>Why Korea Series better than Burmese – My Academy Sein

>

ကိုရီးယားကားများ ဘာကြောင့် မြန်မာကားများထက် သာရသလဲ
မိုင်အကယ်ဒမီစိန်
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၁
  “ဒီ မင်းသားက လှေကားထစ်ကလေးများ ထဲကလေ”
 “ဟန်ဂါအင် (အွန်းဖာ) သိပ်တော်တယ်။ ချစ်သူနယ်နမိတ် ထဲမှာနော်။”
“သူက ပန်းချီဆရာ လုပ်တဲ့သူပေါ့”
“ဟောသည် အဘိုးကြီးက ကြယ်စင်ထဲက”
“အဲဒီ ဂျန်ဟီး”
“အဲဒီ မင်းသားက လက်ဝှေ့ထိုးတဲ့ ကားထဲက”
“အို… အဲဒါ နီယွန်းထယ် ပါတဲ့။”
ဤကား ကိုရီးယားမင်းသား မင်းသမီးများကို မြန်မာပရိသတ်များ မှတ်မိလိုက်ပုံ ဖြစ်ပါသည်။ မွေးနေ့များတောင်  အလွတ်ရနေသူများ ရှိပါတယ်။
“ဟဲ့ … အဲသည်မင်းသမီးလေ … ဟိုမိုဘိုင်းဖုန်းထဲကနေ စတားဖြစ်သွားတာ”
“ဒီ မင်းသားက တနေ့ကပဲ ဟိုမင်းသမီးနဲ့ သတင်းပြေးတယ် ဆိုတာ”
“အဲဒါ ဟိုပေါ်လစီကားထဲက သရုပ်ဆောင်ပြီး မင်းသား ဖြစ်သွားတာပေါ့။”
“ဒီ မင်းသမီးလေ…မသိဘူးလား….တနေ့ က ဖက်ရှင်ကြော်ငြာထဲမှာ ရင်လျားဝတ်ထားတဲ့သူလေ”
“အဲဒါပေါ့ … ဟို ကြော်ငြာထဲမှာ ပေါင်ပေါ်အောင် ၀တ်ထားတဲ့မင်းသမီး”
“ဟဲ့ အဲဒါဘရာစီယာကြော်ငြာထဲက လေ”
အဲ…. အဲဒါတွေကတော့ ယနေ့ခေတ် မြန်မာမင်းသား မင်းသမီးများကို မြန်မာပရိသတ်များ မှတ်မိလိုက်ပုံဖြစ်ပါသည်။
စိတ်လည်း ညစ်မိပါရဲ့ဗျာ။ အဲဒါတွေ အမှန်တရားတွေပါ။ စစ်အစိုးရလက်ထက်မှာ အနုပညာသည်တွေရဲ့ အခြေအနေမှန်တွေ။ ဒါဘာကြောင့်လဲဆိုတာကို အခု ရေးမလို့။
အရင်တုန်းကဆို ၀င်းဦး၊ ခင်သန်းနု၊ မြင့်မြင့်ခင်၊ နွဲ့နွဲ့မူ၊ ၀ါဝါ၀င်းရွှေ၊ ညွန့်ဝင်း၊ ဒေစီကျော်ဝင်း၊ ထွန်းဝေ၊ ကျော်ဆွေ၊ အောင်လွင်တို့ ဆိုတာ မြန်မာပရိသတ်ပါးစပ်ဖျားမှာ မချခဲ့ပါဘူး။ ဒါ့အပြင် ဟာသဆိုတဲ့ ခေတ်တစ်ခေတ်ကို ပေးခဲ့တဲ့ သမန်းကျားအုပ်စုကိုလည်း မမေ့နိုင်ပါဘူး။ သူတို့သရုပ်ဆောင်တဲ့ကားများနဲ့ တွဲပြီး မှတ်မိနေကြတာပါ။ ယခုခေတ် ကိုရီးယားကားများကို မှတ်မိနေကြသလိုပါပဲ။
ကိုရီးယားကားများကျတော့ ကိုရီးယား မင်းသား မင်းသမီးများကို ဇာတ်ကားထဲက အမည်များ တွင်ကျန်ရစ်ပုံတွေကတော့ မူရင်းအမည်များထက် မှတ်ရ လွယ်တဲ့ အမည်ကို မှတ်မိသွားကြပါတယ်။ မြန်မာမင်းသား မင်းသမီးများရဲ့ အမည်ရင်းများထက်ကို ဇာတ်ကားထဲက  ဇာတ်ကောင်အမည်တွင်တယ် ဆိုတဲ့ ကားတွေလည်းရှိပါတယ်။
ဥပမာ “မေတ္တာရှင်မလေး ညိမ်းညိမ်းအိ” ကားထဲက အင်္ဂလန်စိန် ဆိုတဲ့ အမည်ပျောက်ပြီး ညိမ်းညိမ်းအိ အမည်တွင်သွားသလို ပေါ့ဗျာ။ ဆိုလိုတာက မြန်မာရုပ်ရှင်ခေတ်တစ်ခေတ်ဟာလည်း ကိုရီးယားခေတ်ထက် သာခဲ့ပါတယ် ဆိုတာကို ပြောချင်တာပါ။
အဲသည်ခေတ်ရဲ့ ရှေးခေတ်ကဆိုလည်း သူ့ခေတ်နဲ့သူ ဆိုသလို အမှတ်တရများ ကျန်ခဲ့ကြပါတယ်။။ အဲသည်ခေတ်အခါမှာလည်း သူ့နည်းသူ့ဟန် ဖက်ရှင်ခေတ်တို့ ဆိုတာ ရှိခဲ့မှာပါပဲ။ သို့သော် ယနေ့ခေတ်လောက် ဖက်ရှင်ကို ဦးစားပေးတာ၊ အလှအပကို ပြိုင်ကြတာ၊ အ၀တ်အစားကို လွန်ကဲတာ မရှိပါဘူး။ ပိုက်ဆံ အသုံးအဖြုန်းကတော့ ပြောမနေပါနဲ့တော့။ မိုဘိုင်းခေတ်၊ ဘာခေတ်၊ ညာခေတ်တဲ့ ဗျား။ လိုက်မမှီတော့လောက်အောင် မိုးပေါ်မှာ နေ နေကြလေရဲ့။
ကိုင်း … ထားပါတော့။ အခု ဆွေးနွေးမှာက ဘာကြောင့် ကိုရီးယားကားများက သာနေရသလဲ ဆိုတာ ဖြစ်ပါတယ်။ အခု လေ့လာမိသလောက် ပြောရရင် သူတို့တိုင်းပြည်မှာ စစ်အစိုးရက အနုပညာသည်များကို ဂုတ်ကနေ ဖမ်းဆွဲထားတဲ့ ဥပဒေ မရှိဘူး။ ဆိုလိုတာက ပေါ်လစီကားတို့၊ ပေါ်လစီ သီချင်းတို့၊ အဖား အယားများ မရှိဘူး လို့ စတင် သုံးသပ်မိတယ်။ (ဒါကတော့ မိုင်အကယ်ဒမီ အနေနဲ့ အပေါ်ယံ အမြင် ဖြစ်ချင် ဖြစ်မယ်။)။
ဒီတော့ကာ အနုပညာလွတ်လပ်ခွင့်ကို ပေးထားတယ်။ ရုပ်ရှင်မင်းသား မင်းသမီးများရဲ့ မျက်နှာအမူအယာများဟာ ကြည့်လိုက်တာနဲ့ လွတ်လပ်နေတယ်လို့ ခံစားရတယ်။
“ဒီ သရုပ်ဆောင်တော့ ဘယ်နေ့ စစ်အစိုးရရဲ့ ပေါ်လစီကား ခေါ်ရိုက်ခံ ထိမလဲ”
“ဒီလူတော့ ပေါ်လစီသီချင်း ဆိုခိုင်းလဲ ဆိုမယ့်ပုံပဲ”
ဆိုတဲ့ အမြင်မျိုး လက္ခဏာ မရှိဘူး။
(ဒီနေရာမှာလည်း ရိုက်ချင်နေတဲ့ သရုပ်ဆောင်တွေ ရှိချင် ရှိနေဦးမှာ။ အတတ်ပြောလို့တော့ မရသေးဘူး။)
ဒါတင်လား ဆိုတော့ မဟုတ်သေးဘူး။ ဇာတ်လမ်းများကို ကြည့်လိုက်ရင်လည်း လွတ်လပ်တယ်။ ဥပမာ – လူကြီးမင်း သားသမီးများဟာ ဥပဒေအပြင်ဘက်မှာ ဘယ်လိုနေထိုင် နေတယ်။ လူသတ်မူကိုတောင်မှ ကျူးလွန်ပြီး လွတ်သွားပုံ၊ ဆင်းရဲသားများ အနှိပ်စက်ခံရပုံ၊ ရိုးသားသူများကို ချောင်ထိုးထားပုံ (အဲ … တချို့ အခန်းများ စစ်အစိုးရက ဖြတ်တောက်တာတောင် ရှိတယ်။ အဲဒါသာ ကြည့်တော့)။
ဒါ့အပြင် အပြင်မှာတောင်မှ စိတ်မကူးရဲတဲ့ အခန်းများ …. ဥပမာ အိမ်ထောင်မပြုခင် ကိုယ်ဝန်ရှိတာ၊ ဗိုက်ကြီးနဲ့ ယောကျာင်္း မရှိဘဲ အိမ်ပြန် လာတာ၊ ကလေးလက်ဆွဲပြီး ခပ်တည်တည် အိမ်ပေါ်ပြန်တက်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ သူများ သားမယား ပြစ်မှားတာ၊ အကျင့်စာရိတ္တအားဖြင့် မကောင်းတဲ့ မင်းသား မင်းသမီးများကို ဦးစားပေးပြတာ၊ ကိုယ့်ကြောင့် ကိုယ်ဝန်ရလာတဲ့ မိန်းကလေးကိုတောင်မှ ရှောင်ပြီး မင်းသမီးကိုမှ ယူမယ့် မင်းသားလည်း ရှိသတဲ့။
(အဲ … အဲသည် အခန်းတွေကိုတော့ စစ်အစိုးရက မဖြတ်တောက်ဘူး ခင်ဗျ။ မြန်မာပရိသတ် အားကျအောင်၊ ပျက်စီးစေအောင် ထင်ပါရဲ့)။
ဆိုလိုတာကတော့ဗျာ…။ ကိုရီးယားကားများတင်မက တရုတ်ကားများမှာလည်းအဲသည်လို လွတ်လပ်ခွင့်ပေးထားတဲ့ မူဝါဒမျူိး ရှိတယ်။ မြန်မာသရုပ်ဆောင်များကြတော့ တော်တော်လေးကို ဖားချက်က နာ ဆိုသလိုပဲ စစ်အစိုးရကို ဖားမှ အကယ်ဒမီရမယ်၊ ပေါ်လစီကား ရိုက်ရမယ်၊ (အဲဒါကို ဂုဏ်ယူစရာဖြစ်အောင်လက်ခံနေရတာမျိုး ရှိနေတယ်)။ ဒါမှမဟုတ် နိုင်ငံခြားသွားရမယ်။ ရုပ်မြင်သံကြားမှာ ခဏခဏ အပြခံရမယ်။ စစ်အစိုးရရဲ့ ချီးမြှောက်ခြင်း ခံရမယ်။ စသည် စသည်ဖြင့် အလဲအလှယ် သဘောနဲ့ အနုပညာ လုပ်ကြတာကိုးလေ။ သည်တော့ ဘယ်မှာလာပြီး ဟိုခေတ်က ၀င်းဦးတို့ ခေတ်တုန်းကလို အမူအယာမျိုး၊ ဇာတ်လမ်းမျိုး၊ ဇာတ်ကားမျိုး ရတော့မလဲ။
စစ်အစိုးရရေ…. ခင်ဗျားတို့ ဖျက်ဆီးခဲ့သမျှထဲမှာ အနုပညာကို ဖျက်ဆီးလိုက်တာကတော့ တကယ့်ကို လူသိရှင်ကြားနဲ့ မြန်မာပရိသတ်ကို ညာလို့ မရတဲ့ အခြေအနေကို ရောက်သွားတော့တာပဲ ဆိုတာ သိကြရဲ့လား။ ခင်ဗျားတို့ကြောင့် မြန်မာပရိသတ်က မြန်မာမင်းသား မင်းသမီးများကို အတင်းပြောခံရတဲ့ အဆင့်လောက်ပဲ ရှိသွားပြီပဲ။
မယုံရင် အပြင်ထွက်ပြီး နားစွင့် ကြည့်ပါဦး။ ကိုရီးယားကားများမှသာ လူရာဝင်နေတဲ့ သည်ခေတ်ကို ရောက်အောင် တွန်းပို့လိုက်တဲ့ တရားခံက စစ်အစိုးရပဲဖြစ်ပါတယ်။ ဒါကို ဒီခေတ် မင်းသား မင်းသမီးများက အဖားမပျက်၊ စစ်အစိုးရ အလိုကျ နေနေကြပြီး အနုပညာကို ဖျက်ဆီးတဲ့ဆီ ၀င်ပါနေကြတာကတော့ သိပ်ကို ထင်ရှားနေပါပြီ။
အခုခေတ်တော့ ကလေးချင်း လဲတဲ့ ဇာတ်လမ်းများ ခေတ်စားနေပါတယ်။ မတော်တဆမဟုတ်ဘဲ တမင်တကာ သမီးချင်း လဲတယ်။ သားချင်း လဲတယ် ခင်ဗျ။ တယောက်နဲ့ တစ်ယောက် ကမ္ဘာ့ရန်သူတွေရဲ့ ကလေးချင်းကို လဲပစ်ခံရပြီး ကိုယ့်သွေးသား အမှတ်နဲ့ ချစ်လိုက်ရ၊ တဖက်က ကိုယ့်သွေးသားအရင်းကိုတော့ ရန်သူ့သွေးဆိုပြီး သတ်ဖြတ်နှိတ်စက်၊ ဒီဘက်ကလည်း ကိုယ့်သားမှန်းမသိဘဲ တဖက်က သားကိုမှ မုန်းတီး စက်ဆုတ် ရွံရှာတဲ့ ဇာတ်လမ်းများကို မြန်မာပရိသတ်က အလွန်နှစ်ချိုက်နေကြပါသတဲ့။
အင်း… မျက်စိထဲမှာ သန်းရွှေရဲ့မြေးနဲ့ ဒီမိုကရေစီဘက်တော်သားတယောက်ရဲ့မြေး အလဲခံလိုက်ရတယ် ဆိုရင် ဘာတွေဖြစ်ကုန်မှာပါလိမ့်။ ဒါဆိုရင်ပေါ့လေ….လူသားချင်းစာနာတဲ့စိတ်ကလေးများ ဖြစ်လာမလားပေါ့။ ဖြစ်ပုံတော့ မရပါဘူး။ သူတို့ကြည့်ရတာ တော်တော်ခံနိုင်ရည်အပြည့်ရှိပြီး အသည်းနှလုံးများ မာကြောပုံ ရပါတယ်။
ထားပါတော့လေ။ စကား ဘယ်ရောက်ကုန်ပါလိမ့်…။
ဟော … ကြယ်စင်ညီအမများ တဲ့။ စိတ်ကူးနဲ့ ကြမ္မာ တဲ့။ ရေသူမလေး တဲ့။ မေ့မေတ္တာ တဲ့။ ချစ်သူ့နယ်နမိတ် တဲ့ဗျား။
ယခုခေတ် မြန်မာရုပ်ရှင်အမည်များ မဟုတ်တဲ့ ကိုရီးယားကား အမည်များပါ….။
မြန်မာကားအမည်များလည်း ကြားချင်ပါတယ်။
သို့သော်လည်း တဲ့ အဲ တဲ့ ပေါ့လေ … ။
(Photo credit – http://shegotstyle.co.cc )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts