>Shwe Pyi Soe – Sanction is still necessary

>

လူ့အခွင့်အရေး မချိုးဖေါက်ဖို့ ဘာကြောင့် မပြောကြတာလဲ – အပိုင်း – ၂
( Sanction ရုပ်သိမ်းချိန် မတန်သေး )
ရွှေပြည်စိုး
ဖေဖော်ဝါရီ ၂၊ ၂၀၁၁
အပိုင်း(၁)  မှာ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီအချို့က အမေရိကန်နဲ့အနောက်နိုင်ငံတွေ က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားတာကို လျော့ပေါ့ပေးဖို့၊ ရုပ်သိမ်းပေးဖို့ ကိုသာတောင်းဆိုကြတယ်။ စီးပွားရေးပိတ်ဆို့ဖို့ ဖြစ်ပေါ်စေတဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဘာကြောင့်  “လူ့အခွင့် အရေးမချိုးဖောက်ဖို့ မတောင်းဆိုကြ တာလဲ၊ တောင်းဆိုကြပါ” လို့တိုက်တွန်းထားသလို၊ မြန်မာနိုင်ငံအပေါ် အကြောင်းမဲ့စီးပွားရေးပိတ်ဆို့တာမဟုတ်၊ စစ်အစိုးရက ပြည်သူတွေအပေါ် “လူ့အခွင့်အရေးချိုးဖောက်” လို့  လူ့အခွင့်အရေးလေးစားတဲ့အနောက်နိုင်ငံတွေ ဒဏ်ခတ်တဲ့အကြောင်း။
ဒဏ်ခတ်မှု ရုပ်သိမ်းပေးရေးတောင်းဆိုသူများကို (BLC)ဥက္ကဋ္ဌ ဦးသိန်းဦး က ပြန်လည်တုန့်ပြန် ဖြေရှင်းထားပုံနဲ့ စစ်အစိုးရက ပြည်သူအပေါ် “လူ့အခွင့်အရေးချိုးဖောက်လို့ စီးပွားရေးပိတ်ဆို့ ခံရတာလား၊ ဒါမှမဟုတ် စီးပွားရေးပိတ်ဆို့ ခံရလို့ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်တာလား”  ဆိုတဲ့  သက်ဆိုင်ရာပုဂ္ဂိုလ်များကို ပြန်မေးထားပုံကို တင်ပြထားတာ ဖြစ်ပါတယ်။
အခုတင်ပြမယ့် အပိုင်း(၂) မှာက မြန်မာနိုင်ငံအပေါ်အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးစုအချို့ နဲ့  အာဆီယံအဖွဲ့အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa (MN) တို့၊  နအဖနိုင်ငံခြား ရေးဝန်ကြီး၊ ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်သန်းရွှေ တို့ရဲ့ ပြောဆိုချက်၊ ချင်းတိုင်းရင်းသား အစီရင်ခံစာ အကြောင်း နဲ့  NLD ဦးဝင်းတင်၊ အမေရိကန်၊ အနောက်နိုင်ငံ တို့ရဲ့ ပြောဆိုချက်များကို စာဖတ်သူများ ဆုံးဖြတ်နိုင်ဖို့ စုစည်းပြီး၊ ယှဉ်ပြမှာ ဖြစ်ပါတယ်။
၁။ တိုင်းရင်းသားအမတ်အချို့နဲ့ MN တို့ရဲ့တောင်းဆိုချက်
၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲ မှာနိုင်တဲ့  ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း နဲ့ ဖလုံ-စဝေါ် စတဲ့ တိုင်းရင်းသားအမတ် ၂၀ ကျော် နဲ့အင်အိုနီးရှားနိုင်ငံခြားရေးဝန်ကြီး MN တို့က မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးရေး တောင်းဆိုထားတာတွေ့ ရပါတယ်။
(က) ဦးဇိုဇမ်းရဲ့ သဘောထား
တိုင်းရင်းသားအမတ် ၂၀ ကျော်ထဲမှာပါဝင်တဲ့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်း ကလည်း (၁) ကုန်သွယ်မှုပိတ်ဆို့ ခြင်းကြောင့် ကျွန်တော်တို့ဆီမှာ တရုတ်နဲ့ထိုင်းပစ္စည်း တွေပဲရှိတယ်။ ပစ္စည်းမကောင်းဘူး၊ Quality ကောင်းတဲ့ ကွန်ပျူတာ၊ Calculator ၊ နာရီ ကအစ မရှိဘူး။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အထိနာတယ်။ (၂) စီးပွားရေး ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှဘဏ်များ ငွေချေးခွင့်မရပဲ ကျောက်မျက်ရတနာ၊ သစ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်းပိတ်ခံ နေရ၍  စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေရသည်  ဟုဆိုပါတယ်။
အထက်ပါပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့တာ တစ်ခုတည်းကို ပြောသွားပေမယ့်  “ဘာကြောင့် စီးပွားရေးပိတ်ဆို့ရတယ်” ဆိုတဲ့ အခြေခံအကြောင်းရင်းကို ထည့်မပြောသွားတာဟာ သဘာဝမကျ၊ မပြည့်စုံသလို စစ်အာဏာရှင် တွေဘက်က  ရှေ့နေလိုက်နေတယ်ဆိုတာ ထင်ရှားပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်အကြောင်းမဲ့ဒဏ်ခတ်တာ မဟုတ်ပါ။ စစ်အစိုးရက လက်နက်မဲ့၊ အပြစ်မဲ့ ရိုးသားတဲ့ ပြည်သူတွေအပေါ် “လူ့အခွင့်အရေး မတရားချိုးဖောက်လို့”  ပြစ်ဒဏ်ခတ်တယ် ဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ ဒဏ်ခတ်တဲ့အခါမှာလည်း  ပြည်သူတွေမထိခိုက်အောင်၊ စစ်အစိုးရနဲ့  စစ်အာဏာရှင်တွေကို အဓိကပစ်မှတ်ထားပြီး လုပ်တာသိရပါတယ်။
ဘဏ်တွေ ငွေမချေးဘူးဆိုတာက စစ်အစိုးရကိုတိုက်ရိုက်ပစ်မှတ်ထားပြီး မချေးတာပါ။ အကြောင်းက “ကြွေးဟောင်း မဆပ်လို့ ကြွေးသစ်မချေးတာ” လို့ သိရပါတယ်။
ဒါတွေအားလုံးဟာ စစ်အာဏာရှင်တွေရဲ့ အပြစ်အနာအဆာတွေ ချည်းပဲဆိုတာ ငြင်းလို့မရတဲ့ အချက်တွေပါ။
(ခ) နိုင်ဟံသာရဲ့ သဘောထား
မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာ ကပြောကြားရာမှာ (၁) ပြည်သူလူထု နဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ “အထည်ချုပ်လုပ်ငန်း” လိုလုပ်ငန်းမျိုးကို ပယ်ဖျက်သင့်ပေမယ့်  စစ်ခေါင်းဆောင်တွေ၊ ၎င်းတို့နဲ့ နီးစပ်တဲ့စီးပွားရေး လုပ်ငန်းရှင် တွေကိုတော့ ဆက်လက်ပိတ်ဆို့ သင့်ကြောင်း၊ (၂) လူနည်းစု (သို့) အစိုးရ နဲ့ အသိုင်းအ၀ိုင်းတွေပဲ အကျိုးရှိမယ့် လုပ်ငန်းမျိုး၊ ပွင့်လင်းမြင်သာမှု မရှိတဲ့လုပ်ငန်းမျိုး က ပြည်သူလူထုကိုထိခိုက်စရာမရှိဘူး။ ဒါပေမယ့် မြေသိမ်းပြီးလုပ်တဲ့လုပ်ငန်း၊ တာတမံ ဆောက်တဲ့လုပ်ငန်းတွေကိုတော့ ပိတ်ဆို့သင့်ကြောင်း  နိုင်ဟံသာက ဆက်လက်ထောက်ပြထားတာ တွေ့ရပါတယ်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကော်မတီရဲ့ သဘောထား
မကြာသေးမီက KIO, KNU, CNF, KNPP, NMSP, SSPP တို့က “ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးကော်မတီ” ကိုဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီဝင် ၂၀ ကျော် တက်ရောက်တဲ့ ဒုတိယအကြိမ်အစည်းအဝေးက စစ်အစိုးရကို  နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကော်မတီပြောခွင့်ရ  ဦးရွှေမျိုးသန့် ကလည်း  “လက်ရှိ နိုင်ငံရေးအရ အပြုသဘောဆောင်သည့်၊ အကောင်းဘက်ကိုဦးတည်သည့် အပြောင်းအလဲ မလုပ်မချင်း စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ဆက်လက်ထားသင့်ကြောင်း”  ပြောကြားခဲ့ပါတယ်။
 အထက်ပါ ပုဂ္ဂိုလ်အများစုရဲ့ သဘာထားကိုကြည့်ရင် ဆက်လက်ပိတ်ဆို့ထားဖို့ သဘောတူတယ်ဆိုတာကို  ပြသ နေတာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေကလည်း “ကျောက်မျက်ရတနာ စတဲ့ သယံဇာတတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ  ထွက်နေ သမျှ ကာလပတ်လုံး၊ တရုတ်နဲ့ရုရှားရဲ့ ထောက်ခံမှုရနေသမျှကာလပတ်လုံး၊ ၄သိန်း ကျော်သော စစ်တပ်ကိုကျွေးထားနိုင်သမျှ ကာလပတ်လုံး” ဘယ်တော့မှအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ လုပ်မှာမဟုတ်ဘူး။ သို့သော် ၄ သိန်း ကျော်သော စစ်တပ်ကို မကျွေးနိုင်တော့တဲ့အခါ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်အချို့ဟာ တရုတ်၊ မြောက်ကိုရီးယား စတဲ့ အာဏာရှင်နိုင်ငံတစ်ခုခုဆီ ထွက်ပြေးပြီး ခိုးဝှက်စုဆောင်းထားတဲ့ ဒေါ်လာငွေတွေ ၀ယ်ယူ၊ လုယက်သိမ်းပိုက်ထားတဲ့ စိန်ရွှေ ရတနာတွေနဲ့ သေတဲ့အထိ သုံးဖြုန်းနေထိုင်သွားမှာ ဖြစ်တယ်။
၂။ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးရသောအကြောင်းများ
တိုင်းရင်းသားဒေသများသာမက တစ်တိုင်းပြည်လုံးဆင်းရဲ ကျပ်တည်းတာဟာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုက အဓိကမဟုတ်ပါ။ အဓိကမှာ –
(၁) စစ်အာဏာရှင်စနစ်ကို အစပျိုးထောင်တဲ့ ဗိုလ်ချုပ်နေ၀င်း(၁၉၆၂-၁၉၈၈) နဲ့ တိုင်းပြည်မွဲပြာ ကျအောင်ဖန်တီးတဲ့ ဗိုလ်ချုပ်သန်းရွှေ(၁၉၈၈-ယနေ့ထိ) တို့ကြောင့် ဖြစ်ပါတယ်။ ဒီစစ်အာဏာရှင် ၂ ဦးဟာ  ပြည်နယ်-ပြည်မ၊ တောင်ပေါ်-မြေပြန့် ခွဲခြားအုပ်ချုပ်ဆက်ဆံမှု၊ စစ်ဘက်-အရပ် ဘက် နဲ့ ၀န်ထမ်း-အရပ်သား ခွဲခြားဆက်ဆံမှု တို့ကြောင့်အပြင်၊  ဌာနဆိုင်ရာ စစ်ဘက်-အရပ်ဘက် အကြီးအကဲအဆင့်ဆင့်တို့ရဲ့ဖြတ်စား၊ လာဘ်စား၊ ခိုးဝှက်ထားတာတွေကြောင့် ဖြစ်ပါတယ်။
 (၂) န၀တ၊ နအဖခေတ် တလျှောက်လုံး အဓိကစီးပွားရေးလုပ်ငန်းနဲ့ အမြတ်ကောင်းကောင်းရမယ့် လုပ်ငန်းမှန်သမျှကို န၀တ ၊ နအဖ ကောင်စီဝင်များနဲ့ နီးစပ်သူများသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရယူထားခြင်းကြောင့်ဖြစ်တယ်။ ဥပမာ – မြန်မာနိုင်ငံစီး ပွားရေးဦးပိုင်လီမိတက် ၊ ဗိုလ်ချုပ်သန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ၊ ဗိုလ်သန်းရွှေနဲ့နီးစပ်သူ ဦးတေဇ၊ ဦးဋ္ဌေးမြင့်၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ နီးစပ်သူ စတီဗင်လော(ဘိန်းဘုရင် ဟောင်း လောစစ်ဟန်ရဲ့သား)၊ ဦးဇော်ဇော်၊ ဗိုလ်ချုပ်ကြီးရွှေမန်း ရဲ့သား ဦးအောင်သက်မန်း၊ ၀န်ကြီးဦးအောင်သောင်းရဲ့သား ဦးနေအောင်….. စသူတို့က စီးပွားရေးနဲ့ စီမံကိန်းများ ကိုလက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြပါတယ်။
(၃) ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုဝင် နဲ့တကွ နအဖကောင်စီဝင်တွေနဲ့ မိသားစုဝင်၊ ကက်ဘိနက် ၀န်ကြီးတွေ၊ တိုင်းမှူးတွေ၊ ဌာနဆိုင်ရာအကြီးအကဲနဲ့ မိသားစုဝင်တွေ၊ ၎င်းတို့နဲ့ နီးစပ်သူတွေက နည်းမျိုးစုံနဲ့ခိုးဝှက်ပြီး နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားပါတယ်။
၃။ နအဖ နိုင်ငံခြားရေးဝန်ကြီးရဲ့ အပြော
နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က လွတ်ရက်ကျော် နိုင်ငံရေးအကျဉ်းသား ၈ ဦးကို ပြန်လွှတ်ပြီးနောက် “ပိတ်ဆို့ဒဏ်ခတ်မှုရုပ်သိမ်းပေးဖို့” ၂၉-၉-၂၀၀၈ နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တောင်းဆိုကြောင်း သိရပါတယ်။ “ဒီလိုဒဏ်ခတ်ထားတာဟာ တဖက်သတ်ဆန်လွန်းတယ်၊ တရားမျှတမှုမရှိသလို ကျင့်ဝတ်သိက္ခာနဲ့ မညီဘူး။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေကို အကျိုးမရှိ၊ ပျက်သုဉ်းစေတယ်။ မြန်မာနိုင်ငံမှာ မြေယာနဲ့ သဘာဝအရင်းအမြစ် တွေဟာ ကိုယ့်နိုင်ငံအတွက်သာမက တခြားနိုင်ငံတွေအတွက်ပါ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖြည့်ဆည်းပေးနိုင်တာမို့  အရင်းအမြစ်ကောင်း ဖြစ်လာမှာ” လို့  သူက ဆက်ပြောထားတာ တွေ့ရပါတယ်။
ဦးဉာဏ်ဝင်းက “စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် တိုင်းသူပြည်သားတွေထိ ခိုက်နစ်နာဆုံးရှုံး ပါတယ်လို့” တစ်လုံးမှမပြောခဲ့ပါ။ ပြည်သူတစ်ရပ်လုံးကလည်း “စီးပွားရေးပိတ်ဆို့မှုကြောင့် ဆင်းရဲကျပ်တည်းပါတယ်လို့ တစ်ခါမှမပြောကြ၊ စစ်အစိုးရမတရားလုပ်လို့ ဆင်းရဲကျပ်တည်းတယ်လို့သာ” ပြောသံ ကြားနေရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိတဲ့အထဲက ၈ ဦးကိုသာ လွတ်ရက်ကျော် ပြီးမှလည်း လွှတ်သေးတယ်၊ ကုလသမဂ္ဂညီလာခံမှာ လာပြီး ပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းပေးဖို့ တောင်းဆိုတာကော တစ်ဖက်သတ် မဆန်ဘူးလားလို့ မေးချင်တယ်။ နောက် သူက ဒဏ်ခတ်တာပဲ ပြောတယ်၊ ပြည်သူတွေ အပေါ်မတရားလုပ်တာကို ထည့်မပြောတာကော တစ်ဖက်သတ် မဆန်လွန်းဘူးလားလို့ ပြန်မေးချင် ပါတယ်။
၎။ နအဖ ၀န်ကြီးချုပ်ရဲ့ အပြော
နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ကလည်း “မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှုဟာ အလုပ်အကိုင်နဲ့ လူ့အခွင့်အရေး ကိုဆုံးရှုံးစေပြီး၊ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုကို ဟန့်တားရာ၊ လူသားချင်းစာနာမှုကင်းမဲ့ရာ ရောက်တယ်၊ မြန်မာနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံရေးတည်ငြိမ်စေချင်တယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေကိုဖယ်ရှားပေးဖို့ ကုလသမဂ္ဂက အရင်ဆုံးကြိုးပမ်းသင့်တယ်” လို့ပြောတာတွေ့ရပြန်တယ်။ (ဗွီအိုအေ၊ ၉-၂-၂၀၀၉ )
ဝန်ကြီးချုပ်ကလည်း နိုင်ငံခြားရေးဝန်ကြီးလို ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်မျိုးအတိုင်းပါပဲ။ ခင်ဗျားတို့က ပြည်သူတွေ အပေါ် “လူ့အခွင့်အရေးချိုးဖောက်” လို့ အနောက်နိုင်ငံတွေက ပစ်ဒဏ်ခတ်တယ်ဆိုတာ သိဖို့လိုတယ်။ သူတို့က အကြောင်းမဲ့ ခင်ဗျားတို့ကို ပစ်ဒဏ်မခတ်ဘူးဆိုတာ နားလည်ထားဖို့လိုတယ်။ ခင်ဗျားတို့ဘက်က ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ရပ်စဲလိုက်တာနဲ့ တပြိုင်နက် သူတို့ဘက်ကပိတ်ဆို့ဒဏ်ခတ်မှုတွေအလိုလိုရုပ်သိမ်းသွားလိမ့်မယ် ဆိုတာကိုလည်း သိထားဖို့လိုတယ်။ “မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းစေချင်ရင်၊ အလုပ်အကိုင်နဲ့လူ့အခွင့်အရေး မဆုံးရှုံးစေချင်ရင်၊ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်စေချင်ရင်၊ လူသားချင်းစာနာတတ်ရင်၊ စီးပွားရေးဖွံဖြိုးတိုးတက်ပြီး နိုင်ငံတည်ငြိမ်စေချင်ရင်” ခင်ဗျာတို့ဘက်က အရင်ဆုံး “လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်စဲပေးပါ”၊  ရပ်စဲလိုက်တာနဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု တွေဟာ ရုပ်သိမ်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
၅။ NLD ဦးဝင်းတင်ရဲ့သဘောထား
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ထားမှု ရုပ်သိမ်းပေးရေးနဲ့ ပတ်သက်လို့  VOA မှ ဦးကျော်ဇံသာ နဲ့ မေးမြန်းရာမှာ ဦးဝင်းတင်ရဲ့သဘောထားကို အောက်ပါအတိုင်းဖြေဆိုထားတာ တွေ့ရပါတယ်။
Sanction  ဆိုတာက – (၁) အနောက်နိုင်ငံများ၊ ဒီမိုကရေစီနိုင်ငံများက နိုင်ငံတစ်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက် မှုတွေ၊ ဒီမိုကရေစီ ရိုက်ချိုးမှုတွေရှိရင် ဒါတွေကို အရေးယူတဲ့အနေနဲ့၊ ပြည်သူတွေကိုကာကွယ်ပေးတဲ့အနေနဲ့ စီးပွားရေးပိတ် ဆို့မှုတွေလုပ်တဲ့ အစဉ်အလာအတိုင်း လုပ်တာဖြစ်တယ်။ ကျနော်တို့က ချမှတ်ထားတဲ့၊ ဖိတ်ခေါ်ထားတဲ့ အရေးယူပိတ်ဆို့မှု တွေလည်းမဟုတ်ဘူး။ ထုံးတမ်းစဉ်လာအတိုင်း စစ်အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေကို အရေးယူဆောင်ရွက်တဲ့ လုပ်ငန်းတခုသာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမလိုဘူး။
(၂) စီးပွားရေးပိတ်ဆို့မှုဆိုတာ မြန်မာပြည်မှာကြီးစိုးနေတဲ့ စစ်ဗိုလ်ကြီးတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ သူတို့နဲ့ ပေါင်းပြီး လက်ဝါးကြီးအုပ်နေတဲ့ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှု တစ်ခုဖြစ်တယ်။ ဒီလိုပစ်မှတ်ထားပြီးလုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေမရှိရင် သူတို့ ချမ်းသာကြွယ်ဝသွားမယ်။ တိုင်းပြည်ကို ပိုပြီးဂုတ်သွေးစုပ်နိုင်မယ်။ ဒီလိုဖြစ်လာမှာကို ကျွန်တော်တို့ နားလည်ရမယ်။ ဘာပဲပြောပြောသူတို့က “တိုင်းပြည်မှာ ထိခိုက်ပါတယ်၊ နစ်နာပါတယ်၊ ဖွံ့ဖြိုးမှုနှောင့်နှေး ကြန့်ကြာပါတယ်လို့ ပြောနေခြင်းဟာ သူတို့ကိုထိခိုက်လို့သာ အော်နေတာပေါ့၊ နို့မဟုတ်ရင် ဘာမှအော်စရာအကြောင်းမရှိဘူး လို့ ယူဆပါတယ်။
(၃) Sanction ကြောင့် ပြည်သူလူထုကို ထိခိုက်တယ်၊ သို့မဟုတ် တိုင်းရင်းသားတွေကိုထိခိုက်တယ်၊ တိုင်းပြည် ဖွံ့ဖြိုးမှုကိုထိခိုက်တယ် ဆိုတာတွေဟာ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တစ်ပြည်လုံးကိုကြည့်ပါ။ သူတို့ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ အုပ်ချုပ်မှုညံ့ဖျင်းတာ၊ စီးပွားရေးစနစ်ဟာ ဈေးကွက်စီးပွားရေးလို့ ပြောပေမယ့် လွတ်လပ်တဲ့ဈေးကွက် စီးပွားရေးမဟုတ်ပဲ လူတစ်စုကလက်ဝါးကြီးအုပ်ခြယ်လှယ်နေတဲ့ စီးပွားရေးစနစ် ဖြစ်နေတာဖြစ်တယ်။
(၄) ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုမှာလည်း အများကြီးချို့ယွင်းနေပါတယ်။ တိုင်းပြည်အဂတိ လိုက်စားမှုတွေလည်း ကြီးမား စွာ ပေါ်နေပါတယ်။ အဲဒါတွေကြောင့် လူထုကိုထိခိုက်နေတာ ဖြစ်ပါတယ်။ ဒါတွေကို ထင်ထင်ရှားရှားမြင်နေရတာကြောင့် သူတို့ရဲ့ညံ့ဖျင်းမှု၊ အသုံးမကျမှုတွေကို ကာကွယ်ဖို့အတွက်  Sanction ကြောင့်ဖြစ်ပါတယ်လို့ လက်ညှိုးထိုးပြီး အသုံးချနေတယ်လို့ပြောချင်ပါတယ်။
သူတို့က ဒါကိုအသုံးချနေတယ်ဆိုတော့ သူတို့အတွက် ဒီ Sanction  ရှိနေတာ အကျိုးရှိနေသလိုဖြစ်နေပါတယ်။ ဒါကိုအကာအကွယ်ယူနေတယ်၊ အကြောင်းပြနေတယ်ဆိုတာ ထင်ရှားပါတယ်။
(၅) တိုင်းပြည်မှာ ထားစရာမရှိတဲ့လူ နဲ့ စားစရာမရှိတဲ့လူ ဆိုပြီး နှစ်မျိုးရှိတယ်။ ဒီ Sanction ကို စားစရာမရှိတဲ့လူတွေ က သူတို့ကိုထိခိုက်တယ်လို့ ပြောစရာအကြောင်းမရှိပါဘူး။ ထိခိုက်တာက ထားစရာမရှိတဲ့လူတွေ ကသာ သူတို့ ပိုပိုပြီး ထားစရာမရှိလောက်အောင် ချမ်းသာကြွယ်ဝခြင်းကိုထိခိုက်စေတဲ့  ဒီ Sanction ကိုသာလက်ညှိုးထိုးနေတာ ဖြစ်တယ်။
သူတို့က လူကြားကောင်းအောင် Sanction ကို နိုင်ငံရေးအားဖြင့် NLD တို့၊  ဘာ တို့ကို တိုက်ခိုက်လို့ ရအောင်၊ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်လို့ရအောင် ပြောနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
(၆) လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်က Sanction ရုပ်သိမ်းရေးဆိုတာတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အများစုက ဒီမိုကရေစီသမားတွေ မဟုတ်ဘူး။ ဒီမိုကရေစီအတွက် ပြောတာမဟုတ်ဘူး။ စစ်အစိုးရအလိုကျ၊ စစ်အစိုးရ သံယောင်လိုက်တဲ့ အသံတွေသာ ဖြစ်တယ်။ ဒီမိုကရေစီအသံတွေ မဟုတ်ပါဘူး။ ဒါကြောင့်  ဒီနေ့ Sanction ရုပ်သိမ်း ရေး ပြောသူတွေဟာ အကြောင်းကြောင်းကြောင့်  စစ်အစိုးရရဲ့ လေသံလိုက်ပြီး ပြောနေတဲ့အသံတွေ ဖြစ်တယ်။
(၇) ဒီပုဂ္ဂိုလ်တွေရဲ့ အော်သံတွေကြောင့်  အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းကို အဟန့်အတားဖြစ်စေတယ်လို့ မယူဆပါဘူး။ သူတို့က Sanction ရုပ်သိမ်းရေး ကြွေးကြော်တာနဲ့အတူ  စစ်အစိုးရကိုပါ အော်ရမှာ  ဖြစ်တယ်။  NLD ကို၊ ဒီမိုကရေစီအင်အားစုတွေကို၊ အရေးယူထားတဲ့ နိုင်ငံကြီးတွေကို အော်ဖို့မဟုတ်ဘူး။ အော်ဖို့လိုတာက စစ်အစိုးရကိုအော်ဖို့ လိုတာ။
(၈) ဒီ Sanction တွေရှိနေခြင်းဟာ မြန်မာပြည်ထဲမှ လူ့အခွင့်အရေးချိုးဖောက်မှု တွေအများကြီးရှိနေလို့ ဖြစ်နေတာပါ။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ ချိုးဖောက်မှုတွေ ရုပ်သိမ်းပါ။ ရုပ်သိမ်းရင် Sanction တွေ လျော့ပါးသွားပါမယ်။ လျော့ပါးသွားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘာဝကျကျ ပေါ်လာပါလိမ့်မယ် လို့ .. ဖြေကြားသွားပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကလည်း ဦးဝင်းတင် သဘောထားအတိုင်းပဲဖြစ်လို့ ထပ်မံမဖော်ပြတော့ပါဘူး။)
၆။ နအဖ စကား ကွဲပြားနေ
၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ပြင်ဦးလွင်မြို့တွင် ကျင်းပတဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ စစ်အစိုးရ အုပ်ချုပ်ခဲ့သည့်အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိသော ကဏ္ဍဟူ၍ မကျန်တော့ကြောင်း  ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင် ပြောကြားထားတာကြောင့် (ဧရာဝတီ ၁၃-၁၂-၂၀၁၀)  ဗိုလ်ချုပ်သိန်းစိန်၊ ဦးဉာဏ်ဝင်း နဲ့ ပိတ်ဆို့မှုရုပ်သိမ်းရေး တောင်းဆိုသူတို့ရဲ့ တောင်းဆိုမှုတွေဟာ အပိုဆာလားဖြစ်နေပြီဆိုတာ ထင်ရှားနေပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ပြောတာနဲ့ သူတို့တောင်းဆိုချက်တွေဟာ တစ်ခြားစီဖြစ်နေပါတယ်။
၇။ အမေရိကန်ရဲ့ ယတိပြတ် အဖြေ
အခုနောက်ဆုံး အာအက်အေ သတင်းအရ အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို စဉ်းစားနိုင်ဖို့ မြန်မာအစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ စေ့စပ်ဆွေးနွေးဖို့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ နဲ့ NLD ကို အသိအမှတ်ပြုဖို့ လိုအပ်ကြောင်း အမေရိကန် အကြီးတန်းနိုင်ငံရေးဝန်ကြီး Joseph Yun ကပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာအစိုးရဘက်က အပြုသဘောတုံ့ပြန်လာရင် နိုင်ငံတကာကလည်း အပြုသဘောဆောင်ရွက် တာတွေ မြင်ရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ကောင်းမွန်တိုးတက် လာတာနဲ့အမျှ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း တုံ့ပြန်ဆောင်ရွက်မှုမျိုး ရှိရမှာဖြစ်ကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun က Jakata Post သတင်းစာကြီးရဲ့အမေးကို အထက်ပါအတိုင်းဖြေကြားကြောင်းသိရပါတယ်။ (အာအက်ဖ်အေ၊ ၂၆-၁-၂၀၁၁)
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုမှာ အဓိကကျတဲ့ အမေရိကန်နိုင်ငံရဲ့သဘောထားကလည်း စစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုရပ်စဲပေးပါ၊ ရပ်စဲတာနဲ့ အမေရိကန်နဲ့နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်း ပေးမှာဖြစ်ကြောင်း ရိုးရိုးရှင်းရှင်းလေး တုံ့ပြန်ဖြေကြားတာဖြစ်ပါတယ်။ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမရပ်စဲပါက စစ်အစိုးရအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းပေးမှာမဟုတ်ဘူး ဆိုတဲ့သဘောပါပဲ။
အမေရိကန်ရဲ့ဆန္ဒနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ မြန်မာပြည်သူများရဲ့ ဆန္ဒဟာ တစ်ထပ်တည်းဖြစ်နေတာ တွေ့ရပါတယ်။
ဒါကြောင့် အထက်ပါပုဂ္ဂိုလ်အသီးသီးတို့ရဲ့ သဘောထား၊ ထင်မြင်ယူဆချက်များ နဲ့ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်များကို သုံးသပ်ခြင်းအားဖြင့်  ခုချိန်မှာ  စီးပွားရေးပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရန် အချိန်မတန်သေးကြောင်း တင်ပြအပ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts