>journal pieces on Feb 19

>

နံနက်ခင်း နဲ့ Messenger ထဲက ပေါ့ပေါ့ပါးပါး ဖြတ်စများ
နွားကျောင်းသား ကိုဝင်း
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁


Messenger ဂျာနယ် (၇ ဖေဖေါ်ဝါရီ၂၀၁၁)


လဲ့ရတီမင်း နောက်ဆက်တွဲ
ခြေလက်များပြားတဲ့ ကလေး သတင်းကို မြန်မာပို့စ်မှာ မနှစ် ကတည်းက ရေးပြီးသားပါ။ အခု မက်ဆင်ဂျာ ဂျာနယ်က နောက်ဆက်တွဲအချက်အလက်၊ ဓာတ်ပုံကောင်းကောင်း သုံးပြီး တင်ဆက်ထားပါတယ်။ မကြာသေးခင်က AP သတင်းမှာလည်း အင်္ဂလိပ်ဘာသာနဲ့ တက်လာတော့ နိုင်ငံတကာ စာနယ်ဇင်းတွေက ကော်ပီကူးဖော်ပြကြတယ်။ AP သတင်းထောက်က မက်ဆင်ဂျာ ဖတ်ပြီး သတင်းရေးဖို့စိတ်ကူးပေါ် ကုန်ကြမ်းရတယ်လို့ ယူဆရပါတယ်။


ပြေတီဦးတို့ ကလေး လိုချင်ပြီ
ညားခါစ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့က ကလေးယူဖို့ အသင့်ဖြစ်နေပြီး ကလေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတောင် ပြောထားပါတယ်။ မိဘများကလည်း မြေး ချီချင်ကြပါပြီ တဲ့။
ဒီသတင်းမှာ ထူးခြားတာကတော့ သတင်းထောက်ရဲ့ နာမည်ပါ။ “ခင်ကြီးကျယ်” ဆိုပဲ။


နံနက်ခင်း ဂျာနယ် (၂ ဖေဖေါ်ဝါရီ၂၀၁၁)


ကလေးအဖေ ဖြစ်ဖို့ လပိုင်းသာ လိုသည်
အဆိုတော်လေး အီတိုး သားတယောက်ရတော့မယ့်အကြောင်း။
မမြင်ရသေးတဲ့ ကလေးအကြောင်း တဖွဲ့တနွဲ့ ပြောထားတာ ဖတ်ရမယ်။
သူက ဖခင်ဇော်ဝင်းထွဋ်လောင်းရိပ်အောက်က မလွတ်နိုင်သေးကြောင်းကိုလည်း အဆုံးသတ်မှာ ပြောထားတယ်။


မင်းသမီးအင်တာဗျူး
စကားပြောရင် ကျွန်တော်၊ ကျွန်တော်နဲ့၊ ဂျင်းဘောင်းဘီဝတ်တဲ့သူကတော့ အင်တာဗျူးထဲက ပုံမှာ တွေ့ရတဲ့အတိုင်း အေးမြတ်သူ ဖြစ်ပါတယ်။


ဗျူး ခေါင်းစဉ် နဲ့ ဓာတ်ပုံက တခြားစီပါ။ သင့်တော်တဲ့ပုံကို ရှာထည့်ဖို့ အခြေအနေ မပေးဘူး ထင်ပါရဲ့။ ဘယ်ပေးမလဲ။ မော်နီတာနဲ့ ဟယ်လိုမှာ အဲဒီပုံတွေ ထည့်လို့ ကျေးဇူးရှင် စိစစ်ရေးရုံးက ပညာပေးလိုက်တာ မှတ်မိကြတယ် မဟုတ်လား။ ဂျာနယ်တွေ ၁ ပတ် ၂ ပတ် နားလိုက်ရသေးတယ်။ အေးမြတ်သူ အင်္ကျီက ကျော မဖုံးလို့ပါ တဲ့။ ဟောသမှာ ရှုစေ။

အဆိုတော်သတင်း
အဆိုတော်ဟန်ထွန်းရဲ့ ခြေလှမ်းသစ်အတွက် ကြော်ငြာပေးတာပါ။
သူက အသင့်အတင့် အောင်မြင်နေပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ခွေသစ် ထွက်မလာသေးတာဟာ စိတ်ကြိုက် ပြင်ဆင်နေတာကြောင့်လို့ ဆိုပါတယ်။


ဒီ News ကို ရေးသူက English စာ Good ပုံ ရပါတယ်။ ဥပမာ – ပထမစာပိုဒ်မှာ “Own Tune သံစဉ်” လို့ ရေးထားပါတယ်။ အုန်းကျွန်းသံစဉ် ဆိုတော့ အုန်းကျွန်းမှာ ရေးတဲ့ သီချင်းတွေဖြစ်မလားလို့ နောက်ပြောင်ချင်စရာ။
ဒီအဆိုတော်က တကိုယ်တော်စီးရီးထွက်တာ ၁၀ နှစ်ကျော်ပြီ၊ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း စီးရီး ထွက်တယ်လို့ ရေးထားတယ်။ ဒါပေမယ့် နောက်ဆုံးမှာ မေးထား ဖြေထားတာတွေကတော့ ခေါင်းစား၊ အုံးစားစရာပါပဲ။


အသက် ၁၀၀ ပြည့်ခါနီးမှ ကဗျာဆရာမ ဖြစ်လာသူ
ဂျပန်မှာ လူကြိုက်အများဆုံးကဗျာကို ဖန်တီးသူက အသက် ၉၂ နှစ်ကျော်မှ စာပေလောကထဲ ရောက်လာပါတယ် တဲ့။ ဂန္ထ၀င်ကချေသည်ဘ၀ကနေ အငြိမ်းစားယူပြီးချိန်မှ ကဗျာ အစပြု ဖွဲ့သူပါ။ ဂျပန်မှာ အရောင်းရဆုံး စာအုပ် ၁၀ အုပ်ထဲ သူရေးတဲ့ကဗျာစာအုပ်လည်း ပါတယ် ဆိုပဲ။ သူ့စာအုပ်ကို တသန်းခွဲ ပုံနှိပ်ခဲ့ရသတဲ့။
ကဲ – ကဗျာဆရာ၊ ကဗျာဆရာမ မဖြစ်သေးလို့ စိတ်ဓာတ် ကျနေစရာ လိုသေးသလား။ မကျပါနဲ့။ ကဗျာဖတ်သူတွေကလည်း အရေး ပါပါတယ်။ ဆက် ဖတ်ကြပါလေ။


ကောင်းဆက်ရဲ့ ရန်ပွဲ
ပျင်းစရာကောင်းတဲ့ အကြောင်းအရာကို စိတ်ဝင်စားအောင် ရေးထားတယ်။ ၀ါကျရှည်တွေ၊ စာပိုဒ်ကြီးတွေနဲ့ ပြွတ်သိပ်မနေဘဲ သူ့ဆောင်းပါးကို မျက်လုံးကစားမိအောင် ရေးထား၊ ပုံဖော်ထားလို့ ဂျာနယ်ဖတ်သူတွေကို ဆွဲဆောင်နေမှာ အသေအချာပါ။


ခိုင်သင်းကြည် မကွဲ ဟုဆို
လင်မယားကွဲတဲ့သတင်း မှားယွင်းကြောင်း ကာယကံရှင်ရဲ့ ပြောပြချက်ပါ။ သူ့ကိုယ်သူ ခိုင်လေး လို့ နာမ်စား သုံးထားပါတယ်။ “မကွဲဘူး” ဆိုတာလေးကို သိရဖို့ စိတ်ရှည်ရှည်ထားပြီး ဖတ်ပါ။


ကြည်စိုးထွန်း အင်တာဗျူး
ရုပ်ရှင်မကြည့်လည်း ဖတ်သင့်တဲ့ အင်တာဗျူးပါ။ ပိုက်ဆံ သိပ်မသုံးနိုင်လို့ ရုပ်ရှင်တွေ ညံ့နေတာလို့ သူက ဆိုတယ်။ ဖိနှိပ်မှု ဘယ်လောက်များများ ဖြစ်အောင် ရိုက်လို့ ရတယ်လို့လည်း ဆိုတယ်။ မှတ်သားစရာ၊ သဘောတူစရာ၊ ငြင်းခုန်စရာတွေ တွေ့ရပါလိမ့်မယ်။ ဒါရိုက်တာ မလုပ်ဖြစ်တာ ၅ နှစ် ကြာလာတဲ့ ကြည်စိုးထွန်းက မင်းသမီး မင်းသားတွေကို စိတ်ညစ်နေပုံပါပဲ။


မီးပွား အင်တာဗျူး
ဟာသကားတွေ ဖန်တီးတာ ငွေရချင်လို့ပါ တဲ့။
ရုပ်ရှင်ကုမ္ပဏီတွေကလည်း ရယ်စရာကား ရိုက်မှ အရှုံးမပေါ်မှာလို့ ယုံကြည်နေကြပါသတဲ့။


နိုင်းနိုင်းတို့ မိသားစုရဲ့ ရေမြေခြားဘဝ
မင်းသား နိုင်းနိုင်းက ကမ္ဘာ့ အရှေ့ခြမ်းမှာ။ ဇနီး၊ သမီးတို့ကတော့ အနောက်ခြမ်း။
မိသားစုဆီ အလည်သွားခဲ့တဲ့ မင်းသားက အမှတ်ရစရာနေ့တွေနဲ့ ကြုံခဲ့ပါတယ် တဲ့။


ကာတွန်းစိန်ကြီးရဲ့ အို – အသင်လောက
အပျော်ဖတ်သတင်းတွေကြားထဲက ဆင်ခြင်ဖို့၊ ဆွေးနွေးဖို့ သိပ်ကောင်းတဲ့ ရေးသားချက်ပါ။ ဖတ်ဖို့ တိုက်တွန်းပါတယ်။

နံနက်ခင်း ဗေဒင်
ခေါင်းစည်းကတော့ အမိုက်စားပဲ။ ယုန်နှစ်အတွင်း သင့်ကံကြမ္မာ အခင်းအကျင်း တဲ့။ စိတ်ဝင်စားသူများ ကလစ်နိုင်ပါပြီ။ ကဲ – ဒါပါပဲ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts