>MoeMaKa Street Reporter – View from Rangoon – Last week of Feb 2011

>

 ရန်ကုန်ရှုခင်း
လမ်းလျှောက်ဂျာနယ်လစ်၊ မိုးမခ
ဖေဖေါ်ဝါရီ နောက်ဆုံးပတ်၂၀၁၁
အောက်ခြေအဆင့် အုပ်ချုပ်ရေး အာဏာကိုပါ ကြံ့ဖွံ့ ကရယူဖို့ ကြံစည်
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရာခိုင်နှုန်း ၈၀ကျော်နဲ့ အနိုင်ရအောင် လုပ်ခဲ့၊ လွှတ်တော်ရဲ့ တစ်မတ်သားမျှသော ၂၅ ရာနှုန်းစစ်တပ် ကိုယ်စားပြု အမတ်တွေကိုလည်း ထည့်သွင်းခဲ့ပြီး လွှတ်တော်ကျင်းပလို့ ကြံ့ဖွံ့အတိပြီးတဲ့ ၀န်ကြီးအဖွဲ့ကိုလည်း ဖွဲ့ပြီးတဲ့နောက်မှာ အောက်ခြေ အုပ်ချုပ်ရေးဖြစ်တဲ့ရပ်ကွက် အဆင့်မှာပါ ကြံ့ဖွံ့ပါတီဝင်တွေနဲ့ အစားထိုးဖို့ကြံစည်နေပြန်ပါပြီ။ ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာ ရပ်ကွက်အေးချမ်းသာယာရေး အဖွဲ့ဝင်တွေကို ကြံ့ဖွံ့တွေနဲ့ စတင်အစားထိုးနေတယ်ဆိုတဲ့ သတင်းတွေ ယခုရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
နအဖ စစ်အစိုးရက အာဏာကို ပိုပြီးအခြေခိုင်အောင် အထက်ဆုံးကနေ အောက်ဆုံးထိ အုပ်ချုပ်ရေး ယန္တရားတွေမှာ ကြံ့ဖွံ့ပါတီကလူတွေနဲ့ ထည့်သွင်းထားဖို့ကြံစည်နေတာပါ။ တစ်ပါတီ မဆလခေတ်က ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီ၊ ပြည်နယ်နဲ့ တိုင်းကောင်စီတို့က အုပ်ချုပ်ရေးအာဏာကို ရယူပြီး အဲဒီအုပ်ချုပ်ရေးအဖွဲ့နဲ့ ယှဉ်လျက် မဆလပါတီကလည်း ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့်၊ ပြည်နယ်နဲ့တိုင်းအဆင့် ပါတီရာထူးယူထားသူတွေက အုပ်ချုပ်ရေးဘက်မှာ ၀င်ပြီးချုပ်ကိုင်ထားခဲ့ပါတယ်။ အဲဒီခေတ်ကလည်း အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုအာဏာ သုံးရပ်စလုံးကို စစ်တပ်ထွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ မဆလပါတီက ချုပ်ကိုင်အုပ်ချုပ်ခဲ့ပါတယ်။
အဲဒီခေတ်လိုပဲ အခု နအဖကနေ ကြံ့ဖွံ့ပါတီအသွင်ပြောင်းလာတဲ့ အစိုးရဟာလည်း ပြည်နယ် သို့မဟုတ် တိုင်း ၀န်ကြီးချုပ်၊ ၀န်ကြီးအစရှိတဲ့ အာဏာပိုင်အဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ထားသလို လူတွေရဲ့ နေ့တဓူဝ ကိစ္စတွေမှာ ပတ်သက် ဆက်ဆံနေရတဲ့ ရယက အဖွဲ့လို အောက်ခြေအဆင့် အုပ်ချုပ်ရေးအာဏာကိုပါ ကြံ့ဖွံ့ပါတီဝင်တွေနဲ့ လဲဖို့ မလိမ့်တပတ်စီစဉ်နေတာပဲ ဖြစ်ပါတယ်။ 
တဖြည်းဖြည်းနဲ့ ပျက်စီးလာတဲ့ ရန်ကုန်ရဲ့ အမှိုက်သိမ်းစနစ်
ရန်ကုန်မြို့မှာ ခေါင်းလောင်းတီးပြီး အမှိုက်ကားလှည့်လည်သိမ်းဆည်းတဲ့ စနစ်ပျောက်ကွယ်သွားတာ ၄၊ ၅ နှစ်ရှိပါပြီ။ နိုင်ငံခြားက လှူဒါန်းတယ်လို့ စာတမ်းထိုးထားတဲ့ အမှိုက်ကားတွေ ပျက်စီးလာတာ၊ ဒီဇယ်နဲ့မောင်းတဲ့ အမှိုက်ကားကို  စီအန်ဂျီပြောင်းတာတွေဖြစ်ပြီးနောက်ပိုင်း တလမ်းဝင်တလမ်းထွက် အမှိုက်သိမ်းစနစ်အစား သန့်ရှင်းရေးလုပ်သားတွေကို တာဝန်ပေးပြီး လက်တွန်းလှည်းတွေနဲ့ လိုက်သိမ်းတဲ့ စနစ်ပြောင်းလာပါတယ်။

အခုနှစ်ပိုင်းမှာတော့ စည်ပင်သန့်ရှင်းရေးလုပ်သားတွေ အနေနဲ့ လူနေအိမ်က အမှိုက်တွေ သိမ်းတာထက်ကို လမ်းတလျှောက်ပြန့်ကျဲနေတဲ့ အမှိုက်တွေလှည်းကျဉ်းတာ၊ လမ်းဘေးဈေးဆိုင်တန်းတွေက ထွက်တဲ့အမှိုက်တွေသိမ်းတာက အဓိကဖြစ်ပါတယ်။ အိမ်တွေက အမှိုက်တွေ ပြစ်မယ်ဆိုရင် သူတို့ကို ၁၀၀ သို့မဟုတ် ၂၀၀ ကျပ်ပေးရပါတယ်။
အခုလို စည်ပင်ရဲ့ အမှိုက်သိမ်းဆည်းတဲ့ စနစ်လျော့လျဲလာတာကြောင့် ရန်ကုန်မြို့တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းကြားမှာ အမှိုက်ပုံတွေပိုများများလာခဲ့ပါတယ်။ ရန်ကုန်မြို့တွင်းမြို့နယ်တွေသာမက မင်္ဂလာတောင်ညွန့်၊ ကျောက်မြောင်း၊ တာမွေ၊ စမ်းချောင်းမြို့နယ်တွေက တိုက်ခန်းနောက်ဖေးတွေလည်း အလားတူပဲဖြစ်ပါတယ်။ လမ်းထဲမှာ အထပ်မြင့်တိုက်တွေများလာလေလေ နောက်ဖေးလမ်းကြားမှာ အမှိုက်ပုံက ပိုပြီးများလာလေလေပဲ ဖြစ်ပါတယ်။
ရန်ကုန်မှာ အမှိုက်မပြစ်အောင် ကျင့်သုံးတဲ့နည်းကတော့ အမှိုက်မပြစ်ရ တွေ့ရှိက အရေးယူခြင်းခံရမည် ဆိုတဲ့ အသိပေးစာတမ်း ရေးထားတာပဲဖြစ်ပါတယ်။ မတွေ့ရင် အရေးမယူဘူး ဆိုတဲ့သဘောဖြစ်ပြီး ပြစ်တဲ့သူတွေကလည်း နောက်ဖေးလမ်းကြားထဲကို ညဘက်အချိန်တွေမှာ ပြစ်ချကြပါတော့တယ်။ 
အမှိုက်မပြစ်ရလို့ အသိပေးစာတမ်းရေးထားလျက်သားနဲ့ ပြစ်တယ်ဆိုတော့ ပြစ်တဲ့သူတွေဟာ ဘယ်လောက် စည်းကမ်းပျက်သူတွေလဲဆိုတဲ့ သဘောမျိုးလည်း ဆိုလိုချင်ပုံရပါတယ်။ တဘက်မှာ အမှိုက်ကို စနစ်တကျစွန့်နိုင်အောင် အချိန်မှန်မှန် လာသိမ်းမယ့်သူ မရှိတာတွေ၊ စည်းကမ်းတကျမပြစ်ခဲ့ရင်လည်း ဘယ်သူက အရေးယူတာမျိုး မရှိတော့ လွယ်သလိုပြစ်နေကြတာ ရန်ကုန်ရဲ့ ထုံးစံလိုဖြစ်နေပါပြီ။
မြို့တော်ဟောင်း ရန်ကုန်ရဲ့ စည်ပင်သာယာရေး တာဝန်ယူထားသူကတော့ မြို့တော်ဝန် ဦးအောင်သိန်းလင်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လုံး ကြံ့ဖွံ့ ပါတီအရေးကိစ္စတွေနဲ့ အလုပ်များနေခဲ့ပြီး လမ်းတ၀က်ခင်းတဲ့ကိစ္စနဲ့ မီဒီယာတွေက ဝေဖန်တာ ခံခဲ့ရပါတယ်။ မြို့တော်ဝန်အနေနဲ့ ရန်ကုန်မြို့ရဲ့ အမှိုက်ကိစ္စ၊ လမ်းကိစ္စ၊ သောက်သုံးရေ ပိုက်တွေဟောင်းနွမ်းပျက်စီးနေပြီး ရေမလောက်ငှတဲ့ကိစ္စတွေမှာ ထိရောက်စွာ ဆောင်ရွက်တာ မတွေ့ရပဲ ကြံ့ဖွံ့ပါတီ နာမည်ရအောင် အသစ်ခင်းတဲ့လမ်းထိပ်မှာ ကြံ့ဖွံ့ပါတီဝင်လုပ်အားဖြင့် ခင်းသည်ဆိုတဲ့ ကျောက်တိုင်စိုက်ထူဖို့သာ အာရုံစိုက်နေတာတွေ့ရပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့ထဲမြို့နယ်တွေကို ရေပေးဝေတဲ့ ရေပိုက်တွေဟာအင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက သွယ်ယူတပ်ဆင်ထားတာတွေပါ။ နှစ်ပေါင်း တစ်ရာနီးနီးကြာလာတဲ့နောက် သံပိုက်တွေဆွေးမြေ့လို့ ရေတွေယိုနေတာ၊ လမ်းအောက်ကနေ ရေစိမ့်ထွက်နေတာ၊ မဟာဗန္ဓုလ ပန်းခြံလိုနေရာမှာ ရေပိုက်တွေ ပျက်စီးနေလို့ ပန်းခြံနဘေး ရေမြောင်းမှာ သုံးရေတွေ ဒလဟောစီးနေတာရှိသလိုပဲ ရေမရလုံလောက်လို့ နေ့စဉ် မနက်တကြိမ် ညနေတကြိမ်ပဲ ရေစုပ်လို့ရတဲ့ လမ်းတွေမြို့နယ်တွေလည်း ရှိပါတယ်။ အဲလို ဂျိုးဖြူရေ၊ လှော်ကားရေပိုက် ပျက်စီးနေတာကို မပြုပြင်တော့ပဲ ကြံ့ဖွံ့အလံအောက်မှာ စည်ပင်က အ၀ီစိရေတွင်း အလွယ်တူးပြီး ရေပေးတဲ့ပိုက်ထဲမောင်းထည့်တာမျိုးကို လုပ်ဆောင်တာတွေ့ရပါတယ်။
အမေရိကန် သံရုံးဟောင်းရှေ့ကမြောင်းထဲမှာ သုံးရေတွေချောင်းစီးသလို စီးနေပေမယ့် လသာလမ်းမတော်ဘက်မှာတော့ ဂျိုးဖြူ၊ လှော်ကားကပေးတဲ့ ရေမရောက်လို့ အ၀ီစိတွင်းရေကိုပဲ အားကိုးနေရပါတယ်။ အလားတူ ရန်ကင်းမှာ ၂ ထပ်တိုက်လောက်ထိ ရေစုပ်တင်စရာမလိုပဲ ဂျိုးဖြူရေကို ဒလဟော ဖွင့်ချထားချိန်မှာ စမ်းချောင်းကြည့်မြင်တိုင်တို့မှာ စက်ရေတွင်းကိုပဲ အားကိုးနေရပါတယ်။ ဒီအဖြစ်တွေဟာ ရန်ကုန်မြို့ စည်ပင်သာယာရေး ကော်မတီက မြို့နေလူထုအတွက် လုပ်ဆောင်ပေးရမယ့် အလုပ်တွေပါ။ 
တရုတ်ဖုန်းတွေ တရုတ်ပစ္စည်းတွေနဲ့ မြန်မာ့ဆက်သွယ်ရေး
တရုတ်နိုင်ငံက နည်းပညာတွေ တရုတ်နိုင်ငံက စက်ပစ္စည်းတွေနဲ့ တပ်ဆင်ထားတဲ့ မြန်မာပြည် ဆက်သွယ်ရေးစနစ်ဟာ တစထက်တစ ပွစာကျဲလာနေပါပြီး ၄၅၀ မီဂါဟတ်ဇ ကမ်းရိုးတန်း၊ ၄၅၀ မီဂါဟတ်ဇ ငါးသိန်း၊ ၈၀၀ မီဂါဟတ်ဇ မိုဘိုင်း၊ ၈၀၀ မီဂါဟတ်ဇ ငါးသိန်း၊ ဂျီအက်စ်အမ် ၁၅ သိန်း၊ ဂျီအက်စ်အမ် ငါးသိန်း ၊ မက်ဝေးလ် လို့ခေါ်တဲ့ ၄၀၀ မီဂါဟတ်ဇ တရုတ်နည်းပညာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်၊ ယခင်ကရှိခဲ့တဲ့ ၀၉၉၉ နဲ့စတဲ့ ဆယ်လူလာမိုဘိုင်း၊ ရတနာပုံ အလင်းဖန်မျှင်နဲ့သွယ်တဲ့ နက်ဝေါ့က လာတဲ့ ဗီအိုအိုင်ပီဖုန်း၊ စကိုင်းနက် အမည်ပေးထားတဲ့ ဂြိုဟ်တုဆက်သွယ်ရေး စနစ်နဲ့လာတဲ့ ဆီက ဗီအိုအိုင်ပီဖုန်း အစရှိတဲ့ ဖုန်းအမျိုးပေါင်းများစွာ ဈေးနှုန်းကလည်း အမျိုးမျိုး၊ ကွန်ရက်လို့ခေါ်တဲ့ နက်ဝေါ့ခ ဧရိယာကလည်း အမျိုးမျိုးနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေ အိတ်ထဲကပိုက်ဆံ မကြာခဏ ပေါက်ကျလေ့ရှိပါတယ်။ 
 သုံးစွဲသူတွေခမျာလည်း နည်းပညာသစ်လို့ဆိုလိုက်ရင် နကိုသုံးနေတဲ့ ဟန်းဆက်တွေ ဖုန်းတွေက သုံးလို့မရတော့ပြန်ဘူးဆိုပြီး အသစ်ဝယ် ကြရပါတယ်။ နကို ဂျီအက်စ်အမ် နဲ့ စီဒီအမ်အေ ၈၀၀ စနစ် ၂မျိုးရှိရာကနေ ၄၅၀ မီဂါဟတ်ဇ ဆိုတဲ့ အကွာအဝေး ပိုပြီးသုံးနိုင်တဲ့ ဖုန်းစနစ်ကို နာဂစ်ပြီးခါစမှာ မိတ်ဆက်လာပါတယ်။ 
တရုတ်နိုင်ငံမှာပဲ အသုံးများပြီး ကမ္ဘာပေါ်မှာ သိပ်မသုံးကြတဲ့ စနစ်ဖြစ်လို့ သူ့နဲ့ သုံးလို့ရတဲ့ ဟန်းဆက်တွေအားလုံးဟာ ဟွာဝေး၊ ဇက်တီအီးလို တရုတ်လုပ်ဟန်းဆက်တွေသာ ဖြစ်ပါတယ်။ လှိုင်းအလျားရှည်တဲ့အတွက် အကွာအဝေး လှမ်းလှမ်းရောက်နိုင်ပေမယ့် ဘက်ထရီအားပိုသုံးပြီး အသံအရည်အသွေးမကောင်းပါဘူး။ မြန်မာနိုင်ငံ မြို့တော်တော်များများမှာ သုံးနိုင်လို့၊ မိုဘိုင်းဖုန်းမရှိတဲ့ နေပြည်တော်မှာ သူပဲ စပြီးသုံးနိုင်လို့ ၁၅ သိန်းနဲ့ဝယ်ကြပြန်ပါတယ်။ အဲဒီနောက် ရန်ကုန်နဲ့မန္တလေးမှာ ၈၀၀ မီဂါဟတ်ဇ ၅ သိန်းဖုန်း စရောင်းတော့ ဖုန်းကို ငါးသိန်းနဲ့ကိုင်နိုင်ပြီဆိုပြီး စုဆောင်းထားတဲ့ ငွေတွေထုတ်ပြီး ငါးသိန်းဖုန်းတွေဝယ်ကြရပြန်ပါတယ်။
တခါ နေပြည်တော် ငါးသိန်းဆိုပြီး တနိုင်ငံလုံးသုံးနိုင်တဲ့ ၄၅၀ မီဂါဟတ်ဇ ထွက်လာပြန်တော့ ရန်ကုန်မန္တလေး၊ တခြားနယ်မြို့ကသုံးစွဲသူတွေ နေပြည်တော် ငါးသိန်းနောက် လိုက်ကြရပြန်ပါတယ်။ လွန်ခဲ့တဲ့လကတော့ ရန်ကုန်မန္တလေး နေပြည်တော်မှာ မက်ဝေးလ် လို့ခေါ်တဲ့ ၄၀၀ မီဂါဟတ်ဇ အင်တာနက်နဲ့ ဖုန်းဆိုတာပေါ်လာပြန်ပါတယ်။ အင်တာနက်သုံးလိုတဲ့သူတွေ အဲဒီဟာကို လိုက်မယ်ကြံတုန်း ဦးတေဇပိုင် အီလိုက်တက်က ရောင်းထားတဲ့ ငါးသိန်းဖုန်းကို အင်တာနက်သုံးချင်ရင် သုံးသောင်းသွင်းပါဆိုလို့ လူတွေတိုးဝှေ့ပြီး ငွေသွင်းကြ အင်တာနက်သုံးဖို့လျှောက်ကြလုပ်ရပြန်ပါတယ်။
ငွေသုံးသောင်းသွင်းပြီးရုံနဲ့ မပြီးသေးပါဘူး။ အင်တာနက် သုံးနိုင်တဲ့ သရီးဂျီဟန်းဆက်လိုပြန်လို့ နကိုဟန်းဆက်ကို ထားပြီး ဟန်းဆက်အသစ်၊ ဒါမှမဟုတ် သရီးဂျီ မိုဒမ် တစ်ခုဝယ်ကြရပြန်ပါတယ်။ အဲဒီပစ္စည်းတွေအားလုံးလည်း တရုတ်နိုင်ငံထုတ်ကလွဲရင် တခြားရွေးစရာမရှိပါဘူး။ ဘာကြောင့်ဆိုရင် အဲဒီနည်းစနစ်ကို တခြားဘယ်နိုင်ငံမှာမှ အသုံးမများလို့ပဲ ဖြစ်ပါတယ်။
တရုတ်ပစ္စည်းသဘာဝ အရည်အသွေး အာမခံချက်မရှိ ကုမ္ပဏီနာမည်တောင် ပါချင်မှပါပြီး ဆော့ဖ၀ဲကိုလည်း စီဒီနဲ့ အင်တာနက်ပေါ်က ကူးပြီးပေးတာမျိုး စသဖြင့် ဖြစ်ချင်တိုင်းဖြစ်နေတာပါ။ သုံးသူတွေခမြာ ဟန်းဆက်မကိုက်ဘူးဆို ဟန်းဆက်လဲ၊ မိုဒမ်မကောင်းရင် မိုဒမ်လဲ၊ နောက်ဆုံး ဖုန်းဆင်းကဒ် ပျက်တယ်ဆို ကျပ် ၁သိန်းပေးပြီး ပြန်လျှောက်ကြရတဲ့ အခြေအနေရောက်နေကြတာပါ။
ဒါကြောင့် တရုတ်ပစ္စည်းတွေနဲ့ မြန်မာ့ဆက်သွယ်ရေးကြောင့် လူတွေခမျာ စုထားတဲ့ငွေတွေ ထုတ်သုံးပြီးသုံးရင်း လက်ထဲမှာ တရုတ်လုပ် ပစ္စည်းဟောင်းတွေ၊ အစုတ်တွေ ပိုက်မိနေတာပဲ အဖတ်တင်ပါတော့တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts