>Maung Lu Yay – Blessing in Burma 22

>

မင်္ဂလာနှင့် နိုင်ငံရေး ၂၂
မောင်လူရေး
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၁
ခန္တီ= စားဝတ်နေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်းသည်းခံတာ မင်္ဂလာ။
အထူအပါးဟူသော ခေတ်စကားရှိရာ သည်းခံခြင်းဟူသည် စိတ်ထူခြင်းကို ဆိုသည်။ ဤနေရာ၌ ထူသည် အူကို မဆိုလို၊ မြန်မာနိုင်ငံသားများနှင့် မြန်မာ့နိုင်ငံရေးအခြေအနေမျိုးလို ခံနိုင်ရည်ရှိလွန်းခြင်းကို ဆိုလတည်း။
တချို့က ခန္တီကို မနိုင်၍သည်းခံခြင်းဟု နောက်ပြောင်ကြ၏။  ဆင်းရဲဒုက္ခကို မတော်လှန်ဘဲ ငြိမ်ခံခြင်းဟု၎င်း၊ လက်ရှိအခြေအနေလို မနှစ်မြို့စရာ အော့နှလုံးနာစရာကောင်းသည်များကို ကျိုးနွံနေခြင်းဟု၎င်း ထင်မြင်ကြ၍ အညံ့ခံစိတ်ဟုပင် ယူဆကြပြီး လွတ်လပ်ရေးတိုက်ပွဲကာလက မြန်မာလူငယ်တချို့က ထက်သန်သောစိတ်ဆန္ဒ ကို ချိုးနှိမ်သောဝါဒဟု ဗုဒ္ဓဝါဒကို သတ်မှတ်ခဲ့ကြသည်။
အမှန်တော့ ဗုဒ္ဓသည် ရုပ်ပိုင်း စိတ်ပိုင်း အနှောင်အဖွဲ့ဟူသမျှ ပယ်ရှားဖြတ်တောက်၍ လွတ်လပ်မှုကို ရယူဖို့သာ သင်ကြားလေသည်။
ခန္တီဟူသည် အရာရာ တရားသဖြင့် ဖြစ်ရေးကိုလိုလားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မင်းကိုနိုင်၊ ဇာဂနာစသော တိုင်းသူပြည်သားများသည် အဖျက်မဲ့၊ အကျိုးလိုမှုအဒေါသ အားကောင်းသည်ထက် အားကောင်းလာပြီး ကိုယ့်တိုင်းကိုယ့်ပြည်ကို ကောင်းစားစေလိုမှုမေတ္တာ ရင့်သည်ထက်ရင့်မာ၍ စုပ်သမျှ ပဲ့သမျှ ပြန်မစုပ်ပဲ၊ ယုတ်သမျှ ပတ်သမျှ ပြန်မယုတ်ပဲ၊ ပုတ်သမျှ နုပ်သမျှ ပြန်မသုပ်ပဲ အလုံးစုံပျက်သုဉ်းရေးဆီ ဦးတည် မသွားအောင် အခြေအနေဆိုးကြီးကို ဆင်းရဲမျိုးစုံခံ ကျော်လွှားနေကြခြင်းကို ဆိုပါသည်။
တကယ်တော့ ခန္တီဟူသည် အမြင့်မားဆုံး အရည်အသွေးတစ်ရပ်သာတည်း။ တိုင်းပြည်ကို ကောင်းစားစေလိုပါ မူ ပထမ တိုင်းပြည်ကို ပူလောင်ဆူပွက်မနေအောင် လုပ်ရပေမည်။
မဆူပွက်ဖို့ဆိုလျှင် အိုးအိမ်တိုက်တာ ကား မယား စီးပွားစသဟာတွေနှင့် တိုင်းပြည်ဘဏ္ဍာ သယံဇာတမှန်သမျှ ကိုယ့်ဟာမှတ်ပြီး မတော်မတရားမရယူမှု အလောဘ၊
သူတို့လဲ မိသားစုနဲ့နေချင်မှာပဲ၊ ထောင်နှစ်တစ်ရာချလို့ မဖြစ်သေးပါဘူး၊ ငါ့သားသမီးတွေ မြေးမြစ်တွေ ပြည်တွင်းပြည်ပ အပျံစားကျောင်းတွေထား၊ ဒို့အစိုးရကျောင်းကလေးလဲ တက်ချင်စရာ ကောင်း အောင်လေးတော့ လုပ်အုံးမှစသည်ဖြင့် အကျိုးလိုမှု အဒေါသ၊
ဘယ်ကောင့်မှ စိတ်မချရ၊ ဖြုပ်ကွ ထုတ်ကွ၊ တိုင်းပြည့် အာဏာလွှဲလို့ မဖြစ်သေးပါဘူး၊ အုပ်ချုပ်တတ်ကြမှာလဲ မှုတ်ပါဘူး စသည်ဖြင့် သံသယမထားမှု အမောဟ
တို့ ရှိနေရမည်။   
ဒီလိုမှ ခန်မတီလျှင် တတိုင်းပြည်လုံး ငါပိုင်ဖြစ်လိုမှု အဘိဇ္ဈာ၊ ငါတို့မှလွဲ အကုန်ဘဲပျက်ပါစေ ဗျာပါဒ၊ ဒီတိုင်းပြည် ငါမကယ် သေဖွယ်ရှိထင်မှတ်သည့် မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ထွန်းပေါ်ပေါက်၍ လာပေလိမ့်မည်။
ခန္တီဟူသည် အကျိုးလိုလားစိတ်နှင့် မပျက်စီးအောင် အားထုတ်မှုဖြစ်စဉ်ကြီးပင် ဖြစ်၏။ ကမ္ဘာတွင် ကျွန်ုပ်တို့ ရွှေဝါပြည်၏ ခန္တီသည် အလွန့်အလွန်အံ့ဘွယ်တည်း။ ဘုရားလောင်းကျင့်ထုံးနှင့် တလုံးတစည်းတည်းရှိဘိ၏။ အောက်ပါဇာတ်ထုပ်ကို ကြည့်လေဦး-
ရှေးသရောအခါ ပြည်ဗာရာဝယ် ဘုရားအလောင်းပုဏ္ဏား ရသေ့ဝတ်၍ ဟိမဝန်မြိုင်ကြားမှာ နေလေသည်။ ပြည်ဗာရာကို ပြန်လာသောခါ သေနာပတိကြီးက ကြည်ညိုလှသဖြင့် သေနာကြီး၏ပါမစ်နှင့် နေပြည်တော် ဥယျဉ်သစ်တွင် သီတင်းသုံးဖြစ်တော့သည်။
တစ်နေ့သောအခါ ကလာဗုရာဇာသည် ကလျာဖူးစသစ် မော်ဒယ်နုမျစ်လေးများခြံရံလျက် ဥယျဉ်တော်တွင် အိတ်စ်ကားရှင်းထွက်ကာ ကဲချင်တိုင်းကဲ ပြဲချင်တိုင်းပြဲပြီးသကာလ သူအနှစ်သက်ဆုံးမော်ဒယ်မလေးရင်ခွင် ထက် အိပ်စက်သွားလေတော့သတည်း။ ဤတွင် ဤဇာတ်နာလေတော့သည်လတည်း။
မင်းကြီးစက်တော်ခေါ်စဉ် ကျန်မော်ဒယ်တွေက ဥယျဉ်ထဲလျှောက်သွားသောအခါ ဘုရားအလောင်းရသေ့နှင့် တွေ့၍ တရားတော်နာယူကြည်မွေ့နေကြလေသည်။ မင်းကြီးနိုးသော် သူ့မော်ဒယ်တွေ ရသေ့လေးကို ဝန်းရံနေ သည်ကို တွေ့ရလေရာ သူခေတ်ကုန်ပြီထင်ပြီး မနာလိုစိတ်ဝင်ကာ ဒေါသချောင်းချောင်း ကောင်းကောင်း ကြီးထွက်လေတော့သည်။
မင်းကြီးက – ရသေ့… သင်ဘာဝါဒရှိသလဲ မေးရာ ရသေ့က ခန္တီဝါဒရှိကြောင်းဖြေ၏။ ခန္တီဆိုတာ ဘာလဲဟု ထပ်မေးသောအခါ မတော်မတရားပြုတာကို အမျက်ဒေါသမထွက်ခြင်းဟု ဖြေတော့ စမ်းကြည့်ရသေးတာပေါ့ ဆိုပြီး ကြံ့ဖွတ်တွေကိုခေါ်ကာ ဆူးကြိမ်လုံးနှင့် ရိုက်ခိုင်း၏။
(ကြံ့ဖွတ်ကား ရှေးကထဲက ဘုရင်တွေ၏ လက်သုံး တော်ဖြစ်ခဲ့ဟန်တူ၏)
ကြံ့ဖွတ်တွေကလည်း ရွှေဝါရောင်အရေးအခင်းတုန်းကလိုပင် ရိုက်ကြ၏။ ရသေ့လေးမှာ အရေတွေစုပ်၊ အသားတွေပေါက်ပြဲ သွေးသံရဲရဲဖြစ်နေဘိ၏။ ဤသည်နှင့် ၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး စစ်အာဏာသိမ်းသောအခါ ကျောင်းသားသမဂ္ဂကိုဖြိုခွဲ၍ ကျောင်းသားများကိုသတ်သည်နှင့်တူ၏။
မင်းကြီးက မေးခွန်းဟောင်း ထပ်မေး၏။ ရသေ့က အဖြေဟောင်း ထပ်ဖြေ၏။ မင်းကြီး သင်က ခန္တီကို အရေပြား မှာရှိသည်ဟု ထင်နေ၏၊ သင်မမြင်နိုင်သော နှလုံးသားမှာရှိ၏ဟု ဆက်ဖြေသောအခါ လက်ကိုဖြတ်ခိုင်းပြီး ရှိသေးလားမေးပြန်၏။ ဤသည်နှင့် ဦးသန့်အရေးအခင်း ကျောင်းသားများအသတ်ခံရသည်နှင့်တူ၏။
ခြေကိုဖြတ်၍ မေးပြန်၏။ ရသေ့လေးကလည်း ရှိသေးကြောင်းဖြေပြန်၏။ ဤသည်နှင့် မှိုင်းရာပြည့်အရေးအခင်း လူတွေအသတ်ခံရသည်နှင့် တူပြန်၏။
နားကိုဖြတ်၍ မေးပြန်၏။ အလောင်းတော်ကလည်း ရှိသေးကြောင်းဖြေပြန်၏။ ဤသည်နှင့် လက်ညှိုးထောင် ခေါင်းငြိမ့် သာကူးညာစား အချောင်သမားတို့နှင့် တပါတီအာဏာရှင်စနစ်ကြီးထူထောင်လိုက်တာနှင့် တူပြန်၏။
နှာခေါင်းကိုဖြတ်၍ မေးပြန်၏။ အလောင်းတော်ကလည်း ရှိသေးကြောင်းဖြေပြန်၏။ ဤသည်နှင့် ၁၉၈၇ ခုနှစ်၌ ချွေးသံရဲရဲနှင့် ရှာထားရသောငွေများ တစ်ပြားမှ မတန်တော့ကြောင်း ကြေငြာခံရခြင်း၊ ၁၉၈၈ ခုနှစ်တွင် ပြည်သူ့အုံကြွမှုကြီးဖြစ်၍ ဗိုလ်ချုပ်ကြီးစောမောင်ခေါင်းဆောင်သောစစ်အာဏာသိမ်းအစိုးရပေါ်ပေါက်လာပြီး ပြည်သူအများ အသတ်ခံရသည်နှင့်တူ၏။
နောက်ဆုံးမင်းကြီးသည် အမျက်ဒေါသကို မချုပ်တည်းနိုင်ဘဲ ဘုရားအလောင်း၏ရင်ဝကို ဖနောင့်နှင့် အချက်များစွာပေါက်၍ ထွက်ခွာသွားလေ၏။ ဤသည်နှင့် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရ ဒေါ်အောင်းဆန်းစုကြည်၏ပါတီကို အာဏာမလွှဲခြင်း၊
အမတ်လောင်းများကို ဖမ်းဆီးထောင်ချသတ်ဖြတ်ခြင်း၊
ညီလာခံနှင့် မာဆတ်မကွဲသူများနှင့် အခြေခံဥပဒေကြီးရေးဆွဲခြင်း၊
ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက် ဒီပဲယင်း လုပ်ကြံမှုကြီးဖြစ်ပေါ်၍ လူများစွာ ပက်ပက်စက်စက်သေကြေကြခြင်း၊
ရွှေဝါရောင်သံဃလှုပ်ရှားမှုကြီး ဖြစ်ပေါ် လာ၍ ရဟန်းသံဃာ လူများစွာ သေကြေပျက်စီး ဖမ်းဆီးထောင်ချခံရခြင်း၊
နာဂစ်မုန်တိုင်းတိုက်ခတ် ခံရမှု ကြီးအတွင်း ထိရောက်သောကယ်ဆယ်ရေးများ မဆောင်ရွက်နိုင်၍ ပိုမိုသေကြေပျက်စီးကြပြီး ကယ်ဆယ်ရေး လုပ်သူများ ဖမ်းဆီးထောင်ချခံကြရခြင်း၊
တဖက်စောင်းနင်းရေးဆွဲထားသော အခြေခံဥပဒေကြီးကို ဇွတ်အတင်း အဓမ္မအတည်ပြုခံရခြင်း၊
သက်ဆိုင်သူတွေ ပါဝင်သင့်သူတွေ မပါဝင်ဘဲ တရားမျှတမှုမရှိ၊ လွတ်လပ်မှု ကင်းသော၂၀၁၀ ရွေးကောက်ပွဲကြီးပြုကျင့်ခံရခြင်းနှင့်
စီးပွားရေးပြစ်မှု လူမှုရေးပြစ်မှု နိုင်ငံရေးပြစ်မှု ကျူးလွန်ထားသူများ ပါတီထောင်ပြီး အနိုင်ရအောင်ဖန်တည်းခံရခြင်း
စသည်တို့နှင့်တူလေ၏။
ဤကား ဒေါ်စုနှင့်တကွသော မြန်မာနိုင်ငံသားအဖိနှိပ်ခံများကား ခန္တီပါရမီဖြည့်နေကြခြင်းအနည်းငယ် ဖြစ်ပေသတည်း။
အညစ်ကို အစုတ် အယုတ် အပုတ်တို့ဖြင့် တုံ့ပြန်ခဲ့သော် ဘာတွေဖြစ်ကုန်မည်နည်း။
ထိုခန္တီကိုပင် ငြိမ်းချမ်းရေးနိုဗာယ်ဆုပေးခဲ့ခြင်းဖြစ်သည်။
အော် ဇာတ်သိမ်းမေ့တော့မလို့။
ကလာဗုမင်းကြီး ဥယျဉ်ကအထွက် မြေကြီးသည်နှစ်ဖြာကွဲအက်၍ မင်းကြီးကို အဝီစိသို့ ဆောင်ယူသွားပေ တော့သည်လတည်း။
          (မင်္ဂလာ စီးရီး နောက်တပတ်မှာ ဇာတ်သိမ်းမယ်။ …)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts