>DeLetMyo – Country of No Return 2

>

ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည် ၂
ဒီလက်မျိုး
ဖေဖော်ဝါရီ ၂၊ ၂၀၁၁
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
ဆင်းရဲမွဲတေမှုတွေနဲ့ ပညာတတ်တွေခေါင်းပါးနေသလို
ဖခင်မဲ့နေတဲ့ ဗိုက်ပူနံကား ကလေးများစွာရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
ခေတ်က ခေတ်ကို ပြန်အလျော်ပေးလိုက်ရတဲ့
အကြီးမားဆုံး  အလျော်အစားတွေရှိသလို
ကျောလေးတခင်းစာအတွက်
ဘ၀မဲ့နေတဲ့ မျက်ရည်စတွေလဲရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
ဒေးဗစ်ကော်ပါဖီးတောင် မတတ်နိုင်တဲ့
ပဉ္စလက်မှော်အတတ်နဲ့
အသပ်ရပ်ဆုံး ရွေးကောက်ပွဲတွေရှိသလို
ခြောက်စားမြောက်စား နဲ့ အကြောက်တရားတွေလည်းရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
ခနလေးပါပဲလို့ ပြောပြီး
တဘ၀လုံးဝေးကွာနေရတဲ့ ညတွေရှိသလို
ကုန်စိမ်းသည်မလေးရဲ့ ညီးညူနေသံတွေလည်းရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
ပူစီမတွေတနေ့တခြားတိုးပွားလာသလို
ငွေတိုးချေးစားပြီး အတိုးရောအရင်းပါပြန်မရတဲ့
အောက်တန်းကျကျ အထက်တန်းစားတွေလည်းရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
မဟော်သဓါ မဖြေရှင်းပေးနိုင်တဲ့
ခိုးသားငါးရာ ရှိသလို
ကျန်စစ်သားတောင် သေသွားနိုင်တဲ့
ခေတ်သစ် ငရမန်ကန်းတွေရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
သူရဲကောင်းတွေရဲ့ အကျဉ်းကျညတွေရှိသလို
တိုင်းပြည်အရုဏ်တက်အတွက်
ငြိမ်းချမ်းရေးမင်းသမီးတလက်လည်း ရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့ တိုင်းပြည်မှာ
တဟုန်းဟုန်းတောက်လောင်နေတဲ့ ပြည်တွင်းစစ်တွေရှိသလို
ကူသူမဲ့ကယ်သူမဲ့ ဘ၀အသစ်တွေလည်းရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
ရောဂါပိုးမွားတွေ တနေ့တခြားတိုးပွားလာသလို
ကုရာနတ္တိ ဆေးရုံမှာ  ဆေးမရှိလို့ သေမယ့်နေ့ကိုစောင့်နေရတဲ့
အရိုးဂေါက်ဂက် မသာလောင်း ပက်လက်တွေလည်းရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်အတွက်
အရိုးကြေကြေ အရေခန်းခန်းလို့ပြောပြီး
ရသမျပိုက်ဆံ အိတ်ထဲထည့်နေတဲ့
ရရစားစား နိုင်ငံရေးသမားအကြီးစားတွေလည်းရှိတယ်။
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်မှာ
အရောင်ပျယ်သွားတဲ့ မုဆိုးမတယောက်ရဲ့ ပါတိတ်ထမီနဲ့တူတဲ့
သုံးရောင်ခြယ်အလံအသစ်ကြီးတလက်လည်းရှိသလို
ဆံဖြူသွားကြိုး စစ်သားအဖိုးကြီးတယောက်လည်း အုပ်ချုပ်တယ်။
ဒီလိုနဲ့
ပြန်မရောက်နိုင်သေးတဲ့တိုင်းပြည်အကြောင်းကို စဉ်းစားမိတော့
ထိထိမိမိကဗျာတပုဒ်ကို ပြန်သတိရတယ်။
“သူခိုးဖမ်းပါ
လမ်းကြားမှာလား …
ပန်ကာအောက်မှာ ထိုင်နေသည် …*” ။
(* ကဗျာဆရာ မောင်ယဉ်မွန်၏ သူခိုးဖမ်းပွဲကဗျာ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts