>In Remembrance of Mya Than Tint

>

ဆရာမြသန်းတင့် ၁၃ နှစ်ပြည့် နှစ်လည်ဆွမ်းကျွေး ကျင်းပ
တာရာဝေယံ
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၁


ဆရာမြသန်းတင့် (၁၉၂၉-၁၉၉၈) ကွယ်လွန်တဲ့ ၁၃ နှစ်ပြည့် နှစ်လည် ဆွမ်းကျွေးကို ကျန်ရစ်သူ မိသားစုများက အမှတ် ၁၇၊ ဖျာပုံလမ်း၊ စမ်းချောင်းမြို့နယ်ရှိ နေအိမ်မှာ ဖေဖော်ဝါရီ ၁၉ ရက် စနေနေ့ နံနက်က ကျင်းပပါတယ်။

ဆရာ့ကို လေးစားချစ်ခင်ကြတဲ့ စာပေနဲ့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူ၊ ဆရာ ဦးဝင်းတင်၊ ဆရာဦးအံ့မောင်၊ ဆရာမုံရွာအောင်ရှင်၊ ဆရာဦးလှရွှေ၊ ဆရာထက်မြက် အစရှိသူတို့ တက်ရောက်ကြပါတယ်။


ဒဂုန်တာရာ




၁၉၉၈ ဧပြီလထုတ် ရနံ့သစ် မဂ္ဂဇင်းပါ ဆရာ တင်မိုး နဲ့ ဆရာ မောင်ခိုင်မာတို့ရဲ့ ကဗျာများ


ဆရာမြသန်းတင့် ဘ၀နှင့်စာပေမှတ်တမ်း


ဆရာမြသန်းတင့်ကို အဖ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ပခုက္ကူခရိုင်၊ မြိုင်မြို့မှာ ၁၉၂၃၊ မေ ၂၃၊ ကြာသပတေးနေ့က မွေးဖွားခဲ့ပါတယ်။ အမည်ရင်း မြသန်း ဖြစ်ပြီး မွေးချင်း ၇ ယောက်မှာ အကြီးဆုံး ဖြစ်ပါတယ်။

၁၉၄၃ ခုနှစ် အာရှလူငယ်အဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၄၄-၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေး မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၄၅-၄၇ မန္တလေးခရိုင်၊ အထက်ဗမာပြည် ဖဆပလ အဖွဲ့ချုပ်၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီကို စတင် တည်ထောင်တော့ ခရိုင်ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။



ကျောက်ပန်းတောင်းမှာ အက်တူး-သခင်သိန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး) နဲ့အတူ လယ်သမားများ သီးစားခ မပေးရေး တိုက်ပွဲ၊ လယ်ငုတ် လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများရဲ့ လယ်များကို အတင်း ဝင်ထွန်ရေး တိုက်ပွဲများကို ဦးဆောင်ခဲ့တယ်။ အထွေထွေသပိတ်ကြီးမှာ မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်ရေး အတွက် တာဝန် ယူခဲ့တယ်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂ၊ လယ်သမား သမဂ္ဂ တို့မှာ အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဖြူးလယ်သမား ကွန်ဂရက်ကြီးမှာ မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တယ်။ ၁၉၄၇ မှာ ပခုက္ကူခရိုင်၊ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။


ဆရာ ပထမဆုံး ရေးသားတဲ့ ဒုက္ခသည် ဝတ္ထုတိုကို တာရာမဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၂၁၊ ၁၉၄၉ မှာ ဖော်ပြခဲ့ပါတယ်။ ကိုသန်းတင်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်းတို့နဲ့အတူ စာပေသည် ပြည်သူ့အတွက်ဆိုတဲ့ ကြွေးကြော်သံနဲ့ စာပေသစ်မဂ္ဂဇင်းကို ၁၉၅ဝ မှာ ဦးဆောင်ထုတ် ဝေတယ်။ ဂေါ်ကီရဲ့ မာလ်ဗာနှင့် အခြားဝတ္ထုတိုများကို ပထမဆုံး ဘာသာပြန်လက်ရာအဖြစ် ၁၉၅၁ မှာ ရေးသား ထုတ်ဝေပါတယ်။
၁၉၅၂ မှာ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း တို့မှာ အလုပ် အမှုဆောင်အဖြစ် ဆောင်ရွက်ပါတယ်။ စာပေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ပြည်ထောင်သစ် ဂျာနယ် အယ်ဒီတာချုပ်၊ တိုးတက်ရေး သတင်းစာ နိုင်ငံခြားရေး အယ်ဒီတာ အဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။

ပထမဆုံး ပင်ကိုရေးလုံးချင်းဝတ္ထု ဖြစ်တဲ့ မေတ္တာအသင်္ချေကို ၁၉၅၃ မှာ ရေးသားပါတယ်။ ၁၉၅၅ မှာ သခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီမှာ အတွင်းရေးမှူးတစ်ဦး အဖြစ် ပါဝင် ဆောင်ရွက်ပါတယ်။ ၁၉၅၄ မှာ ဝိဇ္ဇာဘွဲ့၊ ၁၉၅၆ မှာ ဥပဒေဘွဲ့ ရခဲ့ပါတယ်။
၁၉၅၇ မှာ ပြည်သူ့တိုးတက်ရေးပါတီ ပေါ်လစ်ဗျူရို၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာ နိုင်ငံ) အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ ဗျူရိုအဖွဲ့ဝင်လူကြီး အဖြစ် ပါဝင် ဆောင်ရွက်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ အထိန်းသိမ်းခံရပြီး ကိုကိုးကျွန်းအကျဉ်းထောင်ကို အပို့ခံရပါတယ်။

စာရေးဆရာကလပ် အမှုဆောင်အဖြစ် ၁၉၆၁ မှာ ဆောင်ရွက်ခဲ့ပြီး ဆရာသိန်းဖေမြင့်နဲ့ ပူးတွဲ ရေးသားတဲ့ နွံထဲကကြာဝတ္ထုက စတင်ကာ မြသန်းတင့် ကလောင်အမည်ကို အသုံးပြုခဲ့ပါတယ်။

၁၉၆၁ ခုနှစ်မှာ အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ခဲ့ပြီး ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးကို ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့ပါတယ်။ ၁၉၆၂ မှာ စာရေးဆရာ သမဂ္ဂ အမှုဆောင် ဖြစ်လာခဲ့ပြီး ၁၉၆၃ မှာ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ အဖွဲ့ဝင်၊ ပြည်သူ့ကော်မတီဝင် အဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးဆွေးပွဲ ပျက်ပြားသွားတဲ့ အခါ ထပ်မံ ထိန်းသိမ်းခံရပြီး ကိုကိုးကျွန်းကို ဒုတိယအကြိမ် အပို့ခံရပြန်တယ်။

၁၉၇၂ မှာ အထိန်းသိမ်းခံဘဝမှလွတ်မြောက်ပြီး အမျိုးသားစာပေ ဘာသာပြန်ဆုကို စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုအတွက် ရပါတယ်။ ၁၉၇၃ မှာ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဆိုတဲ့ နာမည်ကျော် ဝတ္ထုကိုထုတ်ဝေတယ်။ ၁၉၇၈ မှာ လေရူးသုန်သုန်ဝတ္ထုဖြင့် အမျိုးသားစာပေ ဘာသာပြန်ဆုကို ဒုတိယအကြိမ်မြောက် ရရှိပြန်ပါတယ်။ ၁၉၈၅ မှာ ခန်းဆောင်နီအိပ်မက်ဝတ္ထု အတွက် အမျိုးသားစာပေ ဘာသာပြန်(ရသ)ဆု၊ ၁၉၉၂ မှာ သုခမြို့တော်ဝတ္ထု အတွက် အမျိုးသားစာပေ ဘာသာပြန်ဆု၊ ၁၉၉၅ မှာ အချစ်မိုးကောင်းကင် ဝတ္ထုဖြင့် အမျိုးသားစာပေ ဘာသာပြန်(ရသ)ဆုတို့ကို ရပါတယ်။

ဆရာမြသန်းတင့်ဟာ ၁၉၉၈ ခုနှစ်၊ ဖေဖော်ပါရီ ၁၈၊ ည ၉း၁၅ နာရီမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်မမနဲ့ သားသမီးလေးဦး ကျန်ရစ်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts