>Mar Mar Aye – 367

>

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၆၇)

စန္ဒယားလှထွတ် နှင့် တောင်ကြီးပြည်ထောင်စုနေ့
မာမာအေး
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၁

(photo: eee.uci.edu)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ အရင်တပါတ်က ကိုယ့်နိုင်ငံအပြင်ကိုထွက် ဂီတဇောင်းထက်ခဲ့တဲ့ အဆိုသမားလေး “ကျော်ဇင်မင်း” သာ ရိုးရာသီချင်းတွေဟာ အရေးကြီးတယ်ဆိုတာ သိလာလို့ လေ့လာမယ်၊ ဆက်ပြီး ကျိုးစားမယ်ဆိုခဲ့ရင် မြန်မာသီချင်းတွေဖက်ကို သူကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်စားရမှာ ဖြစ်တဲ့အတွက် “မြန်မာသီချင်းဆိုရအောင်” သီချင်းလေး တင်ပေးလိုက်ခဲ့တာပါရှင်၊ ဘယ်သူကရေးလို့ ဘယ်သူက ဆိုပါတယ်လို့တောင် ပြောပြဘို့အချိန်မရလိုက်လို့ ခုမှကာယကံရှင်ကို တောင်းပန်ရဦးမယ်၊

ကဲ—“မြန်မာသီချင်းဆိုရအောင်”သီချင်းရဲ့ တေးသံရှင်ဂီတမောင်ကလေး လှမြင့်ဝင်း –ခွင့်လွှတ်နော်၊ သီချင်းရေးသွားတဲ့ မင်းရဲ့ဆရာအကိုတော် စန္ဒရားလှထွတ်၊ တို့နဲ့ဆို မိုက်ဖော်မိုက်ဖက်၊ ဂီတခရီးဖော် မှုန်ကလေးပေါ့၊ သူရှိရင် သိခဲ့ရင်လဲ သူ့ပင်ကိုယ်ရုပ် မှုန်ကုတ်ကုတ်နဲ့ “လုပ်လိုက်ပါဟာ —ငါဘာပြောမှာမို့လို့လဲ” လို့ မျက်မှန်ပေါ်က ကျော်ကြည့်ပြီး ပြောမှာပါ၊ တို့တွေက တနယ်ထဲ၊ တဆရာထဲ၊ တဌာနထဲ၊ တသဘောထဲ၊ တခရီးထဲ သွေးရင်းလိုနေကြ သွားခဲ့ကြတာလေ—၊ ခုလို ဖေဖေါ်ဝါရီလ တွေမှာလဲ အတူတူဘဲပေါ့။

လွန်လေပြီးတဲ့ နှစ်ငါးဆယ်နီးနီး အခါသမယကြီးမှာတုန်းက မာအေးတို့ဆီမှာ တနိုင်ငံလုံးလှုပ်ရှား အလေးထားခဲ့တဲ့ “ပြည်ထောင်စုနေ့” အထိမ်းအမှတ် ပွဲသဘင်ကြီးတွေ ဖေဖေါ်ဝါရီလမှာ ဆင်ယင်ကျင်းပဖူးတယ် မဟုတ်လားရှင်၊ တိုင်းနဲ့ပြည်နယ် အသီးသီးကို ခရီးလှည့်လည် ဂုဏ်ပြုခံချီတက်တဲ့ “နိုင်ငံတော်အလံ” နားနေရာတိုင်းမှာ ကပွဲ ဆိုပွဲ ကြည့်ချင်ပွဲ ဖျော်ဖြေပွဲတွေ ရှိခဲ့တာကိုး၊ မာအေးတို့ ခေတ်ပေါ်တေးဂီတကောင်စီဝင်တွေဟာ မြန်မာ့အသံ ဂီတ ၀ိုင်းတော်သားတွေနဲ့ အတူ အဓိက “ပြည်ထောင်စုနေ့” ပွဲတော်ပြုလုပ်တဲ့ဒေသက မြို့တွေမှာ ဂီတလုပ်အားပေး သွားကြလေ့ရှိပါတယ်။

ပထမဆုံး အလှည့်ကျတာက “မန္တလေးမြို့” မှာပါ၊ ဒုတိယအကြိမ်မှာ ရှမ်းပြည်နယ် အလှည့်ကျတော့ “တောင်ကြီးမြို့” မှာပေါ့၊ တတိယအကြိမ်ကတော့ ကရင်ပြည်နယ် “ဖားအံမြို့”မှာ —စသဖြင့် သွားရောက် ဖျော်ဖြေဖြစ်ခဲ့ပါတယ်၊ ခုအချိန်မှာတော့ မာအေးတို့တုန်းကလို ပြည်ထောင်စုပွဲတော်ကြီး စည်သေးရဲ့လား၊ ဆက်လုပ်သေးလား မသိလို့ပါ၊ သဘက်ခါဆို အဲဒီနေ့ ရောက်တော့မှာ၊ ဗိုလ်ချုပ်မွေးနေ့နဲ့ ကပ်လျက် တဆက်ထဲဘဲလို့ အသေမှတ်ထားတာလေ၊ မူလတန်းကတဲက “ပြည်ထောင်စု” နေ့ဆို လက်ထဲမှာ နိုင်ငံတော်အလံ အသေးလေးတွေ ကိုင်ရင်း တရမ်းရမ်း ဝှေ့၊ လှုပ်ရှား၊ ပျော်သလားမမေးနဲ့၊ နောက်တနေ့ ဆက်တိုက် “ဗိုလ်ချုပ်မွေးနေ့”လိုက်လာတော့ ကျောင်းတွေမှာ ကဗျာရွတ်ကြ စာရွတ်ကြ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာကြီး အာဇာနည်အောင်ဆန်းအကြောင်းတွေ ပြောပြကြ၊ တသကြ၊ သားသမီးတို့ရင်ထဲ အမျိုးသားတို့ အားမာန်ဇွဲတွေ ဆွဲပေးကြ၊ လမ်းမတွေမှာ ပြေးကြခုန်ကြ အားကစားကြနဲ့ ပျော်ဖူးလို့ပါ၊ အခု ခလေးတွေအတွက် ဘာလုပ်ပေးထားပါသလဲရှင်၊ မာအေးတို့ ပျော်ခဲ့ဖူးသလို သူတို့ ပျော်ပါစေနော်။

“မမဟာ ဖြူဖြူနွဲ့နွဲ့၊ ကရုဏာအပြုံးလဲ့လဲ့နဲ့ ရိုးသားရှင်းသန့်တဲ့ ရွှေရတုနယ်ဝင် အမျိုးသမီးကောင်းအသွင်နဲ့ ခင်မင်ချင်စရာ”

ပွဲတော်တွေဘယ်လိုများများ ပြည်ထောင်စုဖွား တမျိုးသားလုံးနဲ့ဆိုင်တဲ့ ခေါင်းစီးအောက်မှာ ဖျော်ဖြေရတာ ဖြည့်ဆည်းရတာ ပိုပျော်မိသလိုပါဘဲ၊ မနေ့တနေ့ကလို ပုံရိပ်တွေကနုပျိုတုန်း- ၀ါသနာတူ ကိုယ့်လူ အချင်းချင်း အသင်းအပင်း အဖွဲ့အစည်းနဲ့ လူငါးဆယ်- တစ်ရာမက အတူ ခရီးသွားဖြစ်ခဲ့ကြတဲ့ကုသိုလ်– နည်းလားရှင်။

အမှတ်တရ ရောက်ခဲ့ရတဲ့ ပြည်ထောင်စုခရီးတွေမှာ မမေ့စရာများတာကတော့ တောင်ကြီးပွဲသွားတုန်းကလို့ ပြောရမှာပါ၊ အဲဒီပွဲတော်ကြီး သွားဘို့ရာ မီးရထားနဲ့စီစဉ်ပေးတာမို့ ရှမ်းတောင်တန်းကြီးပေါ် ရထား ဘယ်လိုကျော်မှာလဲ မရဲတရဲအတွေးနဲ့ ငေးမောရင်း ပါသွားတုန်းဘဲ ရှိသေးတယ်၊ ဗြုန်းဆို ရထားတစင်းပြုတ်ကျတယ်၊ ကိုယ်စားလှယ်တွေထဲမှာ စာပေလောကသားတချို့ တွဲပေါ်မှာ ပါတယ် တဲ့၊ မာအေးတို့ရထားက ပြည်ထောင်စုခရီးသည်တွေဘဲ ဟီးနိုးကားနဲ့ ဆက်တက်ရမယ် ဆိုတဲ့ သတင်း ရောက်လာတော့ ဘုရားတ စိုးရိမ်ကြတာပေါ့ရှင်။

ကားနဲ့ဆိုပေမဲ့ ဟီးနိုးဆိုတာ ကားအကြီးစားတွေမဟုတ်လား၊ တောင်ခါးပန်းမှာ ကပ်သတ်လမ်းဖောက် စောက်ကလဲ နက်သနဲ့၊ မတော် ချော်ချက်ကျမှဖြင့် အရိုးအသား ဘယ်သွားရှာတွေ့နိုင်မတုန်း၊ တောတောင်သဘာဝရဲ့ အလှကလဲ ကြည့်မဆုံးနိုင်၊ ကြောက်တလှည့် ကြည့်တခါနဲ့ တောင်ကြီးမြို့သာရောက်ပါရော၊ မြို့က လှပသာယာလို့ အမောပြေ အကြောက်ပြေ ဖြစ်ရပါတယ်။

အဲဒီအခါမှာ အနေမကျ ခြေတကြွကြွနဲ့ မောလျနွမ်းဟိုက် နှလုံးအိုက်တတ်တဲ့ မာအေးအကို ဂီတစာဆိုက ဟိုဟိုဒီဒီ ကြည့်ရင်းသတင်းပေးလာတယ်၊ “ဟေ့ကောင်- ခင်မောင်အေး မမ မနက်ဖန် လာတွေ့လိမ့်မယ်၊ မင်း ငါတို့ အဆောင်ကိုလာခဲ့လေ” တဲ့၊ မာအေးက အံ့အားတသင့် ခေါင်းငြိမ့်ပြခဲ့တာပေါ့၊ တောင်ကြီးမှာ “ကျားပျံမကောက်” ဆေးလိပ်မိသားစုဝင် “ဦးစိန်တင်” အိမ်မှာ တည်းခိုဖြစ်လို့ သူမှာခဲ့တာပါ၊ ကျားပျံမိသားစုနဲ့ မြတ်လေး၊ ချစ်ဆွေ၊ မာမာအေးတို့ဟာ ဆွေမျိုးလိုနေခဲ့တာ ကြာပြီလေ၊ ခင်ပွန်းသည်နဲ့လဲ ရင်းတော့ ကြုံတုန်းလာလည်ဘို့ ဖိတ်ထားလို့ ခွဲတည်းကြပါတယ်။

“မမ”ဆိုတာ အကိုစာဆိုရဲ့ ချစ်ဦးလို့ မာအေး သိထားပါတယ်၊ မမြင်ဘူးပါဘူး၊ “သံသရာတကွေ့ဝယ်”ထဲက ချစ်သူဟာ အဲဒီ မမချစ်ဦးဘဲလို့ ပြောထားပါတယ်၊ အဲဒီနေ့က ချိန်းထားတဲ့အတိုင်း “မမ”ကို သွားတွေ့တာပေါ့၊ “ဂီတလောကမှာ ကျနော့ အချစ်ဆုံး ညီကလေး၊ အားအကိုးရဆုံး ညီမထွေးဟာ သူဘဲ” လို့ မမနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

မမဟာ ဖြူဖြူနွဲ့နွဲ့၊ ကရုဏာအပြုံးလဲ့လဲ့နဲ့ ရိုးသားရှင်းသန့်တဲ့ ရွှေရတုနယ်ဝင် အမျိုးသမီးကောင်းအသွင်နဲ့ ခင်မင်ချင်စရာ တွေ့လိုက်ပါတယ်၊ မေတ္တာအရိပ် ချစ်အရိပ် သိပ်ကို လိုချင်ရှာတဲ့ အကိုစာဆို့ရင်ထဲမှာ ဒါကြောင့် အမြစ်စွဲတာဖြစ်မှာဘဲလို့ သိလိုက်ပါတယ်၊ မာအေးပါ စာဆို့လို မမကိုချစ်ခင်သွားတာမျိုးလဲ ခံစားရပါတယ်၊ ပြီးတော့ မမက အကိုစာဆို သွားကြည့်လိုတဲ့ တနေရာ လိုက်ပို့မှာပါ တဲ့။

နောက်တနေ့ ပြည်ထောင်စုညစာစားပွဲဆီကို မသွားခင် ပီတိရွှင်တဲ့ မျက်နှာထားနဲ့ အနားလာ ရွတ်ပြသွားတဲ့ တေးတပုဒ်၊ အဖြေ မထုတ်ချင်ဘူးလား သောတရှင်။ နားဆင်ကြည့်ပေတော့နော်-

ဆောင်းမှာမွေး၍ နှင်းမှာသန္ဓေတည် — ကိုယ်ချစ်သော ဆောင်းမင်းသမီးရယ်ကွယ်—ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါဘဲကွယ် xx
ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါဘဲ၊ အသဲမှာအမြစ်တွယ် တင်စားကဗ္ဗည်းခြယ်၊ ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ်၊ ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကိုယ်ယူမယ်၊ ချစ်သူကကွယ် ဆောင်းလိုအေး နှင်းလိုဖြူတယ်၊ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါဘဲကွယ်xxxx

* (ဆောင်းရယ် နှင်းရယ် ချစ်သူရယ်** တွံတေးသိန်းတန်)

[ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဘီဘီစီ မြန်မာပိုင်း က ထုတ်လွှင့်သွားသော အသံလွှင့်ဆောင်းပါး]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts