>why did i go to school?

>

ဘာကြောင့် ကျောင်းတက်ခဲ့ရပါလိမ့်
လေးဝါ
စက်တင်ဘာ ၂၀၁၀

စာသင်ကျောင်းတွေ မရှိရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ လို့ တခါမှ မတွေးဖူးပါဘူး။ အခု တွေးကြည့်တော့ အင်း – လူတွေ ပိုပြီး ကြပ်တည်းမယ်၊ ကလေးတွေလည်း ပိုပြီး အရိုက်ခံရမယ်ထင်တယ်လို့ တွေးမိပါတယ်။

မိဘတွေက ကလေးတွေကို ကျောင်းအပ်ကြတဲ့ ရည်ရွယ်ချက်ကို မေးလိုက်ရင် “ပညာတတ်ဖို့ပေါ့” လို့ ဖြေကြမှာပဲ။ ပြီးတော့ရောလို့ မေးလိုက်ပါဦး။ အဖြေက “အင်း – သူတို့ အလုပ်မှ မရှိဘဲ၊ ကျောင်းတက်တာ သူတို့အလုပ်ပဲ” ဆိုတာ ဖြစ်ပါလိမ့်မယ်။

ထပ်မေးပါဦး စစ်စစ်ပေါက်ပေါက်။ တခြား ရည်ရွယ်ချက် မရှိတော့ဘူးလား၊ ကြံဖန်ပြီး ဖြေပါဦးလို့ မေးလိုက်ပါ။ ဒါဆိုရင် “ကလေးတွေကို မထိန်းချင်လို့ ကျောင်းကိုပို့လိုက်တာဟေ့” ဆိုတဲ့ အဖြေ ထွက်လာနိုင်ကောင်းပါရဲ့။

ကလေးထိန်းရ သက်သာအောင် ကျောင်းကို ပို့လိုက်တဲ့ မိဘ အရေအတွက်က တော်တော် များမယ်လို့ ယူဆရပါတယ်။

ဒါဆို စာသင်ကျောင်းတွေ မရှိရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ။ နိဒါန်းမှာ ကျနော် ဖြေထားတာက လူတွေ ပိုပြီး ကြပ်တည်းမယ်၊ ကလေးတွေလည်း ပိုပြီး အရိုက်ခံရမယ် ဆိုတာပါပဲ။

ကျောင်းတွေ မရှိခဲ့ရင် အိမ်မှာပဲ နေဖြစ်တော့ ပို အရိုက်ခံရကိန်း ဆိုက်ပြီပေါ့။ အကြောင်းအမျိုးမျိုးကြောင့် စိတ်တိုတဲ့ မိဘက ကလေးတွေကို ရိုက်တတ်ကြတယ်။ ကလေးကို စိတ်တိုရင် ကလေးကိုရိုက်မယ်၊ လူကြီးကို စိတ်တိုရင်လည်း ကလေးကိုပဲ ရိုက်ကြတယ်။ အင်း – ကလေးဖြစ်ရတာ မသက်သာပါလား။

ကျောင်းတွေ မရှိတော့ မိဘတွေက ကလေးတွေကို တနေကုန် ထိန်းရတဲ့အတွက် စီးပွားမရှာနိုင်တော့ဘူး။ အလုပ်ပျက်တယ်။

ဒါဆိုရင် စာသင်ကျောင်းတွေ ပေါ်လာတဲ့ အကြောင်းရင်းဟာ ကလေးတွေကြောင့် မဟုတ်ဘဲ “မိဘတွေအဆင်ပြေဖို့” ဆိုတဲ့ အချက်ကြောင့် ဖြစ်နိုင်ပေတာပေါ့။

ကလေးတွေ စိတ်ချရတဲ့ ခပ်ဝေးဝေး တနေရာမှာ ရှိနေရင် မိဘတွေ အဆင်ပြေမယ် မဟုတ်လား။ တတ်နိုင်တဲ့ မိဘတွေဆို ကလေးတွေကို ကျောင်းအိပ်ကျောင်းစားတောင် ပို့ထားလိုက်ကြသေးတယ်။

ပညာရေးအကြောင်း ရေးသားပြောဆိုသူတွေဆီက ဒီလိုအချက်တွေကို ကြားရ ဖတ်ရရင် ကောင်းမှာပဲ။ ပညာရေးရဲ့ သမိုင်းကြောင်း ဆောင်းပါးတွေဟာ သီအိုရီတွေ အဆိုအမိန့်တွေနဲ့ ပြည့်မနေဘူး ဆိုရင် သိပ်ကောင်းမှာပါ။

မိဘတွေက သူတို့ကလေး ကျောင်းပို့တဲ့ ရည်ရွယ်ချက်တွေအကြောင်းတော့ ပြောပြီးပြီ၊ ကဲ – ဆရာတွေကရော ဘာကြောင့် ကျောင်းဖွင့်ရတာလဲ။

ဖတ်ဖူးတဲ့ စာတွေထဲမှာတော့ ရှေးတုန်းက ကျောင်းတွေမှာ ဆရာကြီးက “ဒိသာပါမောက္ခ” ဖြစ်နေတတ်တယ်။ ဗြဟ္မဒတ်မင်း အုပ်ချုပ်တဲ့ ဗာရာဏသီပြည် ဖြစ်နေတတ်တယ်။ ဘုရင်တွေအကြောင်းတော့ ထားလိုက်ပါဦး၊ ဆရာတွေကရော ဘာကြောင့် ကျောင်းဖွင့်ရတာလဲ ဆိုတာ စဉ်းစားကြည့်ရအောင်။

ဒိသာပါမောက္ခကြီးက ဘာကြောင့် ကျောင်းဖွင့်ရတာလဲ။ အင်း – စာထဲမှာ မပါဘူး အဲဒီအချက်။ ပါတာကတော့ စာသိပ်တော်တဲ့ ကျောင်းသား၊ ထူးချွန်တဲ့ ကျောင်းသား အိမ်ပြန်တဲ့အခါ သူ့သမီးနဲ့ ညားပြီး ယောင်နောက် ဆံထုံးပါသွားတယ် ဆိုတဲ့ အချက်ပါပဲ။ ဒါဆို ဒိသာပါမောက္ခကြီး ကျောင်းဖွင့်တာက ကိုယ့်သားသမီးကို ထူးချွန်သူနဲ့ အိမ်ထောင်ချပေးဖို့ဖြစ်တယ်လို့ တွေးရမလို ဖြစ်နေတယ်။ သမိုင်းဆရာများ ဒီအကြောင်းကို တူးဆွ လေ့လာ ရေးသားကြပါဦး။

ကျနော်ကတော့ စာသင်ကျောင်းတွေ မရှိရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ၊ ဘာကြောင့် ငါ ကျောင်းတက်ခဲ့ရပါလိမ့် လို့ ဖြတ်ခနဲ စဉ်းစားမိတာကို ရေးလိုက်ပါတယ်။

(မူရင်း – မဲဆောက်မြို့ထုတ် ရောင်ခြည်ဦး အလုပ်သမားဂျာနယ် အတွဲ ၃၊ အမှတ် ၈)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts