>Egypt still uprising and pro Mubarak terrorize the community

>

မူဘာရက်၏ အကြမ်းဖက်သမားများက သပိတ်ဖြိုခွဲရန်ကြိုးပမ်း၊ နိုင်ငံတကာစာနယ်ဇင်းသမားများကို တိုက်ခိုက်၊ အမေရိကန်အစိုးရက မူဘာရက်ကို စိတ်လျော့ရန် ဖိအားပေး
မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၄၊ ၂၀၁၁
ယနေ့ အင်တာနက်နှင့် ရုပ်မြင်သံကြားသတင်းများတွင် မူဘာရက်ထောက်ခံသူများ က တန်ပြန်သပိတ်ဖြိုခွဲရန် အကြမ်းဖက်ကြိုးစားခဲ့ကြပြီး နိုင်ငံတကာက စာနယ်ဇင်းသမားများကို တိုက်ခိုက်ရန်မူခဲ့ကြသည်ကို တွေ့နေရသည်။ အာဏာရှင်ဆန့်ကျင်သည့် သပိတ်မှောက်ပြည်သူများနှင့် တန်ပြန်သပိတ်သမားများကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး မြို့တော် ကိုင်ရိုတွင် လူ ၁၀ ဦးကျော် သေဆုံးပြီး ရာနဲ့ချီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 
 
သပိတ်မှောက်ပြည်သူများက အကြမ်းဖက်သမားများကို ဖမ်းဆီးစစ်ဆေးရာတွင် အချို့မှာ ရဲဝန်ထမ်းကဒ်များ ကိုင်ဆောင်ထားကြောင်း၊ အချို့မှာ အစိုးရက ငွေကြေးများပေး၍ သပိတ်မှောက်သူများကို တိုက်ခိုက်ရန် ခိုင်းစေသဖြင့် အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ၀န်ခံကြသည်ကို သတင်းများတွင်တွေ့ရသည်။ လက်နက်ကိုင်စစ်တပ်က ၀င်ရောက်တားမြစ်ခြင်း ကန့်သတ် ကာကွယ်ခြင်းများ မပြုလုပ်ခဲ့ပေ။
နိုင်ငံတကာသတင်းထောက်များကို မူဘာရက်ထောက်ခံသူများက အကြမ်းဖက် တိုက်ခိုက်သဖြင့် စစ်တပ်က ၀င်ရောက် ထိန်းသိမ်းကာကွယ်ပေးခဲ့သည်ဟု ဆိုသည်။ အမေရိကန်၏ နာမည်ကြီး စီအင်န်အင်န်သတင်းထောက် အင်ဒါဆန်ကူးပါးကိုယ်တိုင် လက်သီးဖြင့် ၁၀ ချက်ခန့် အထိုးခံရသည်ဟု ရုပ်မြင်သံကြားတွင် ၀န်ခံသွားသည်။ ဘာသာရေးအစွန်းရောက် လှုံဆော်မှုများ ကြွေးကြော်ခြင်း၊ အမေရိကန်နှင့် အနောက်နိုင်ငံသားများအား မုန်တီးရေး ဆန့်ကျင်ရေး လှုံဆော်ခြင်း၊ သပိတ်မှောက်ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်ပြီး သပိတ်စခန်းများကို ဖြိုခွဲရန်ကြိုးပမ်းလျက်ရှိသဖြင့် တပြည်လုံးမှာ ငြိမ်းချမ်းမှု ဆိတ်သုဉ်းသွားပြီဟု ဆိုသည်။
 
အမေရိကန်အစိုးရက ၎င်းကိုယ်တိုင်ထောက်ခံခဲ့သည့် အီဂျစ်အစိုးရ ခေါင်းဆောင် မူဘာရက်ကို အညံ့ခံရန် ဖိအားပေးဖျောင်းဖျလျက်ရှိကြောင်း သတင်းများတွင် ဆိုသည်။ ဒုတိယသမ္မတအသစ်အဖြစ် ခန့်အပ်ခံထားရသူ အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ ဆိုသူက မူဘာရက်ကိုယ်တိုင် နောင်ရွေးကောက်ပွဲ မ၀င်တော့ရုံသာမက မူဘာရက်သား ကိုယ်တိုင်လည်း နောင်ရွေးကောက်ပွဲကို ၀င်မှာ မဟုတ်ကြောင်း အာမခံစကားပြောကြားခဲ့သည်။ လက်ရှိအကြမ်းဖက်သူများကို အရေးယူမည် ဖြစ်ကြောင်း၊ အတိုက်အခံများ၊ လူငယ်သပိတ်မှောက်သူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ကမ်းလှမ်းမှုများ ပြုလုပ်လျက် ရှိသည်။ အကြီးအကျယ် ဒေါသူပုန်ထနေပြီ ဖြစ်သည့် သပိတ်မှောက်ပြည်သူတို့က မူဘာရက်၏ နန်းတော်သို့ နက်ဖြန်ချီတက် ဆန္ဒပြမည်ဟု ဖိတ်ခေါ်ထားသည်။ သပိတ်မှောက်လူထုက အာဏာရပါတီ၏ ဌာနချူပ်ကို ၀င်ရောက် ဖျက် ဆီးရန် ယမန်နေ့များကတည်းက ကြိုးစားခဲ့ကြပြီး ဖြစ်သည်။
ယမန်နေ့က အေဘီစီသတင်းဌာနအတွက် အမန်နာပူရ် နှင့် မူဘာရက်တို့ အင်တာဗျူး ထားရာ မူဘာရက်က မူဆလင်အစွန်းရောက်တို့ အာဏာယူသွားမည်ကို စိုးသဖြင့် ချက်ချင်း အာဏာမစွန့်နိုင်ကြောင်း ဆင်ခြေပေးထားသည်။ သို့သော် ယခု လူထုအုံကြွမှုများမှာ ဘာသားရေး သပိတ်မဟုတ်ဘဲ အီဂျစ်ပြည်၏ အထွေထွေအကြပ်အတည်းကြောင့် လူထုက အစိုးရကို အုံကြွ ဆန့်ကျင်ခြင်း ဖြစ်သည်။
အနှစ် ၃၀ လုံးလုံး ပြိုင်ဖက်မရှိ အာဏာရှင်ပါတီဖြင့် တိုင်းပြည်ကို အုပ်ချူပ်ခဲ့သော အီဂျစ်ပြည်တွင် ပြည်သူတို့ အုံကြွနေပြီ ဖြစ်သဖြင့် အရှေအလယ်ပိုင်းရှိ အလားသဏ္ဍန်တူသော အာရပ်နိုင်ငံများမှာလည်း လူထုအုံကြွမှုများ မငြိမ်သက်မှုများ ဖြစ်ပေါ်လျက်ရှိရာ၊ ဂျော်ဒန်၊ ဆူဒန်၊ ယီမင် နိုင်ငံတို့အပြင် လက်ဘနွန်ပြည်တွင်ပါ လူထု၏ လှုပ်ရှားမှုများ တွေ့မြင်နေရပြီ ဖြစ်သည်။ 
နိုင်ငံတကာက အစိုးရ အများအပြားက အရှေ့အလယ်ပိုင်း လူထုအုံကြွမှုများအပေါ် သတိဖြင့် တုန့်ပြန်နေကြရာ ငြိမ်းချမ်းစွာ အကြမ်းမဖက် အဖြေရှာကြရေးကို ဖိအားပေးရန် ၀င်ရောက်ကူညီရန်အတွက် တောင်းဆိုမှုများ ထင်ရှားစွာ ထွက်ပေါ်ခြင်း မရှိသေးပေ။ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့များ၊ စာနယ်ဇင်းအဖွဲ့များကသာ အီဂျစ်အရေးကို ဒီမိုကရေစီအရေး၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ထုတ်ဖော်ပြောဆိုနေသည်ကို တွေ့ရသည်။
“အာဏာရှင်တွေကို ဖြုတ်ချတဲ့နေရာမှာ နောက်ပြန်ဆုတ်ဖို့ လမ်းမရှိဘူး၊ နောက်တခါ အခွင့်အရေး ပြန်ရတော့မှာ မဟုတ်ဘူး” ဟု ကျောင်းသား လူငယ်များက သူတို့၏ ဖေ့စ်ဘွတ်များ၊ တွစ်တာများတွင် ထုတ်ဖော်ရေးသားထားကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts