>Artist donated paintings for Giri Charity in NYC

>

နယူးယောက်မြို့ဂီရိလေဘေးရန်ပုံငွေဈေးပွဲတော်အတွက် ပန်းချီကားများလှူဒါန်း
မိုးမခအထောက်တော် နယူးယောက်
ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၁
ဂီရိလေဘေးရန်ပုံငွေ မြန်မာနဲ့ အာရှရိုးရာ အစားအသောက် ဈေးပွဲတော်ကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်၊ တနင်္ဂနွေနေ့ တွင် နယူးယောက်မြို့ ၀ုဒ်ဆိုက် ရှိ PS 12 ကျောင်းဝင်းမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ နယူးယောက်မြို့သူ မြို့သားများ စုပေါင်း ပြုလုပ်ကြတာဖြစ်တဲ့ ယခုဈေးပွဲတော်ကို ရခိုင်အမျိုးသား ပန်းချီဆရာကိုကျော်သန်းက ဂီရိလေဘေးရန်ပုံငွေဈေးပွဲတော်အတွက် ရည်ရွှယ်ရေးဆွဲထားတဲ့ ရခိုင်ရိုးရာမြင်ကွင်း ပန်းချီကားတချို့ လှူဒါန်းရန်စီစဉ်နေကြောင်းသိရပါတယ်။ ထိုပန်းချီကားများကို ပါဝင်လှူဒါန်းကြတဲ့ဈေးဆိုင်အလှူရှင်များကို ကျေးဇူးတင်ဂုဏ်ပြုတဲ့ မေတ္တာလက်ဆောင်အနေနဲ့ ကံစမ်းမဲအစီအစဉ်ဖြင့် ပေးအပ်သွားမှာဖြစ်ကြောင်း ပွဲစီစဉ်နေသူတဦးဖြစ်သူ ကိုဇော်ဇော်ထွန်းကပြောပါတယ်။
မိမိတို့၏သွေးရင်းသားရင်း တိုင်းရင်းသားများ အခက်အခဲကြုံလာတိုင်း တတတ်တအား ဝိုင်းဝန်းကူညီလေ့ရှိသည့် နယူးယောက်မြို့သူမြို့သား ပြည်ပရောက်မြန်မာမိသားစုများရဲ့ အစဉ်အလာအတိုင်း ဂီရိမုန်တိုင်းဒဏ်ကိုခံခဲ့ရသော ဒေသများရဲ့ အရေးတကြီးလိုအပ်နေသော အကူအညီများပေးနိုင်ရန်ကျင်းပတဲ့ ယခု ရန်ပုံငွေဈေးရောင်းပွဲကို တိုင်းရင်းသားရိုးရာအစား အသောက်များ လာရောက်သုံးဆောင်ခြင်း၊ ဖျော်ဖြေရေးကဏ္ဍများကိုကြည့်ရှုအားပေးခြင်း တို့ဖြင့်ကုသိုလ်ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရပါတယ်။
ပွဲတော်ဈေးခင်းထဲမှာ ဖျော်ဖြေပွဲတွေ ရှိမှာ ဖြစ်ပြီး၊ ဥပမာတခုအနေနဲ့ ရခိုင်စည်တော်အကနဲ့ ကပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော် ရှုခင်း မြင်ကွင်းကို နိုင်ငံတကာက စိတ်ဝင်စားသူတွေ ကြည့်ရှုနိုင်အောင်လို့ Burmese Classics အဖွဲ့က internet Live ရိုက်ကူးထုတ်လွှင့်ပေးမယ်လို့လည်း ကြားသိရပါတယ်။ ကိုဇော် (Burmese Classic) မှ တာဝန်ယူစီစဉ်တဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ရခိုင်ရိုးရာ အဆို အကများ၊ တိုင်းရင်းသားများအကများ အပြင် ဘော့စတွန်မြို့ Boston Myanmar Group (BMG) မှ DJ ကိုဝင်းအေး နဲ့ နယူးယောက်မြို့မှ တေးသံရှင်များရဲ့မြန်မာသီချင်းများ၊ နယူးယောက်လူငယ်များရဲ့ ကိုယ်ပိုင် သီချင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွား မှာဖြစ်ပါတယ်။ သည်နေရာမှာ ဖိတ်စာအသေးစိတ်ကို ကြည့်နိုင်ပါတယ်။
လက်ခံရရှိတဲ့ အလှူငွေတွေ အားလုံးကို နိုင်ငံတကာရခိုင်အမျိုးသားအသင်း (WAO) ကတဆင့် မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းအသင်းအဖွဲ့များကို ပေးလှူပြီးတော့ ဂီရိမုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင်းရှိ ပြန်လည်ထူထောင်ရေး ကူညီရေး လုပ်ငန်းများအတွက် ဦးစားပေး သုံးစွဲမှာ ဖြစ်တယ်လို့ ပွဲစီစဉ်နေသူတဦးဖြစ်သူ ကိုကျော်ဝင်းကပြောပါတယ်။
နယူးယောက်မြို့ဂီရိလေဘေးရန်ပုံငွေဈေးပွဲတော်ကို ဒေသခံစေတနာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသား အသင်းကြီး နဲ့ ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲက တာဝန်ယူစီစဉ်ပြီး မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) အဖွဲ့သားများက ဈေးဆိုင်ခန်းများအခင်းအကျင်း အပြင်အဆင်၊ လုံခြုံရေး နှင့် သန့်ရှင်းရေးကဏ္ဍများကို ဝိုင်းဝန်းတာဝန်ယူအား ဖြည့်ထားကြောင်းလည်းသိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts