>Letters from Michigan – 54

>

မစ်ရှီဂန်ကပေးတဲ့စာ(၅၄)
အောင်ဝေး
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၁
(photo: getty images)
မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစ။ ဥတုရာသီများလည်း သာပါစ။ ဒီမှာတော့ ဆရာမကြီး ဒေါ်ကြည်အေး ကဗျာတပုဒ်ထဲကလို “နှင်းမှောင်ကန္တာရ” ထဲ ရောက်နေတယ် ကိုဒေါင်းရေ။

အခု ဒီက နှင်းမှောင် ကန္တာရထဲကနေပြီးတော့ပဲ ကျနော်က ဂျာမန်ကဗျာဆရာကြီး ဗားတော့ဗရက်ရဲ့ “နှင်းတွေ သိပ်ပြီး ထူထူထဲထဲ ကျနေရင်၊ ပဲကလေးတွေ အညှောက်မပေါက်နိုင်ဘူး” ဆိုတဲ့ ကဗျာကိုလည်း သတိရလိုက်မိပါရဲ့ဗျာ။ ပြီးတော့ ဆရာဇော်(ပျဉ်းမနား)ရဲ့ နာမည်ကျော် “ဟေမန္တဓာတ်ပြား” ကဗျာကိုလည်း အမှတ်ရတယ်ဗျာ။

ဒီက နှင်းမှောင်ကန္တာရကို အန်တု ရင်ဆိုင် ကျော်ဖြတ်ရင်း၊ နှင်းတွေအရည်ပျော်မယ့် နွေဦး ရာသီကို မျှော်မိကြတာပေါ့ကိုဒေါင်းရယ်။ နွေဦးပေါက်ရင် ဆိုတဲ့ အတွေးနဲ့၊ မျှော်လင့်ချက်နဲ့ ဒီက ဟေမန္တ ဓာတ်ပြားပေါ်ကို အပ်သွားတင်ရင်းနဲ့ပဲ၊ ဒီရက်တွေထဲ ကျနော့်ရင်ထဲ ဘ၀င်မကျသလို ဖြစ်နေတဲ့ ကိစ္စတခု၊ ခင်ဗျားကိုပဲ ပြောရတော့မယ် ကိုဒေါင်းကြီးရေ။

အမေရိကန်ဆောင်းအကြောင်း ပြောလက်စနဲ့မို့၊ ကျနော်တို့ရဲ့ ဆရာ ဒဂုန်တာရာ ရေးခဲ့တဲ့ စာသားလေး တခု၊ ကျနော် သတိရနေတာ အရင် ပြောလိုက်ဦးမယ်။ ဆရာဒဂုန်တာရာက “လူငယ်များသည် ကောက်ရိတ်ပွဲတော်ကိုသွားဖို့ နွေဦးကို စောင့်စားနေကြပေသည်” လို့ ရေးခဲ့တာလေ။ ဒီဝါကျကိုပဲ ဆရာဒဂုန်တာရာ မကြာမကြာ ပြန်ပြန် ကိုးကားရေးခဲ့တာ ကျနော်တို့ နားလည်နိုင်ခဲ့ကြတယ် မဟုတ်လား။ လူငယ်များသည် ကောက်ရိတ်ပွဲတော်ကို သွားဖို့ နွေဦးကို စောင့်စားနေကြပေသည်။

ကိုဒေါင်းရေ၊ ကျနော်တို့နွေဦးကို စောင့်စားနေကြတာပါ။ ဟုတ်တယ်။ နွေဦးကို ကျနော်တို့ စောင့်စားနေကြတယ်။ မျှော်လင့်နေကြတယ်။ နွေဦးပေါက်ရင် ပဲကလေးတွေ အညှောက် ပေါက်လာမှာပဲ မဟုတ်လား။ ဒါ သေချာတယ်။ ကျနော်တို့က နွေဦးကို မျှော်လင့်စောင့်စားနေကြတယ် ဆိုတာ ယုံကြည်လို့ပဲ။ အဲဒါ ယုံကြည်စိတ်၊ သဒ္ဓါစိတ်နဲ့ပဲ မဟုတ်လား။

နှင်းမှောင်ကန္တာရထဲ ရောက်နေတဲ့ ဘယ်သူမဆို၊ နွေဦးပေါက်ချိန်ကို အိပ်မက်ထဲ ကျိန်းသေ မက်မှာပဲ ကိုဒေါင်း။ နွေဦးပေါက်လို့ ဓာတ်ကြိုးတန်းတွေပေါ်မှာ ပျံလွှားငှက်ကလေး တကောင်ကနေ တအုပ်၊ တအုပ်ကနေ တသင်း၊ ပျံရင်းလွှားရင်း၊ ခုန်ဆင်းခိုနား၊ လာကြပလား ဆိုရင် နှင်းတွေလည်း အရည်ပျော်ကုန်ကြလို့၊ တဆောင်းတွင်းလုံး နာကျင် အုံခဲနေတဲ့ စိတ်ထဲ ရင်ထဲက မကျေနပ်မှု၊ အလိုမကျမှု အစိုင်အခဲတွေလည်း ပဲ့ကြွေ အရည်ပျော်သွားရမှာပဲ မဟုတ်လား ကိုဒေါင်းရေ။ ဒီတော့ ကျနော်တို့ဟာ အစစ်အမှန်နွေဦးကို မျှော်လင့်စောင့်စား ရင်ခုန်မိကြတာပဲပေါ့ဗျာ။

ဟုတ်ပြီ ကိုဒေါင်း။ ကျနော်တို့ကတော့ ဆရာဒဂုန်တာရာ ပြောသလို ကောက်ရိတ်ပွဲတော်ကို သွားဖို့ နွေဦးကို စောင့်စားနေကြတာပါ။ ကျနော်တို့စိုက်ပျိုးထားခဲ့သမျှကို၊ ကျနော်တို့ လွတ်လွတ်လပ်လပ် ရိတ်သိမ်းခွင့်ရမယ့် နွေဦးကို ကျနော်တို့ အရင်ကလည်း စောင့်စားခဲ့ကြတယ်။ အခုလည်း စောင့်စားနေကြဆဲပါ။ နောင်လည်း နွေဦးမပေါက်မချင်း ကျနော်တို့ ဇွဲရှိရှိနဲ့ ဆက်ပြီး စောင့်စားနေကြဦးမှာပါပဲ။ ဒါ ကျနော်တို့ ယုံကြည်ချက်ပါပဲ။

ယုံကြည်ချက်ဆိုတာ စာရွက်ပေါ်က မလာပါဘူး။ ရင်ဘတ်ထဲက လာတာပါ။ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ယုံကြည်ချက်၊ ကျနော်တို့ ပြည်သူလူထုအပေါ်မှာ ယုံကြည်ချက်၊ ကျနော်တို့ တိုက်ပွဲအပေါ်မှာ ယုံကြည်ချက်၊ ယုတ်စွအဆုံး ကျနော်တို့ဟာ ကိုယ့်ယုံကြည်ချက် အပေါ်မှာ၊ ကိုယ် အသေအချာ ယုံကြည်တဲ့၊ ယုံကြည်ချက် သန်သန်တွေနဲ့ နွေဦးကို စောင့်စားနေကြတာ။

နွေဦးပေါက်ရင် ဆိုတဲ့ အတွေးနဲ့ ဒီစစ်အာဏာရှင် စနစ်ဆိုးကြီးရဲ့ အောက်က စစ်ဘေးစစ်ဒဏ်၊ အအေးဒဏ်ကို ကျနော်တို့ ကြံ့ကြံ့ခံနေကြတာပါ။ ဒါ ကျနော်တို့ အောင်ပွဲကို ယုံကြည်လို့ပါ။ အနာဂတ်ကို ယုံကြည်လို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ပါ။ ကိုဒေါင်းရေ၊ ယုံကြည်ချက်ဟာ အမှန်တရားပဲ မဟုတ်ပါလားဗျာ။

ထားတော့ ကိုဒေါင်း။ အခု ကျနော် ဘ၀င်မကျတဲ့ အချက်ကို ပြောတော့မယ်။ ဘာလဲဆိုတော့ “စောင့်ကြည့်ရဦးမယ်” လို့ ပြောနေကြတဲ့ လူတစုရဲ့ အဲဒီ စောင့်ကြည့် အယူအဆပါ။ ကျနော်တို့က အခိုင်အမာ စောင့်စားနေကြတဲ့ အချိန်။ ဆိုပါတော့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် အထိမ်းသိမ်း ခံနေရတုန်းကလည်း၊ ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ယုံယုံ ကြည်ကြည်နဲ့ မျှော်လင့် စောင့်စားခဲ့ကြတာပဲ။ ဟော – အခု ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတော့လည်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်မှာ တခဲနက် လိုက်ပါ ချီတက်ရင်း၊ တနေ့- အမျိုးသား ပြန်လည် သင့်မြတ်ရေး အောင်မြင်ပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာမယ့် နေ့သစ်၊ ဒီနေ့သစ်ကို ကျနော်တို့ ဆက်ပြီး မျှော်လင့် စောင့်စားနေကြတာပါ ကိုဒေါင်း။

ခုတော့ ဒီလိုမဟုတ်ဘဲ “စောင့်ကြည့်ရဦးမယ်” ဆိုတဲ့ လူတစုရဲ့အသံ ထွက်လာတာကိုတော့ ကျနော် ဘ၀င်မကျမိတာ အမှန်ပဲ ကိုဒေါင်း။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုးတက်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ လက်တွဲ ကြိုးပမ်း အားထုတ်နေတဲ့ “၂၁ ရာစု ပင်လုံညီလာခံ” စိတ်ဓာတ်ရေးရာ လူထု လှုပ်ရှားမှုကို၊ နအဖ စစ်အုပ်စုရဲ့ မီဒီယာတွေက နေ့မနား၊ ညမအား၊ အပြင်းအထန် ဝေဖန် ရှုတ်ချနေတဲ့ တချိန်တည်းမှာပဲ၊ အဲဒီ စောင့်ကြည့် လူတစုက၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံညီလာခံကို စောင့်ကြည့်ရပါဦးမယ်လို့ ပြောလာတဲ့ကိစ္စ။ စောင့်ကြည့်ရဦးမယ် ဆိုတော့ မယုံကြည်ဘူးလို့ အဓိပ္ပာယ်ရတယ်။ သံသယရှိတယ် လို့လည်း အနက်ထွက်တယ်။ ဒီတော့ စောင့်ကြည့်ရမယ် ဆိုတဲ့စကားက သံသယအပေါ်မှာ အခြေခံတာပဲ။ အဲဒီလူတစုက ပင်လုံစိတ်ဓာတ်ကို မယုံကြည်တာကို ပြတာပဲ။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သံသယရှိတာကို ပြတာပဲ။

အဲဒီတော့၊ ရန်သူနဲ့ တလေတည်း ထွက်လာတဲ့ အဲဒီအသံကို ကျနော်တော့ မကြိုက်ဘူး။ ဆန့်ကျင်တယ်။ ဒီအသံက ပြည်သူလူထုဆီက လာတဲ့ အသံတော့ မဟုတ်ပါဘူး။ ကြောက်စရာ မလိုပါဘူး။ ဒါပေမဲ့ – ဒီလို အသံတွေ ကြားရတာ၊ ရွာနာလွန်းလို့ပါ ကိုဒေါင်းရေ။
အားလုံးကို သတိရလျက်-

အောင်ဝေး
ဇန်န၀ါရီ ၂၃-၂၀၁၁။



မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts