ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – Can we make friends with 600 political prisoners

>

နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို မိတ်ဆွေဖွဲ့ခွင့် ရှိမလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၅၊ ၂၀၁၁
ယခင်အပတ်က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစကားပြောဆိုခဲ့ရာမှာ အင်န်အယ်ဒီက ဆောင်ရွက်နေတဲ့ လူမှုထောက်ကူအဖွဲ့က ကူညီစောင့်ရှောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ၆၀၀ ကို မဲဖောက်ပြီး ကိုယ်ထိလက်ရောက် မိတ်ဆွေဖွဲ့ ကူညီကြတဲ့ အစီအစဉ်အခြေအနေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ကျနော်တို့ မိုးမခစာနယ်ဇင်းအဖွဲ့ကနေပြီးတော့ အင်န်အယ်ဒီကူညီမှုတွေ ပြုလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ၂၀၁၁ ခုနှစ်ရဲ့ မိုးမခမိတ်ဆွေများဆု ဂုဏ်ပြုချီးမြှင့်တာမျိုး လုပ်ချင်တဲ့ အကြောင်းကို အရင် ပြောချင်ပါတယ်။ ဥပမာအားဖြင့် ဒီနှစ်မှာ ကျနော်တို့ ရှိတဲ့ ရန်ပုံငွေထဲကနေပြီး ငွေ ၆၀၀ လောက် မတည်ပြီး လှူဒါန်းတာမျိုး လုပ်ချင်တာပါ။
ကောင်းပါတယ်ခင်ဗျာ။ ကျနော်တို့ပါတီကို ကိုယ်တိုင် လာရောက်ပြီး မဲနှိုက်တဲ့ သူတွေ ရှိပါတယ်။ စာရင်းအရ လူဦးရေ ၃၀၀ လောက် ကို မဲနှိုက်ပြီးသွားပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို တဦးချင်းဆီ မိတ်ဆွေဖွဲ့ကြဖို့ တ၀က်လောက် ကျန်ပါသေးတယ်။ ကျနော်တို့က လာမယ့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဖိတ်ခေါ်ပြီး မဲနှိုက်ကြဖို့ စီစဉ်နေပါတယ်။
ဟုတ်ကဲ့ပါ။ ကျနော်တို့လိုမျိုး အဝေးရောက်နေသူတွေ၊ အနီးကပ် ကူညီအားပေးမှုတွေ မလုပ်နိုင်သူတွေအနေနဲ့ အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကူညီအားပေးမှုတွေမှာ ဘယ်လိုမျိုး ပါဝင် ပတ်သက်ခွင့် ရမလဲ။ ဘယ်လို ကူညီ အားပေးထောက်ခံမှုတွေ ပြရင် ကောင်းမှာလဲကို ဘယ်လို လုပ်ကြရင် ကောင်းမလဲ။
အခု ခင်ဗျားတို့က မိုးမခမိတ်ဆွေများ ဆုဆိုပြီး ပေးတာမျိုးလည်း ကောင်းပါတယ်။ နောက်တခုကတော့ ခင်ဗျားတို့လိုမျိုး နိုင်ငံရေးအကျဉ်းသား အားလုံးကို ရည်ရွယ်ပြီး အင်န်အယ်ဒီက လူမှုထောက်ကူအဖွဲ့ကို လှူတာမျိုး လုပ်နိုင်သလို နောက်တမျိုးကတော့ စိတ်ဓာတ်ရေးရာအရ အားပေးတဲ့အနေနဲ့ အဝေးကနေ နံပါတ်တခုခုကို ကိုယ့်ဖာသာ သတ်မှတ်ပြီး လှူကြတာမျိုး လုပ်လို့ ရတာပဲ။ အဓိကကတော့ ကိုယ်တိုင်က စိတ်ဓာတ်ရေးရာအရ  အားပေးနေတယ်ဆိုတာမျိုး ခံယူနိုင်ကြဖို့ပါပဲ။
ဟုတ်ကဲ့ပါ ဆရာ။ ကျနော်တို့ကို တဦးချင်း မိတ်ဆွေတွေ၊ ပရိသတ်တွေကလည်း လာမေးကြတာမျိုး ရှိပါတယ်။ သူတို့မေးတာက သူတို့မှာ အများကြီးတော့ မတတ်နိုင်ဘူး၊ သို့သော်လည်း အဝေးကနေပြီး တတ်နိုင်သလောက် ပုံမှန် တခုခုတော့ ကူညီတာ အားပေးတာ လုပ်ချင်ပါတယ်။ ဒါတွေကို စုဝေးပြီးတော့ အဲသည် နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ဓာတ်ရေးရာအရကော၊ အင်န်အယ်ဒီရဲ့ ကူညီဆောင်ရွက်မှုတွေမှာပါ တစုံတရာ အကူအညီဖြစ်မယ်လို့ မျှော်လင့်တယ်လို့ ကျနော်တို့ဆီက မိတ်ဆွေတွေက ပြောလာကြတာတွေ ရှိတယ် ဆရာ။
ကောင်းပါတယ် ခင်ဗျာ။ ကျနော်တို့အနေနဲ့က အဲလိုမျိုး စိတ်ဝင်စားမှုတွေ၊ ကြိုးပမ်းမှုတွေ ပေါ်ထွန်းလာတာကို ကြိုဆိုပါတယ်။ ၀မ်းသာပါတယ်။ နောက်ပြီးတော့လည်း ပြည်တွင်းမှာ ကိုယ်ထိလက်ရောက် မဲနှိုက်ပြီးတော့ ကူညီအားပေးကြသလို၊ အဝေးကလူတွေ၊ လက်လှမ်းမမီတဲ့သူတွေကလည်း သူတို့ တတ်နိုင်သလောက် ၀ိုင်းကြ ၀န်းကြတယ် ဆိုတာမျိုးလေးတွေ ရှိလာရင် တဦးတယောက်ချင်းအပေါ်မှာ ၀န်ပိမနေဘူးပေါ့ခင်ဗျာ။ အားလုံးက ၀ိုင်းဝန်းကူညီတယ် ဆိုတာ ကောင်းပါတယ်။
ဟုက်ကဲ့ပါ ဆရာ။ ကျနော်တို့က မိုးမခမိတ်ဆွေများ ဆု ဆိုပြီး အခုတလတည်းနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲနဲ့ မိတ်ဆွေတွေ၊ ပရိသတ်တွေကလည်း သူတို့တတ်နိုင်သလောက် လစဉ် ဆက်ပြီး ကူညီ အားပေးတာတွေ ဆက်ပြီး ရှိနေအောင်၊ ရှင်သန်နေအောင်၊ တိုးပွားလာအောင်ဖို့လည်း မျှော်လင့်တဲ့အကြောင်း ပြောချင်ပါတယ် ဆရာ။
ဟုတ်ကဲ့ပါ ခင်ဗျာ။ နောက်တွေ့ကြသေးတာပေါ့နော်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts