>Maung Sue San accuses second pinlon meaningless move by the opposition

>

ဒုတိယ ပင်လုံဆိုသည် အနှစ်သာရမဲ့ ဟု မောင်စူးစမ်းကရေးသား
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၁
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဘာသာပြန်နှင့် ဆောင်းပါးရေးဆရာ မောင်စူးစမ်းက ဒုတိယ ပင်လုံသည် အနှစ်သာရမဲ့သည်ဟု ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါးအဖြစ် ရေးသားခဲ့သည်ကိုတွေ့ရသည်။
အဆိုပါဆောင်းပါးတွင် ပထမပင်လုံသည် လွတ်လပ်ရေးအတွက် အင်စတီကျူးရှင်း (မောင်စူးစမ်း၏ စကားလုံး အတိုင်း) မလုံလောက်သည့် ခေတ်ဖြစ်၍ အင်စတီကျူးရှင်း ရှာပုံတော်ဖွင့်သော လုပ်ငန်းစဉ်အဖြစ် နားလည်သော်လည်း ယခုလတ်တလော အန်အယ်လ်ဒီက ပြောဆိုနေသည့် ဒုတိယပင်လုံသည် ဆီလျော်မှု မရှိပဲ ကြွေးကြော်သူတို့၏ အတွေးအခေါ်မွဲတေမှုကိုသာ ပြဆိုနေသည်ဟု ဆောင်းပါးရှင် မောင်စူးစမ်းက ရေးသားထားသည်။
ဆောင်းပါးရှင်က အင်စတီကျူးရှင်းလုံလောက်သည့် အကြောင်းအချက်ကို လက်ရှိလွှတ်တော် သုံးရပ်နှင့် အခြေခံဥပဒေတို့ပေါ်ထွန်းလာပြီ ဖြစ်သဖြင့် တိုင်းရင်းသားအရေးကို အဆိုပါလွှတ်တော်သုံးရပ်တွင် ဆွေးနွေးနိုင်ပြီဖြစ်၍ လုံလောက်ပြည့်စုံပြီ ဟုရှင်းလင်းထားသည်။ စင်ပြိုင်ထူထောင်လိုသော ဆောင်ပုဒ်သည် အဓိပ္ပါယ်မရှိကြောင်း၊ တိုင်းရင်းသား လူမျိုးစုပြဿနာကို လွတ်တော်သုံးရပ်တွင်သာ ဖြေရှင်းရန် တာဝန်ရှိပြီး၊ ယှဉ်ပြိုင်ဖိုရမ်ထူထောင်ပြီး လူမျိုးစု ပြဿနာဖြေရှင်းရန် ဆိုသည်မှာ ဘိန်းစားအိပ်မက် သကဲ့သို့ဖြစ်နေသည်ဟု ပြောသည်။ ထိုသို့သော စဉ်းစားမှု ဆောင်ပုဒ်များသည် ဖြစ်နိုင်ခြေမဲ့သည့် နိုင်ငံရေးဆောင်ပုဒ် ဖြစ်သည်ဟု လည်းဆိုသည်။ ယနေ့ကာလမှာ အရာရာကို ယထာဘူတကျကျ ၊ တဘက်သတ်အစွဲအလမ်းကင်းကင်းနှင့် ရှုမြင်သုံးသပ်ရမည့် အချိန်ဟုလည်းရေးသားထားသည်ကိုတွေ့ရသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလျက်ရှိတဲ့ ဒုတိယပင်လုံ စာချုပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်သုံးရပ်ကြောင့် မလိုအပ်ဟုပြောဆိုရာတွင် စစ်တပ်ကလွှမ်းမိုးထားသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်သုံးရပ်၏ လွတ်လပ်စွာဆွေးနွေးခွင့်ဆိုသည့်အချက်များကို တင်ပြဆွေးနွေးထားခြင်း မရှိသည်ကိုတွေ့ရသည်။
နအဖ စစ်အစိုးရက စိတ်တိုင်းကျရေးဆွဲခဲ့ပြီး ဖိအားပေး အတည်ပြုစေခဲ့သည့် အခြေခံဥပဒေနှင့် ပတ်သက်ပြီး စိစစ်ဝေဘန်ခြင်း မရှိသလို  လွန်ခဲ့သည့်နိုဝင်ဘာလတွင်ကျင်းပသည့် ရွေးကောက်ပွဲ၏ လွတ်လပ်ပွင့်လင်းမှုမရှိခြင်းကိုလည်း တလုံးတပါဒမျှ ဆွေးနွေးထားခြင်း မရှိသည်ကိုတွေ့ရှိရသည်။
၂၀၀၈ အခြေခံဥပဒေ ပေါ်ထွန်းလာပြီးသည့်နောက်ပိုင်းက စပြီး စစ်အစိုးရ၏ လမ်းစဉ်ကို ထောက်ခံခြင်း၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို ဝေဖန်ပြစ်တင်ခြင်းတို့ကို မောင်စူးစမ်းနှင့် အပေါင်းအပါများက တစိုက်မတ်မတ် ပြုလုပ်ခဲ့ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts