>US$ exchage rate on the rise due to local political instability

>

နိုင်ငံရေး မတည်ငြိမ်ဟု သုံးသပ်ပြီး ဒေါ်လာဈေး ထိုးတက်

မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၁

 
(photo: AP)
  နှုတ်ထွက်စာ မတင်မီ ၄ ရက်အလိုတွင် တွေ့ရသော ဦးတင်အေး။
သူ၏ နှုတ်ထွက်မှုသတင်းကြောင့် မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူများ အံ့အားသင့်သင့်သွားသည်။ ထိုသတင်းက စီးပွားရေးလောကသို့လည်း အကြီးအကျယ် ဂယက် ရိုက်သွားသည်။ 

နအဖ အစိုးရအဖွဲ့ဝင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တွင် တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေး လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နှုတ်ထွက်သည့် သတင်းကြောင့် ရန်ကုန်မြို့ ဒေါ်လာဈေး ယနေ့ ထိုးတက်ခဲ့သည်။
ယနေ့နံနက်က အမေရိကန် တဒေါ်လာကို ကျပ် ၉၂၅ ကျပ်ဖြင့်ဈေးဖွင့်ပြီးနေ့လည်တွင် ၉၅၀ ကျပ်အထိ မြင့်တက်ခဲ့ကာ၊ ညနေပိုင်း ဈေးပိတ်ချိန်တွင် ၉၃၈ ကျပ်ဖြင့် ပိတ်ခဲ့သော်လည်း ဈေးပိတ်ပြီး နောက်ပိုင်း ၀ယ်အားများလာသဖြင့် ထပ်မံမြင့်တက်ခဲ့သည်ဟု ဒေါ်လာ အလဲအလှယ် လုပ်ကိုင်သူ တဦးကပြောသည်။
ယမန်နေ့ ဈေးပိတ်ချိန်တွင် တဒေါ်လာ ၈၈၇ ကျပ်သာရှိခဲ့ရာမှ ယနေ့နံနက်တွင် ၉၂၅ ကျပ်ဖြင့်ဖွင့်ပြီး ညနေဈေးပိတ်ချိန်တွင် ယခုကဲ့သို့ ထိုးတက်ခဲ့ခြင်းလည်း ဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ်အတွင်း ဒေါ်လာလဲလှယ်နှုန်း ကျပ် ၁၀၀ နီးပါး မြင့်တက်ခဲ့သည်ကို တွေ့ရပြီး ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေး ၀န်ကြီးရာထူး မယူပဲ ငြင်းဆန်ခဲ့သည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်ခဲ့သည်။
ယခုကျင်းပလျက်ရှိသည့် လွှတ်တော်နှင့် အစိုးရအဖွဲ့တွင်း မတည်ငြိမ်မှုများကြောင့် ငွေကြေးဈေးကွက်အား ဂယက်ရိုက်ခြင်း ဖြစ်သည်ဟု စီးပွားရေး လုပ်ကိုင်သူများကပြောသည်။ ယခင်နှစ်များက တဒေါ်လာ ကျပ် တထောင်ကျော် ၀န်းကျင်တွင် ရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ဈေးကျဆင်းလာပြီး နှစ်ကုန်တွင် အနိမ့်ဆုံး ၈၂၀ကျပ်ဝန်းကျင်ထိ ကျဆင်းခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts