>While USDP Parliament in Progress, Burmese Internet speed at snail pace

>

ကြံ့ဖွံ့လွှတ်တော် ကျင်းပနေစဉ် အင်တာနက် နှေးကွေးနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၁
          ရန်ကုန်မြို့အပါအ၀င် အရပ်ဘက်သုံး အင်တာနက်များ ယခုသီတင်းပတ်အတွင်း အလွန်နှေးကွေးလျက် ရှိပြီး အင်တာနက် ဆိုင်များမှ စုံစမ်းမေးမြန်းရာတွင် မြန်မာ့ဆက်သွယ်ရေး (အမ်ပီတီ) ဆာဗာဒေါင်းနေခြင်းကြောင့် ဟုဖြေကြားသည်ဟု သိရသည်။
          ရန်ကုန်မြို့လယ်မှ အင်တာနက်ဆိုင်တဆိုင်မှ ၀န်ထမ်းတဦးကပြောရာတွင် “နှေးနေတာ တပတ်လောက်ရှိပြီ၊ နေ့ခင်းဘက်ဆို ပိုနှေးတယ်။ ညဘက်ကျရင်နည်းနည်းတော်သေးတယ်။ ဆက်သွယ်ရေးကိုမေးတော့ ဆာဗာဒေါင်းလို့တဲ့၊ ကြိုးစားပြင်နေတယ် ဘယ်တော့ပြီးမလဲတော့ မသိဘူးလို့ပြန်ဖြေတယ်´´ဟုပြောသည်။
          မကြာသေးမီ သီတင်းပတ်များမှ စတင်ခွင့်ပြုခဲ့သည့် မိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲခြင်းကြောင့် လိုင်းနှေးခြင်းလားဟု အချို့သော ထင်မြင်မှုများရှိသော်လည်း လွှတ်တော်ကျင်းပသည့် သီတင်းပတ်နှင့် တိုက်ဆိုင်ပြီး လိုင်းနှေးကွေးခြင်းမှာ သတင်းအချက်အလက်များ စီးဆင်းမှုကို တားဆီးရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ သတင်းအယ်ဒီတာ တဦးကပြောသည်။
          ယခုသီတင်းပတ်အတွင်း အင်တာနက် သုံးစွဲရာတွင် မေးလ်ဝင်ရန် ခက်ခဲခြင်း၊ ၀က်ဆိုက် စာမျက်နှာများ ၀င်ရောက်သည့်အခါ TCP Error ဆိုသည့်စာတမ်း ပေါ်လာပြီး ၀က်စာမျက်နှာ ပေါ်မလာခြင်းတို့ကိုသာ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့မှ သုံးစွဲသူတဦးကပြောသည်။
          ပြီးခဲ့သည့် ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုကလည်း အင်တာနက်လိုင်းများ သုံးစွဲဖို့ မဖြစ်လောက်အောင် နှေးကွေးခဲ့သည်ကို တွေ့ရပြီး ရွေးကောက်ပွဲ ကျင်းပပြီး ၁ ရက်အကြာတွင် ပုံမှန်ပြန်ဖြစ်ခဲ့သည်။ ထိုစဉ်က ရတနာပုံ အိုင်အက်စ်ပီ တိုက်ခိုက်ခံခဲ့ရသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ ဦးဇော်မင်းဦးက ပြောဆိုခဲ့သည်။
          မြန်မာနိုင်ငံတွင် အရပ်ဘက်သုံး အင်တာနက်ကို ရတနာပုံ ဂိတ်ဝေးမှ တဆင့်ပေးဝေပြီး စစ်တပ်နှင့် အစိုးရအဖွဲ့သုံးအင်တာနက်ကို နေပြည်တော် ဂိတ်ဝေးဟုခေါ်သည့် သီးသန့်လိုင်းဖြင့် ၂၀၁၀ ခှုနှစ်ဆန်းမှ စတင်ပေးဝေ လျက်ရှိသည်။ နိုင်ငံရေးအရ  တစုံတရာအရေးပေါ် ဖြတ်တောက်လိုပါက စစ်တပ်နှင့် အစိုးရသုံး အင်တာနက်လိုင်းကို ဖြတ်တောက်စရာမလိုပဲ အရပ်ဘက်သုံးလိုင်းများကို သီးသန့်ဖြတ်တောက်နိုင်ရန် စီစဉ်သည့် သဘောဖြစ်နိုင်ကြောင်း အိုင်တီ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts