွှန်မှူးနဲ့ ၀န်ထမ်းတွေရဲ့ လစာနှုန်းကို တွက်ချက်လိုက်တဲ့အခါ လက်ရှိလစာနှုန်းထားနဲ့ မကိုက်ညီတော့ပါဘူး။ အဲဒီအချက်ကြောင့် ၀န်ထမ်းတွေကို လစာတိုးမယ့် သတင်းထွက်ပေါ်လာရခြင်းလည်း ဖြစ်သလို ၀န်ထမ်းတွေအကြားထဲမှာလည်း လစာတိုးမယ်ဆိုရင် လုပ်လေ့လုပ်ထရှိတဲ့ pay role တွေပြန်တွက်ချက်တာ လုပ်ဆောင်နေတယ်လို့ ကြားသိနေကြရလို့လည်း ဖြစ်ပါတယ်။
လစာတိုးမယ်ဆိုရင် အဲဒါရဲ့ အကျိုးဆက်က ဘာဖြစ်မလဲဆိုရင် လူအများက ချက်ခြင်းပဲ ငွေဖောင်းပွလာမှာလို့ ဖြေကြပါလိမ့်မယ်။ လစာတိုးတဲ့အတွက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာလိမ့်မယ်။ သယ်ယူပို့ဆောင်ခတွေ၊ ဆန်၊ စားသောက်ကုန်တွေက ယခုကတည်းက အထိုက်အလျောက်မြင့်တက်နေပါပြီ။ အစိုးရရဲ့ အခွန်ကောက်တိုးမြှင့်ကောက်ခံတာ၊ ကုန်သွယ်မှု အတားအဆီးတွေကို ဖြစ်စေတဲ့ ဥပဒေ၊ စည်းကမ်းတွေပြဋ္ဌာန်းတာတွေကြောင့် ယခုလထဲမှာ နန်းကြီးသုပ် တပွဲကို ၁၀၀၀ ကျပ်ထိ အချို့ဆိုင်တွေက ဈေးမြှင့်လိုက်ကြပါပြီ။ အရင်က ၆၀၀၊ နောက်မကြာသေးမီ အချိန်ထိ ၇၀၀ ကျပ်လောက်ရှိခဲ့တဲ့ နန်းကြီးသုပ် ၊ အုန်းနို့ခေါက်ဆွဲလို စားစရာက အခုတစ်ပွဲကို တစ်ထောင်ကျပ် ဖြစ်သွားခဲ့ပါပြီ။
လောင်စာဆီဈေးမြင့်တာကြောင့် ကုန်ပစ္စည်းပို့ခမြင့်လာ၊ ကုန်ပစ္စည်းဈေးမြင့်လာလို့ စားစရာသောက်စရာလည်း ဈေးလိုက်မြင့်လာပေမယ့် လူအများစုရဲ့ လုပ်ခလစာတွေက သိသိသာသာ မမြင့်တက်လာသေးပါဘူး။
ဒီအဖြစ်တွေကြောင့် လှိုင်သာယာက အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံနဲ့ အခြားသော စက်ရုံတွေမှာ အလုပ်သမားတွေက သူတို့ရပိုင်ခွင့်ကို ဆန္ဒပြတောင်းဆိုနေကြပါပြီ။ စစ်အစိုးရကတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအကြားမှာ ဖြစ်တဲ့ပြဿနာကို တိုက်ရိုက်ဝင်စွက်ဖက်တာ မလုပ်ပဲ ပြင်ပကိုမကူးစက်အောင် စက်ရုံတွေကို အရပ်ဝန်ရဲ၊ ထောက်လှမ်းရေးတွေနဲ့ ၀ိုင်းရံထားကြပါတယ်။
စစ်အစိုးရအနေနဲ့ အစိုးရ၀န်ထမ်းတွေကို လစာတိုးမြှင့်လိုက်မယ် ဆိုရင် ဒါရဲ့ အကျိုးဆက်ဖြစ်တဲ့ လစာတိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ ပုဂ္ဂလိက ကဏ္ဍမှာ ပွက်လောရိုက်လာမှာ သေချာပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts