>Inter Tech Updates by theGeek

>

နည်းပညာ မီးရှုးမီးပန်းများ အပ္ပဒိတ်
လောကဓာတ်ခန်းသာဂိ
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၁
ဒီတပတ်ပြောချင်တာက ဂူးဂဲပါ။ ဂူးဂဲဟာ အီးမေး၊ ဘလောက်ဂင်း၊ ဆိုရှယ်မီဒီယာကနေ မိုးပေါ်တက်နေပြီ။ မိုးပေါ်တက်နေပြီလို့ ပြောချင်တာက Cloud တို့၊ Virtal Community & Work Place ကို သွားနေပြီလို့ ပြောချင်တာ။ အင်တာနက်လူသားဟာ ဘ၀ကို အီးမေးနဲ့စ၊ ချက်တင်းတွေ ဘလောက်နဲ့ကြီးပြီး ဖေ့စ်ဘွတ်နဲ့ အဆုံးသတ်မသွားဘူး။ ဂူးဂဲရဲ့ APP တွေက လူမှုအဖွဲ့တွေ လုပ်ငန်းအဖွဲ့တွေကို အထောက်အကူပြုတဲ့ နည်းပညာတွေ၊ ကိရိယာတွေ ပေးနေပြီ ဖြစ်တယ်။
ဥပမာ တခုကတော့ Google App – (http://www.google.com/apps/ )ကို သွားကြည့်ပါ။ တသီးပုဂ္ဂလဘ၀အတွက် ဖြည့်ဆည်းပေးတဲ့ အီးမေး၊ ဂျီတော့ခ်၊ အယ်လဘန်၊ ဘလောက်ဂ်တွေကနေပြီးတော့ အီးမေးဂရု၊ ဖိုင်တွေ ရှယ်လုပ်တဲ့ ဆိုက်၊ ဈေးရောင်း ဈေးဝယ်၊ လမ်းညွှန်မြေပုံတွေ ၀န်ဆောင်မှုပေးနေရာကနေ လူမှုအဖွဲ့အစည်းတွေ၊ လုပ်ငန်း၊ စီးပွား၊ ပညာရေး အဖွဲ့အစည်းတွေကို ဂူးဂဲရဲ့ ၀န်ဆောင်မှုတွေကို အခမဲ့၊ အခနဲ့ ပေးသုံးနေပြီ ဖြစ်တယ်။ ဂျီးမေးကို နေ့စဉ်ဘ၀မှာ ကြိုက်နေမှတော့ သင့်အလုပ်၊ သင့်မိသားစု အီးမေးကိုလည်း ဂူးဂဲဖြင့် သုံးနိုင်ပြီ။ thegeek@gmail.com ကနေပြီးတော့ thegeek@thegeek.com ကို ဂူးဂဲဝန်ဆောင်မှုနဲ့ သုံးနိုင်ပြီ။ အဲသည်ကိုယ်ပိုင်ဒိုမိန်းအီးမေးနဲ့ ဂျီတော့ခ်မှာ ချက်နိုင်ပြီ။ ဒါမျိုးတွေ ပေးနေပါတယ်။
စမ်းသပ်ကြပေတော့။ ပရိုဂရင်မာများလည်း ဂူးဂဲလက်ဘ် သာမက ဂူးဂဲကုတ်ဒ်များတင်သာမက google ရဲ့  Google Web Application Engine ဖြစ်တဲ့ http://appspot.com မှာလည်း လက်တည့်စမ်းကြည့်ကြပါဦးခင်ဗျား
နောက်တခုကတော့ ဒက်စ်တော့ကွန်ပျူတာသုံးတဲ့ခေတ် မဟုတ်တော့ဘူး၊ လက်ပ်တော့ခေတ်ဖြစ်နေပြီ။ အဲ … အခုဆိုရင် တယ်လီဖုန်းကွန်ပျူတာခေတ် ဖြစ်လာပြီ။ နောက်ပြီးတော့ ဆော့ဝဲတွေ၊ အိုအက်စ်တွေ အလေးသာတဲ့ခေတ် မဟုတ်တော့ပြန်ဘူး။ အင်တာနက်ရှိဖို့နဲ့ လိုင်းပေါ်က၊ မိုးပေါ်က (Cloud) မိုးတိမ်တောင်တွေပေါ်တက် ဈန်ရတဲ့ ခေတ် ဖြစ်နေပြီ။ ဘရောက်ဇာပဲ ရွေးတဲ့ ခေတ်၊ အက်ပ် APP တွေ ရွေးသုံးတဲ့ ခေတ်ဖြစ်နေပြီ။
မိုးမခကို စာမူပို့တာ အန်ဒရိုက်ဖုံးထဲကနေ မက်ဆိတ်ကို ပါးစပ်နဲ့ပြော၊ စာသားက စက်ထဲမှာ သူ့ဖာသာပြောင်း၊ စပယ်လင်တွေ စစ်၊ အယ်ဒီတာမေးထဲ ပို့၊ ဓာတ်ပုံပါ တွဲပေးလိုက်တဲ့ အချိန်ကို ရောက်တော့မယ်လို့ ဟိုစပ်စပ်ဒီစပ်စပ် ပါလေရာသာဂိ ဆိုတဲ့ အကောင်တကောင်က လျောက်ပြောနေသံ ကြားတယ်။ အီဂျစ်မှာတောင် ဒက်စ်တော့ကီးဘုတ်ကို အကြမ်းဖက်တဲ့ ပုလိပ်တွေ၊ လုံထိမ်းတွေကို ပြန်ရိုက်နှက်ဖို့ သုံးတဲ့ လက်နက်အဖြစ် သုံးတော့တယ်။ စာမရိုက်တော့ဘူးတဲ့။ ဖုန်းနဲပဲ စာရိုက်၊ ဓာတ်ပုံရိုက်၊ သတင်းပို့လို့ မူဘာရက်တောင် ပြေးရပါရောလား။ မူဘာရက်က အင်တာနက်ဆိုတဲ့အသံ မကြားချင်လို့ မြောက်ကိုရီးယားတို့၊ မြန်မာတို့ကို ပြောင်းနေမယ်တောင် ပြောသံကြားမိတယ်။
အော် ထားပါတော့။ လောကဓာတ်ခန်းထဲကနေ သတင်းခန်းထဲ ရောက်သွားပြီ။ အခုက အက်ပ် ခေတ်၊ ဘရောက်ဇာ ခေတ်၊ (Apps and Browser )။ အခု အိုင်အီးတွေ၊ ဖိုင်ယားဖောက်စ်တွေနဲ့အပြိုင် ဂူးဂဲက ခရုမ်းမ် ဘရောက်ဇာ (Google Chrome) ကို စမ်းကြည့်ပါ။ ခရုမ်းရဲ့ (https://chrome.google.com/webstore ) ကို သွားကြည့်ပါ။ ဘရောက်ဇာဘေ့စ် အက်ပ်တွေ အများကြီးပါဗျား။
ကဲ ဒီလောက်ပဲ အစဖော်ပေးတော့မယ်။ လောကဓာတ်ခန်းသာဂိ ဆိုတာကလည်း အခုစာကြောင်းကို အဆုံးသတ်တဲ့ ပုဒ်မထက် ကျော်ပြီး သိတဲ့ တတ်တဲ့ ဉာဏ်ပညာ မရှိပါဘူး။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts