>
ကြံ့ဖွံ့လွှတ်တော်က ကြံ့ဖွံ့နိုင်ငံတော်သမ္မတအဖြစ် သိန်းစိန်ကို ရွေးလိုက်ပြီ
မိုးမခအထောက်တော် ရန်ကုန်
ဖေဖော်ဝါရီ ၄၊ ၂၀၁၁
ယနေ့ နေ့ခင်းတွင် မြန်မာစစ်အစိုးရ၏ ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတ ဗိုလ်ချူပ်ကြီးဟောင်း သိန်းစိန်ကို သမ္မတအဖြစ် မဲ ၆၅၉ အနက်က ထောက်ခံမဲ ၄၀၈ မဲနှင့် ခန့်အပ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လာသည်။ သိန်းစိန်သည် လက်ရှိ အာဏာရှင် နအဖ စစ်ကောင်စီက ခန့်အပ်ခဲ့သော ၀န်ကြီးချုပ် ရာထူးလက်ရြှိ့ဖင့် ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲ ၀င်ခဲ့သူ စစ်ဗိုလ်ချူပ်ဟောင်းဖြစ်သည်။
၎င်းက မည်သို့သော ၀န်ကြီးချုပ်၊ ၀န်ကြီးများဖြင့် အစိုးရတရပ် မည်သို့ ဖွဲ့မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ သမ္မတသည် လက်နက်ကိုင်စစ်တပ်နှင့် ပတ်သက်သည့် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စိကို ဦးဆောင်ရမည် ဖြစ်သည်ဟု ၂၀၀၈ စစ်အစိုးရ၏ အခြေခံဥပဒေက ဆိုထားသည်။
လက်ရှိ ဒုတိယသမ္မတ ၂ ဦးမှာ စစ်တပ်က တင်အောင်မြင့်ဦး နှင့် ကြံ့ဖွံ့ပါတီက စိုင်းမောက်ခမ်းတို့ ဖြစ်သည်ဟု သိရသည်။
လက်ရှိ အာဏာရှင် နအဖစစ်ကောင်စီ၏ ဥက္ကဋ္ဌ သန်းရွှေ နှင့် ဒုတိယစစ်ခေါင်းဆောင် မောင်အေးတို့က အသစ်ပေါ်ထွန်းလာသည့် လွှတ်တော်ကြီးများနှင့် အစိုးရအသစ်တွင် မည်သို့ပါဝင် ပတ်သက်လာမည် သို့မဟုတ် မည်သို့ ကြိုးကိုင်မည်လဲကို အများက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။
လွန်ခဲ့သည့် နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ မတိုင်မီ စစ်ဗိုလ်ချုပ်များ အနားယူစဉ် ချန်ထားခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး မြင့်အောင်နှင့် ဒု-ဗိုလ်ချုပ်ကြီး ကိုကိုတို့မှာ တပ်မတော်ရာထူးများ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုချုပ်ရာထူးပေးမည်ဆိုသည့် မှန်းဆချက်များလည်း ပေါ်ထွက်လျက်ရှိသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အနေဖြင့် လာမည့် အရပ်ဝတ် အစိုးရအဖွဲ့၏ ကာကွယ်ရေးဝန်ကြီးလက်အောက်တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် နေရာယူရန်မှာလည်း အဆင့်အတန်းအရ (ပရိုတိုကောလ်) အရ နိမ့်ကျလွန်းနေပြီး အခြားရှုထောင့်မှကြည့်လျင် တပ်ကို တရားဝင်ရာထူးကြီးများဖြင့် တိုက်ရိုက်မကိုင်တွယ်လျင် ရေရှည်တွင် သစ္စာစောင့်သိခြင်းမရှိတော့ပဲ ဖြုတ်ချခံရမည့် (မဆလခေါင်းဆောင် ဦးနေ၀င်းလို) ကံကြမ္မာနှင့်လည်း ကြုံတွေ့ရဖွယ်ရှိသည်ဟု နိုင်ငံရေး စောင့်ကြည့်သူတို့က ပြောဆိုလျက်ရှိသည်။
“တကယ်တမ်းကတော့ သိန်းစိန်သမ္မတဖြစ်တာထက်၊ လက်ရှိ စစ်ခေါင်းဆောင်ကြီး ၂ ဦး ဖြစ်တဲ့ သန်းရွှေနဲ့ မောင်အေးတို့က သူတို့ရဲ့ လက်နက်ကိုင်တပ်မတော်ကို ဘယ်လို ဆက်လက် ထိန်းချုပ်သွားမှာလဲ ဆိုတာက ပိုစိတ်ဝင်စားစရာ ကောင်းမယ် ထင်တယ်။ ” ဟု အကဲခတ်တဦးက မိုးမခသို့ ပြောကြားသည်။
