>treasure of my life, poems from my heart -13

>


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၃)
တင်မိုး

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁


(၁)
၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့ ဘော်စတွန်မြို့ လိုဂန်လေဆိပ်မှာ။ လော့စ်အင်ဂျလိစ်ကို ခရီးဆက်ဖို့ ကျွန်တော်ရောက်လာပါတယ်။ ဘော်စတွန်စာပေဟောပြောပွဲမှာ ဒါရိုက်တာကြီး ဦးဝင်းဖေ ရယ်၊ သင့်ဘ၀အယ်ဒီတာချုပ် ကိုတင်မောင်သန်းရယ်၊ ကျွန်တော်ရယ်။ စက်တင်ဘာ (၂) ရက်နေ့က ဆင်နွှဲခဲ့ပြီးပြီ။ ကြည်နူးကျေနပ် စိတ်ကူးဥာဏ်ရောင် တဖျတ်ဖျတ်နဲ့ ပစိဖိတ်ကမ်းစပ်သို့ထွက်ခွာဖို့ ပြင်ဆင်ခဲ့ပြီ။

ကျွန်တော့်ကို ဒေါက်တာသိန်းလှိုင်ဦးရယ်၊ ဒေါ်မြင့်မြင့်စိန်ရယ်၊ ပုံပုံရယ် လိုက်ပို့ကြတယ်။ လေဆိပ်မှာစစ်ဆေးရေးကောင်တာရောက်တော့ ကျွန်တော့်ကိုယ်က သံစုံတီးဝိုင်းကျနေတာပဲ။ မြည်လိုက်ကြတာ။ သုံးလေးခေါက် ပြန်စစ်ဆေးရတယ်။

ဝင်ချည် ထွက်ချည်။ အော် …လုံခြုံရေးပေကိုး။ ဒီလိုနဲ့မနက်(၇း၂၀) မှာ လိုဂန်လေဆိပ်ကထွက်။ မီနီယာနာပိုလစ် တထောက်နား။ အယ်လ်အေလေဆိပ် အရောက်သွားခဲ့ရပြန်တယ်။ ကိုခင်မောင်ရွှေက ကျွန်တော့်ကို ဆီးကြိုလျက်။ ဘေးမသီရန်မခဘဲ မြန်မာ့ဆွေမျိုးများရှိရာ တောင်တန်းပြာပြာ ကမ်းသာသာနဲ့ ကယ်လီဖိုးနီးယားပြည်နယ်သို့ လွယ်အိတ်တလုံး ပခုံးချိတ်ပြီး ရောက်ခဲ့ရပြန်တယ်။

(၂)
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်နေ့၊ လွန်ခဲ့တဲ့ (၇) ရက်၊ (၈) ရက်၊ (၉) ရက်နေ့က ကျွန်တော့်စာအုပ် ထုတ်ဝေတဲ့ လမင်းတရာ ကိုအေးဝင်းနဲ့အတူ ကမ္ဘာကျော် စန်ဒီယေဂို တိရစ္ဆာန်ဥယျာဉ်ကို အလည်သွားပြီး ပြန်လာကြတယ်။ ခရီးပန်းလို့ ခပ်နွမ်းနွမ်းရှိတာနဲ့ အိပ်ရာထဲ ခဏလှဲနေတုန်း တီဗွီသတင်းကြောင့် ချက်ချင်းထထိုင်ပြီး ဟာခနဲ ဟင်ခနဲအော်မိတယ်။

ဘော်စတွန်လိုဂန်လေဆိပ်ကတက်လာတဲ့ လေယာဉ်ကြီးတစင်းရယ်၊ ၀ါရှင်တန် ဒါးလက်စ်ကလာတဲ့ လေယာဉ်ကြီးတစင်းရယ်၊ နယူးရောက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ၀င်ရောက်တိုက်ခိုက်နေကြ ပါပကော။ ကမ္ဘာစစ်ကြီးဖြစ်လေရော့သလား ထင်မှတ်မှားရတယ်။ အို ..မြင်ရတဲ့ရှုခင်းက အသည်းတုန် အူတုန် ရှုခင်းကြီးပါလား။ အံ့အားသင့်ဖွယ်ကြီးပါလား။

တီဗွီကသတင်းတွေ အဆက်မပြတ် ထုတ်လွှင့်နေတယ်။ ကျွန်တော်တို့တစု မကြည့်ရက်၊ မကြည့်ရဲတော့။ အထပ်တရာကျော် မျှော်စင်ကြီးပေါ်က လက်ရပ်ခေါ်နေကြတဲ့ လူသားတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်၊ အဆောက်အအုံပျက်ကြီးအောက်က ထွင်းဖောက်ထိုးထွက်လာတဲ့ တယ်လီဖုန်းသံသဲ့သဲ့ အိုး… တကဲ့ … အနိဋ္ဌာရုံမြင်ကွင်းကြီး …။

(၃)
တယူသန် တစောက်ကန်း စစ်သွေးကြွ အကြမ်းဖက်သမားတွေကြောင့် အပြစ်မဲ့လူသားတွေ သေကျေခဲ့ရတယ်။ အပြစ်မဲ့ပြည်သူတွေကို ဓားစာခံထားပြီး ရမ်းကားရက်စက်မှုကို ကျွန်တော်တို့ စက်ဆုတ်ရွံရှာ နှလုံးနာတယ်။ ဒါနဲ့ပဲ အဲဒီခံစားမှုကို အရင်းပြုပြီး ကဗျာတပုဒ်ရေးမိပြန်တယ်။

ရေးမိတဲ့ကဗျာကတော့ …“သရဲစီးနေတဲ့ ကမ္ဘာ” တဲ့။

သရဲစီးနေတဲ့ ကမ္ဘာ
လိုဂန်လေဆိပ်က
တရိပ်ရိပ်ပျံသန်း
အယ်လ်အေ စခန်းရောက်လာ
ကဗျာခရီးစဉ် တထောက်နား
အနောက်ဖျားသို့ ရောက်ပြန်ပြီ။

ကဗျာရွတ်စမ်းမယ်လို့
အဟမ်းလို့ ချောင်းအဟန့်
အလန့်တကြား
အသံကြီးကြားလိုက်ရ
အလို … ဘာများဖြစ်ပါလိမ့်ဟရို့။

အို .. ဖြစ်ရလေခြင်း၊ အမယ်မင်း …
အခင်းမလှ၊ သတင်းတွေရခဲ့ပေါ့ …
ကမ္ဘာ့ငိုချင်း တပုဒ်ပါလား။

နယူးယော့ခ် မျှော်စင်ညီနောင်
ဘယ်အကောင် ဘယ်သူစေလို့
ဘယ်နည်းနဲ့ ဂြိုဟ်မွှေပါလိမ့်
လေယာဉ်ကြီးနှစ်စင်း
အရှိန်ကြီးပြင်းပြင်းနဲ့
ဖောက်ထွင်း တိုက်ခဲ့ပါသတဲ့။

ပင်တဂွန် စစ်ဌာနချုပ်ကိုလဲ
ထိုးသုတ်တဲ့ စွန်မိုက်လို
လေယာဉ်နဲ့တိုက်ခဲ့ပါသတဲ့။

ပစ်တ်စ်ဘတ် လေဆိပ်မှာထိုးကျ
အပိုင်းပိုင်းအစစ ဖြစ်သွားတဲ့
ခရီးသွားလေယာဉ်ကလည်း
တစင်း … တဲ့။

အထပ်တရာကျော် မျှော်စင်ကြီးတွေလဲ
မီးဟုန်းဟုန်းထတောက်
အစပျောက် ဘ၀ပျောက်
နယူးယော့ခ် ငိုကြွေးသံ
ဘ၀ဂ်က ညံပါရော။

စစ်သွေးကြွ အကြမ်းဖက်သမားတို့
လူသားကို မစာနာ
ညှာတာမှုကင်းကင်းနဲ့
ရက်စက်ခြင်းကမ်းကုန်
ကမ္ဘာကြီးတုန်လောက်ကဲ့
ငါ့အာရုံ နောက်ကျိ
ဇောက်တိ ဇောက်ထိုး
ကိုယ်ကျိုးနဲပါပေါ့ကလား။

ဒီကမ္ဘာရဲ့
မသတီစရာ အကြမ်းဖက်မှု
လူထုရဲ့ ငရဲခန်း
သူရဲဖမ်းတဲ့လက်နဲ့
အသဲကို နုတ်လိုက်တာ
ပြုတ်ပြုတ်ပြုန်းရချေပေါ့။

မာနတွေ အာဃာတတွေနဲ့
ကမ္ဘာဒမြတွေကို
ဘယ်လိုမသာချရပါ့
ယုတ်မာသူက ခေါင်းထောင်
အနိုင်ကျင့်သူက အောင်သမျှ
မီးလောင်တဲ့ ဒီကမ္ဘာ
ရေသီတာ ဘယ့်နှယ်လောင်းရပါ့
ခေါင်းခဲလိုက်ပါဘိကွယ်။

(၄)
ကျောင်းသားဘ၀တုန်းက ကျွန်တော်တို့ကျေးလက်တောရွာမှာ လောက်စပီကာ တညံညံနဲ့။ အလှူပွဲ မင်္ဂလာပွဲမှာ တွံတေးသိန်းတန်ရဲ့ “ထွေးညို” က မပါမပြီး။ ထွေးညိုဇာတ်လမ်းထဲက “သာဒင်ကို ဘာထင်သလဲ” ဆိုတဲ့အသံ နားထဲမှာ ကြားယောင်ယောင်။ ခုလဲ ကမ္ဘာတခွင်မှာ လူမိုက်ဘုရင်တွေ တွင်ကျယ်နေပါရောလား။ “လာဒင်ကို ဘာထင်သလဲ”ဆိုတဲ့ ကြိမ်းဝါးသံ။ သင်းတို့အသံကို ကမ္ဘာ့လူထုက လက်ခံပါ့မလား။ ကမ္ဘာ့လူထုရဲ့ဆန္ဒကို ဆန့်ကျင်လို့ရမတဲ့လား။ ကဗျာရေးချင်စိတ်ပေါ်လာတာနဲ့ ကောက်ကာငင်ကာ ရေးလိုက်မိပြန်ပါပြီ။ “သွေးကြွတဲ့အရိုင်းစိတ်” တဲ့။

သွေးကြွတဲ့အရိုင်းစိတ်
ဗိုလ်တကာနဲ့ယှဉ်ပြီး စွာချင်တဲ့
အိုစမာ ဘင်လာဒင် …တဲ့။
မြန်မာအသွင်နဲ့ ဆိုရရင်။
“လာဒင်ကို ဘာထင်သလဲ” ဆိုတဲ့လူစား
အကြမ်းဖက်လူရမ်းကားပေါ့။

ဆော်ဒီနိုင်ငံသား အာရေဗျဖွားပေမယ့်
တပါးနိုင်ငံ
အာဖဂန်နစ္စတန်မှာ
ပိုက်ဆံတွေပေး လူတွေမွေး
စစ်သွေးကြွ နှိုးဆွ
တန်ခိုးတပြပြနဲ့
အစိုးတရ မင်းမူနေသတဲ့။

ရှေးဟောင်းအမွေအနှစ်
ကျောက်ဆစ်ထားတဲ့
ဗုဒ္ဓရုပ်ပွားတွေကိုလဲ
မလိုမလား ဖျက်ဆီး
ရန်မီးကို ဟုန်းဟုန်းတောက်အောင်
အားပေးအားမြှောက်ပြုပြီး
ငြိမ်းချမ်းမှုကိုတော့ လက်မခံ
တာလီဘန်တွေကို မိုက်ဇာတ်သွင်း
သေမင်းတမန် ပုံစံလောင်း
မကောင်းမှုကို ခုံမင်
သေရဲတာ သတ္တိထင်အောင်
လမ်းစဉ်မှားတွေ ညွှန်ခဲ့တယ်။

သတင်းမှောင်ချလို့
အလင်းရောင်မရတဲ့ တို့နိုင်ငံ
တာလီဘန်သွေး
ဘင်လာဒင်ကလေးတွေ
မွေးကုန်ရင်အခက်
တွေးမိတိုင်း သွေးပျက်မိတယ်။

ရက်စက်မှုကို အရသာခံတာ
လူသားမဆန်တဲ့ လုပ်ရပ်မို့
စစ်စိတ်ဓာတ် စစ်ဝါဒီမှန်သမျှ
ခေါင်းထောင် မထစေနဲ့
မောဟရဲ့ စေတမန်ကို
တော်လှန်ရေး မထင်မှတ်ကြနဲ့
လူမိုက်ဇာတ် လက်စတုံးအောင်
ဉာဏ်သုံးပြီး ဖြိုခွင်း
သန့်ရှင်းတဲ့ မေတ္တာဓာတ်နဲ့
ကမ္ဘာကိုထွေးပတ်ပြီး
အေးရပ်ဌာနေပို့ကြစေ။

အပြစ်မဲ့ ပြည်သူတွေကို
သေစေတဲ့လုပ်ရပ်ဟာ
မြင့်မြတ်မှုမဟုတ်
ယုတ်မာမှုဖြစ်ကြောင်း
ကဗျာခေါင်းလောင်း
ထိုးလိုက်ပါရစေ။ ။

တင်မိုး
၉၊ ၂၁၊ ၂၀၀၁

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၁)၊ အောက်တိုဘာ ၂၀၀၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts